အကြီးကျယ်ဆုံး သောအလုပ်အကိုင်
အိမ်ထောင်ရှင်မတစ်ဦး ကားမောင်းလိုင်စင် ပြုလုပ်ရန် ရောက်လာပြီး တာဝန်ရှိဝန်ထမ်းတစ်ဦးနှင့် တွေ့ဆုံကာ ကိုယ်ရေးအကျဉ်းကို ဖြည့်စွက်ရသည်၊
ဝန်ထမ်း ။ ။ အလုပ်အကိုင်ရှိရင် ပြောပါ၊
သူမ ။ ။ ရှိပါတယ်၊ အမေပါ၊
ဝန်ထမ်း ။ ။ အမေဆိုတာ အလုပ်ရာထူး မဟုတ်ပါဘူး၊ အလုပ်အကိုင်မရှိ ဒါမှမဟုတ် မှီခိုလို့ သတ်မှတ်ပါတယ်၊
သူမမှာ စိတ်မကောင်းဖြစ်သွားသည်၊ အမှန်မှာ သူမသည် ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်သည်၊ ပြင်ပအလုပ် မလုပ်သော်လည်း ပြင်ပအလုပ်လုပ်သူများထက်ပင် အလုပ်များသူတစ်ဦးဖြစ်သည်၊ ပညာတတ်သည် မတတ်သည်မှာ အဓိကမဟုတ် မိခင်တစ်ဦးကို ဘာမျှ အလုပ်အကိုင်မလုပ်ဘဲ မှီခိုစာရင်းထဲ ထည့်ခြင်းခံသည်ကို မိခင်အားလုံးကိုယ်စား စိတ်ပျက်မိတော့သည်၊
နောက်နှစ် အနည်းငယ်ကြာသော် ကားမောင်းလိုင်စင်သက်တမ်းတိုးရန် သွားသောအခါတွင်လည်း လိုင်စင်စတင်လုပ်စဉ်က တွေ့ခဲ့ရသော ဝန်ထမ်းနှင့်ပင်ပြန်တွေ့ရသည်၊
ဝန်ထမ်း ။ ။လက်ရှိ အမရဲ့အလုပ်အကိုင် ပြောပါ
သူမ ။ ။ ပြုစုပျိုးထောင်ရေးဌာန တာဝန်ခံပါ
ဝန်ထမ်း ။ ။ဒါဆိုတာဝန်ကြီးတာပေါ့နော်၊
သူမ ။ ။ဟုတ်ပါတယ်၊ တနေ့မှာ ၁၄ နာရီလောက်အလုပ်ရှိပါတယ်၊ တခါတလေ ၂၄ နာရီ လုံးလိုသလို လုပ်ရပါတယ်
ဝန်ထမ်း ။ ။(စိတ်ဝင်စားလာ၍) အဲဒီ အလုပ်လုပ်တာကြာပြီလား၊ ဘယ်လောက်အရေးကြီးလို့လဲ
သူမ ။ ။ ကြာပါပြီ၊ နောက်နှစ် တော်တော်ကြာအောင်ဆက်လုပ်ရအုံးမှာပါ၊ ဌာနခွဲတွေရှိတယ်ဆိုပေမဲ့ အားလုံးကိုကျွန်မဘဲ တာဝန်ယူ အလုပ်လုပ်တယ်၊ သုတေသနလည်း တခါတလေ လုပ်ရသေးတယ်၊ တကယ်တော့ ဒီ ပြုစုပျိုးထောင်ရေးအလုပ်က နိုင်ငံတစ်နိုင်ငံ မဆိုထားနဲ့ တစ်ကမ္ဘာလုံးအတွက်ပါအရေးကြီးတယ်၊ လူသားအားလုံးအတွက် အရေးကြီးတဲ့အလုပ်ပါ၊ အခြား အလုပ်တွေထက်လည်း ခက်ခဲတယ်
“ဒါဆို အစ်မကြီး လစာကောင်းမှာပေါ့နော်”
သူမ ။ ။လစာအကြောင်းတော့ မပြောပါနဲ့၊ ကျွန်မက လစာယူပြီး အလုပ်လုပ်တာမဟုတ်ပါဘူး၊ စိတ်ကျေနပ်ပျော်ရွှင်မှု့တွေသာရအောင်ယူတာပါ
အားလုံးမေးမြန်း ဖြည့်စွက်ပြီးသော အခါ ဝန်ထမ်းက တံခါးဝ အထိ တလေးတစား လိုက်ပို့ပေးသည်
သူမက ဝန်ထမ်းကို “ကျွန်မရဲ့အလုပ်ရာထူးကို နောက်တမျိုးခေါ်သေးတယ်၊ အဲဒါကတော့ “အမေ” ပါပဲ” ဟု လှမ်းပြောလိုက်သည်
ဝန်ထမ်းမှာ ဤတကြိမ်တွင်တော့ အမေအလုပ်၏ အရေးပါမှုကို သိသွားပြီ ဖြစ်သဖြင့်
“လေးစားပါတယ်ခင်ဗျာ၊”
ဟု နှစ်နှစ်ကာကာ ပြန်ပြောလိုက်လေတော့သည်။ ။
(Credit to original foreign writer.)
လူပိန်း (ရိုးရာလေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment