Latest News

Thursday, August 31, 2017

ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၅၀၀ ကျော်၊ သေဆုံးသူ ၃၂ ဦးအထိ ရှိနေ

ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၅၀၀ ကျော်၊ သေဆုံးသူ ၃၂ ဦးအထိ ရှိနေ

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီမှသြဂုတ် ၁၉ ရက်ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၅၁၉ ကျော်၊ သေဆုံးသူ ၃၂ ဦးထိ ရှိလာပြီး အသက် ၁၅ နှစ်အောက် ကလေးများတွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ရန်ကုန်တိုင်းရဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကတော့ မနှစ်ကထက်စာရင် ဖြစ်ပွားမှုတွေ များနေတယ်။ ပထမလေးလမှာကတည်းက ဖြစ်ပွားမှုနှုန်းက လေးဆလောက်အထိ မြင့်တက်ခဲ့တယ်။ မနှစ်ကထက်စာရင် ဖြစ်ပွားမှုနှုန်း များနေတယ်။ ခုချိန်ထိ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူ ၄၅၀၀ ကျော်၊ သေဆုံးသူ ၃၂ ဦးထိ ရှိပါတယ်။ ဒီနှစ်အတွက်ကတော့ အဖြစ်များတဲ့ ရပ်ကွက်၊ မြို့နယ်တွေကို ရွေးချယ်ပြီး သွေးလွန်တုပ်ကွေးဖြစ်နိုင်တဲ့ ရပ်ကွက်တွေကို ကြိုတင်ပြီး ပိုးလောက်လမ်း နှိမ်နင်းရေးတွေကို ရပ်ကွက်အလိုက် ရပ်ကွက်လုံးကျွတ် လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။ မိုးရာသီဆိုရင် ဖြစ်ပွားမှုနှုန်းက တက်လာတာဖြစ်တဲ့အတွက် အဖြစ်များတဲ့ ရပ်ကွက်တွေကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်နေပါတယ်။ ရန်ကုန်မှာ အဖြစ်များတဲ့ ရပ်ကွက်တွေက လူဦးရေများတဲ့နေရာ၊ လူနေထူထပ်တဲ့နေရာတွေပါ။ လှိုင်သာယာ၊ ဒဂုံမြို့သစ်လေးခု၊ ဒလ၊ သာကေတ၊ မရမ်းကုန်း၊ လှိုင်တို့ အဖြစ်များတယ်။ နှစ်စဉ်လည်း ဒီနေရာတွေက အဖြစ်များပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ခြင်ပေါက်ပွားမည့်နေရာများ နေ့စဉ်စစ်ဆေးရှင်းလင်းရန် လုပ်ငန်းလမ်းညွှန်ကို ရေးဆွဲထားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ခြင်ကျားပေါက်ရာနေရာများ (အလွှာတိုင်းရှိ မြေပြင်နှင့် ကွန်ကရစ်ကြမ်းခင်းတွင် ရေတင်ကျန်နိုင်သော ချိုင့်ခွက်များ၊ ဘိလပ်မြေဖျော်စက် စသည့် စက်များ၊ တိုင်ကီများ၊ ရေကန်များနှင့် အခြားရေသိုလှောင်နိုင်သော ပစ္စည်းများ၊ ယာယီရေမြောင်းများ၊ အမှိုက်ပုံးများ) စသည်ကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ငြမ်းအဖြစ် အသုံးပြုထားသော သစ်ချောင်းများ၊ သံတန်းများနှင့် သံပိုက်များသည် အသုံးပြုပြီးနောက် စုပုံထားတတ်ကြပြီး ထိုနေရာများမှတစ်ဆင့် ခြင်ပေါက်နိုင်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မိုးရေမစိုစေရန် ဖုံးအုပ်ရာတွင် အသုံးပြုသော မိုးရေကာဖျင်/တာလပတ်များသည်လည်း ထိန်းသိမ်းမှုမကောင်းလျှင် ခြင်ကျားလောက်လမ်း ပေါက်ဖွားနိုင်ကြောင်း၊ ဆောက်လက်စ အဆောက်အအုံ (အထူးသဖြင့် အထပ်မြင့်များ)၏ ကြမ်းပြင်များပေါ်တွင် ရေတင်ကျန်နိုင်ပြီး ခြင်ကျားလောက်လမ်းများ ပေါက်ဖွားနိုင်ကြောင်းနှင့် ဆောက်လုပ်ရေး အလုပ်သမားများ၏ စားကြွင်းစားကျန်များ၊ အမှိုက်သရိုက်များကို စနစ်တကျမစွန့်ပစ်ခြင်းကြောင့် လည်းမိုးရေတင်ကျန်နိုင်သော နေရာများဖြစ်လာပြီး ခြင်ပေါက်ဖွားနိုင်ကြောင်း သိရသည်။

ခြင်ပေါက်ဖွားမှုနည်းစေရန် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လိုက်နာဆောင်ရွက်ရန် အချက်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပြီး ရေတင်ကျန်နိုင်သော၊ ရေသိုလှောင်ထားသောနေရာများ အားလုံးကို အသုံးမလိုပါက ရေစုပ်ထုတ်ရန်၊ အသုံးလိုပါက လုံအောင်ဖုံးအုပ်ရန်၊ လောက်လမ်းသေဆေးခတ်ရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိတွင် ချင်းပြည်နယ် အပါအ၀င် တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ပျံ့နှံ့နေပြီး ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်ထိ နှစ်ပေါင်း ၄၀ ကျော်ကာလ အတွင်း ရောဂါဖြစ်ပွားသူဦးရေ လေးဆကျော်အထိ မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment