Latest News

Saturday, July 22, 2017

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း အိပ်ခ်ျအိုင်ဗွီကြောင့် သေဆုံးနှုန်း ထက်ဝက်ကျော် ကျဆင်းကြောင်း UNAIDS ထုတ်ပြန်

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း အိပ်ခ်ျအိုင်ဗွီကြောင့် သေဆုံးနှုန်း ထက်ဝက်ကျော် ကျဆင်းကြောင်း UNAIDS ထုတ်ပြန်

နယ်စည်းမခြား ဆရာဝန်အဖွဲ့က သာကေတမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဆေးခန်းတွင် လူနာတစ်ဦးအား ဆေးကုသမှု ပေးနေစဉ်
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း အိပ်ခ်ျအိုင်ဗွီကြောင့် သေဆုံးနှုန်း ၅၂ ရာခိုင်နှုန်း (ထက်ဝက်ကျော်) ကျဆင်းသွားကြောင်း ဇူလိုင်၂၀ ရက်တွင် UNAIDS က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သေဆုံးမှုနှုန်းများ ကျဆင်းရခြင်း အဓိက အကြောင်းရင်းမှာ ပြီးခဲ့သည့် နှစ်များအတွင်းက အိပ်ခ်ျအိုင်ဗွီ ကုသမှုများ သိသိသာသာ တိုးမြှင့်ခဲ့ပြီး အဆိုပါ ကုသမှုများကို အစိုးရဌာနများနှင့်အတူ လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် အစိုးရက ကျန်းမာရေး အသုံးစရိတ်များ နှစ်အလိုက် တိုးမြှင့်ခဲ့ရာ ကုသရေးအပိုင်း တိုးမြှင့်ခြင်း၊ ဆေးဝါးထောက်ပံ့မှုအပိုင်း တိုးမြှင့်ခြင်းများ ပါဝင်ကြောင်း သိရသည်။

ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ အသစ်ပေါင်း ၁၁၁၄၉ ခန့် ရှိပြီး နေ့စဉ် လူ ၃၀ ခန့် ရောဂါကူးစက် ခံနေရကြောင်း၊ ၎င်းတို့အနက် ဦးတည်အုပ်စုများဖြစ်သည့် မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများတွင် ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီး လိင်လုပ်သားများတွင် ခုနစ်ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများတွင် ၁၃ ရာခိုင်နှုန်းနှင့် လိင်လုပ်သားများ၏ အမျိုးသားလိင်ဆက်ဆံဖော်များတွင် ၂၃ ရာခိုင်နှုန်းထိ ရှိနေပြီး ရောဂါပိုး ကူးစက်ခံသူအသစ် စုစုပေါင်း၏ ရာခိုင်နှုန်း ၇၀ ကျော်အထိ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်အတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် အမျိုးသား ကျန်းမာရေး စီမံကိန်းတွင် အဓိက ဦးစားပေး တိုက်ဖျက်ရမည့် ရောဂါများ စာရင်းတွင် ထည့်သွင်းပြီး ရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် အေအာတီနှင့် အခြားသော ဆေးပစ္စည်းများ အပါအ၀င် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရမှုကို ကုသရန်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းနှင့် မက်သဒုန်း စုဆောင်းရန်အတွက် အမေရိကန်ဒေါ်လာ တစ်သန်း သုံးစွဲခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

ခုခံအားကျဆင်းမှုရောဂါ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၀ ကို ရေးဆွဲထားပြီး ၂၀၃၀ ပြည့်နှစ်တွင် အိပ်ခ်ျအိုင်ဗွီရောဂါ ဖြစ်ပွားမှုကို ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေသော ကပ်ရောဂါအဖြစ်မှ အဆုံးသတ်ရန် ရည်ရွယ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

မဟာဗျူဟာသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ကတိက၀တ်နှင့် ယခင်က ချမှတ်ခဲ့သည့် အမျိုးသားမဟာဗျူဟာ စီမံကိန်း (၂) ၏ အောင်မြင်မှုများအပေါ် အခြေခံရေးဆွဲထားခြင်းဖြစ်ကြောင်း၊ အကျိုးသက်ရောက်မှု အကြီးမားဆုံး ရရှိစေရန်အတွက် ပထ၀ီဝင်/ဒေသဆိုင်ရာ လူဦးရေနှင့် ဦးစားပေးဆောင်ရွက်ချက်များ သတ်မှတ်၍ ဦးတည်ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပြသထားကြောင်းနှင့် မဟာဗျူဟာသည် အိပ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံထားရသူများ၊ မူးယစ်ဆေးထိုးသွင်း သုံးစွဲသူများ၊ အမျိုးသားအချင်းချင်း လိင်ဆက်ဆံကြသူများ၊ လိင်အလုပ်သမားများနှင့် သူတို့နှင့် လိင်ဆက်ဆံဖက်များ အပါအ၀င် ဦးတည်အုပ်စုများနှင့် ရောဂါပိုး၏ ဆက်နွှယ်ထိခိုက်မှုကို ခံစားနေရသည့်သူများ၏ လူ့အခွင့်အရေးနှင့် ကျား၊ မ တန်းတူညီမျှမှုကို ကာကွယ်ရန်နှင့် မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းအတွက် ၀န်ကြီးဌာနနှင့် အခြားအလှူရှင် အဖွဲ့အစည်းများ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ သန်း ၃၈၀ အသုံးပြုရန် လျာထားကြောင်း သိရသည်။

အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားပိုး တိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund to Fight AIDS) ကပင် လက်ရှိတွင် အလှူငွေ၏ ထက်ဝက်ခန့်ကို ပံ့ပိုးပေးလျက်ရှိကြောင်းနှင့် ၀န်ကြီးဌာနက ငှက်ဖျားရောဂါ ကင်းဝေးရေး၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးနှင့် အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ဦးတည်သည့် အမျိုးသား မဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၀)သုံးခု ကို ရေးဆွဲလုပ်ဆောင်နေရာ ယင်းလုပ်ငန်းများအတွက် Global Fund က ၂၀၂၀ ပြည့်နှစ်အထိ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၉၇ သန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment