Latest News

Sunday, July 2, 2017

YBS ၃၃ ခရီးသည်ယာဉ်နဲ့ ကိုယ်ပိုင်ယာဉ်တိုက်မိကာ ၉ ဦးဒဏ်ရာရရှိ

YBS ၃၃ ခရီးသည်ယာဉ်နဲ့ ကိုယ်ပိုင်ယာဉ်တိုက်မိကာ ၉ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ဇူလိုင် ၂

ဒီကနေ့မနက် ၆နာရီခန့်ကသန်လျင်မြို့ နာရီစင်မီးပွိုင့်လမ်းဆုံမှာ YBS 33 ခရီသည်ယာဉ်နဲ့ အိမ်စီးယာဉ်တိုက်မိကာ လိုင်းကား​ပေါ်မှာ စီးနင်းလိုက်​ပါလာတဲ့ ခရီးသည် ၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ကျိုက်ခေါက်ဘုရားလမ်းနဲ့ သိပ္ပံလမ်းအတိုင်း တောင်မှမြောက်ကိုမောင်းနှင်လာတဲ့ YBS ၃၃ မီနီဘတ် ခရီသည်ယာဉ်နဲ့ အရှေ့မှအနောက်ကိုမောင်းနှင်လာတဲ့ ဟွန်ဒိုင်းအမျိုးအစားမိုးခိုးရောင်အိမ်စီးယာဉ်တို့ဟာ နာရီစင်မီးပွိုင့်လမ်းဆုံအရောက်မှာ ယာဉ်တိုက်မှုဖြစ်သွားခဲ့တာဖြစ်ပါတယ်။

“ YBS ၃၃ ယာဉ်မောင်းက မီးနီချန်ကိုတင်တယ်။ ကိုယ်ပိုင်အိမ်စီးယာဉ်က မီးစိမ်းတော့မယ်ဆိုပြီးထွက်ရှေ့ကိုတိုးတယ်။အဲ့သည်အချိန်မှာ ဘေးနဲ့ခေါင်းနဲ့တိုက်တဲ့သဘောမျိုးပါ။ နှစ်ဖက်စလုံးယာဉ်မဆင်မခြင်မောင်းတဲ့အတွက် နှစ်ယောက်စလုံးကို အရေးယူထားပါတယ်။“လို့ သန်လျင်မြို့ယာဉ်မှုစစ်မှရဲအရာရှိတစ်ဦးကပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် YBS ၃၃မီနီဘတ်ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၉ဦးဒဏ်ရာရရှိကာ သန်လျင်ဆေးရုံကိုပို့ဆောင်ပေးထားရတယ်လို့သိရပါတယ်။

YBS ၃၃မီနီဘတ်ခရီသည်ယာဉ်ကို ကိုဝင်းစိုး အသက်(၃၈)နှစ်မောင်းနှင်လာခဲ့ပြီး ဟွန်ဒိုင်းအမျိုးအစား ကိုယ်ပိုင်ယာဉ်ကို ကိုထွန်းလင်းလျှံထက် အသက် (၂၀)နှစ်မောင်းနှင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုဝင်းစိုးနဲ့ ကိုထွန်းလင်းလျှံထက်တို့ကို သန်လျင်မြို့မရဲစခန်းက (ပ)၇၁/၂၀၁၇ နာကျင်စေမှု ၃၃၇ အပြင်းအထန်နာကျင်စေမှု၃၃၈ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့အမှုဖွင့်​ထားတယ်​လို့ သိရပါတယ်​။

၂၀၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဇန်န၀ါရီလမှ မေလအတွင်း ယာဉ်တိုက်မှု ၁၂၀၉ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၉၆ဦးရှိကာ သေဆုံးသူ ၂၈၄ဦးရှိတယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။
နှင်းနှင်း(Kumudra)

No comments:

Post a Comment