Latest News

Monday, August 28, 2017

မုတ်သုန်လေအားကောင်းနေလို့ ဒေသတချို့နေရာကွက်မိုးကြီးမယ်

မုတ်သုန်လေအားကောင်းနေလို့ ဒေသတချို့နေရာကွက်မိုးကြီးမယ်

မြစ်ဝကျွန်းပေါ်ဒေသနဲ့ မွန်- တနင်္သာရီကမ်းရိုးတန်းဒေသတွေမှာ မုတ်သုံလေအားကောင်းနေပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေထုမငြိမ်မသက်မှုတွေနဲ့ မုတ်သုံလေ အားကောင်းနေတာကြောင့် ဒေသတချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသနဲ့ မွန်- တနင်္သာရီကမ်းရိုးတန်းဒေသတွေမှာ မုတ်သုံလေ ဆက်လက်အားကောင်းလာနိုင်လို့ ဒေသအချို့တွင်နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီကမ်းရိုးတန်းဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန်တစ်လက်မအထက် ရွာသွန်းဖို့ အလားအလာများနေတယ်လို့ ဆိုပါတယ်။
“အခုဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်ကိုဆက်လက်ရွေ့လျားရင်း အာရေဗျပင်လယ်ရောက်မှ မုန်တိုင်းငယ်ဖြစ်နိုင်ခြေရှိမှာပါ”လို့ ဦးကျော်လွင်ဦးက ပြောပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့ တိုင်းတာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်လျက်ရှိနေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မုတ်သုံလေ အားကောင်းနေရာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးဇလဦးစီးဌာနက ခန့်မှန်းထားပါတယ်။
Source : The Voice.Duwun
Photos : U Tun Lwin Facebook,

No comments:

Post a Comment