Latest News

Thursday, July 13, 2017

ကိုယ်ရကိုယ်ယူစနစ်ကို YBS ယာဉ်လိုင်း အားလုံး၌ ဇူလိုင် လ(၂၀) ရက်နေ့ အပြီး ဖျက်သိမ်းရမည်

ကိုယ်ရကိုယ်ယူစနစ်ကို YBS ယာဉ်လိုင်း အားလုံး၌ ဇူလိုင် လ(၂၀) ရက်နေ့ အပြီး ဖျက်သိမ်းရမည်

ဇူလိုင် ၁၂ ၊၂၀၁၇၊ ရန်​ကုန်

YBS ယာဉ်လိုင်းအားလုံးသည် ဇူလိုင်လ (၂၀) ရက်နေ့ နောက်ဆုံးထားပြီး  ကိုယ်ရကိုယ်ယူစနစ်  ဖျက်သိမ်းကာ ဝေပုံကျခွဲဝေသည့် စနစ်ဖြင့်သာ ပြေးဆွဲရမည်ဟုအစိုးရအဖွဲ့က အသိပေးခဲ့ကြောင်း  စံဝေလ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၏မန်နေဂျင်းဒါရိုက်တာ ဦးစံဝေလက ပြောသည်။

ဇူလိုင်လ (၁၁) ရက်နေ့တွင် ပြုလုပ်သော တိုင်းအစိုးရနှင့် ယာဉ်ပိုင်ရှင်များ အစည်းအဝေးတွင် ပိုက်ဆံကောက်ခံသည့် စနစ်အစား ပိုက်ဆံပုံးထဲကို ခရီးသည်က ယာဉ်စီးခထည့်သည့် စနစ်ကို ဇူလိုင်လ(၂၀) ရက်နေ့ နောက်ဆုံး ထားဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

“(၂၀) ရက်နေ့ နောက်ဆုံးထားပြီး အဖွဲ့ခွဲပြီး စစ်မယ်။ သူတို့ (တိုင်းအစိုးရ) အဓိက ပြောချင်တာကတော့ ကုမ္ပဏီစနစ်နဲ့ပဲ ပြေးဆွဲတာကို လက်ခံတော့မယ်။ ကိုယ်ရကိုယ်ယူ စနစ်နဲ့ မဟုတ်ဘဲ  ကုမ္ပဏီစနစ် နဲ့ပဲ ပြေးဆွဲဖို့ တွန်းအားပေးတဲ့ သဘောပါပဲ”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် YBS ယာဉ်လိုင်းများ အစည်းအဝေးပွဲသို့တက်​ရောက်ခဲ့သူ ဦးစံဝေလက ပြောသည်။

ဇူလိုင်လ (၂၁) ရက်နေ့မှ စတင်ကာ YBSယာဉ်လိုင်းများတွင် ပိုက်ဆံပုံး အတွင်းယာဉ်စီးခ ထည့်ရသည့် စနစ်မဟုတ်ဘဲ ယာဉ်လုပ်သား (စပယ်ယာ)က ပိုက်ဆံ ကောက်ခံသည့်စနစ်ကို ကျင့်သုံးပါက ယာဉ်လိုင်းအား ဖျက်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အောက်တွင် ပြေးဆွဲနေသော YBS ယာဉ်လိုင်းများသည် ခရီးသွားပြည်သူများအား ဘေးအန္တရယ် ကင်းရှင်းစေရန် အတွက်သော်လည်း ကောင်း၊ မော်တော်ယာဉ်အချင်းချင်း အလုအယက် မောင်းနှင်မှု မရှိစေရန်သော်လည်းကောင်း၊ ရပ်၊ချ၊တင်၊ထွက်စနစ်ဖြင့်မောင်းနှင်နိုင်အောင်ယာဉ်စီးခအားကတ်စနစ်ဖြင့် ပေးချေနိုင်ရန် စီမံနေပြီး၊ ကတ်စနစ်ဖြင့်ယာဉ်စီးခ ပေးချေသည့် စနစ် မစတင်နိုင်သည့် အချိန်အတွင်း ပိုက်ဆံပုံးထောင်ကာ ယာဉ်စီးခ ကောက်ခံသည့် စနစ်ဖြင့် ယာယီ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။

“ကတ်စနစ်မစတင်နိုင်သေးချိန်မှာ ပုံးစနစ်နဲ့ ဝေပုံကျယူတဲ့စနစ်ကိုသွားတဲ့သဘောပါ။ ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေနဲ့ တိုင်းရုံးမှာအစည်းအဝေးလုပ်တယ်။ ယာဉ်ပိုင်ရှင်တော်တော်များများကလည်း ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေရဲ့ဒဏ်ကိုခံထားရတော့ လုပ်ပါ၊ လုပ်ရင် သူတို့လိုက်လုပ်မယ်လို့ ပြောကြတယ်။ ယာဉ်ပိုင်ရှင်အများစုဆီကအဲဒီသဘောထားမှတ်ချက်ကိုကျွန်တော်တို့ရထားပြီးသားပါ” ဟု ခေတ်သစ်ငြိမ်းချမ်းရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်စံက ပြောသည်။

လက်ရှိYBS ယာဉ်လိုင်းအချို့တွင် ယာဉ်စီးခထည့်ရန်ပိုက်ဆံပုံး ပြုလုပ်ထားသော်လည်း ခရီးသည်​ကိုယ်​တိုင်​ ပိုက်ဆံထည့်သွင်းခွင့်မရဘဲ စပယ်ယာက ကောက်ခံနေမှုများ၊အဲကွန်းမပါသည့်ယာဉ်လိုင်းများအနေဖြင့် ခရီးစဉ်အပိုင်းလိုက်ကို (၁၀၀)ကျပ်သာ ကောက်ခံရမည်ဖြစ်သော်လည်း ယာဉ်စီးခကိုပုံသေ (၂၀၀)ကျပ် ကောက်ခံ​​နေမှုများရှိနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက စိစစ်အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
ဓာတ်​ပုံ - ငြမ်း
The Nyang News

No comments:

Post a Comment