Latest News

Wednesday, July 12, 2017

စစ်ဘေးသင့်ပြည်သူတွေအပေါ် အစိုးရထောက်ပံ့မှု ကွက်ကြားမိုးရွာသလိုဖြစ်နေ

စစ်ဘေးသင့်ပြည်သူတွေအပေါ် အစိုးရထောက်ပံ့မှု ကွက်ကြားမိုးရွာသလိုဖြစ်နေ

စစ်ဘေးသင့်ြ့ပည်သူတွေအပေါ် အစိုးရရဲ့ ထောက်ပံ့မှုဟာ ကွက်ကြားမိုးရွာသလိုဖြစ်နေ တယ်လို့ နမ္မတူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က  ဝေဖန်ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ဇူလိုင် ၁၂ ရက် ပြည်သူ့လွှတ်တော်မှာ နမ္မတူမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးသင့်ပြည်သူတွေကို သစ်တောကြိုးဝိုင်းမှာ ခေတ္တနေထိုင်ခွင့်ပြုဖို့နဲ့ ဘဝရေရှည်ရက်တည်နိုင်ဖို့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေကို နိုင်ငံတော်အနေနဲ့ ဘယ်လိုမူဝါဒတွေနဲ့ လုပ်ဆောင်နေလည်း ဆိုတဲ့ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါတယ်။

ပြည်တွင်းစစ်ကြောင့်ထွက်ပြေးလာတဲ့ ပြည်သူတွေကို နိုင်ငံတော်က လစ်လျူရှုသလို ဖြစ်နေတယ်လို့ မေးခွန်းရှင် ဒေါ်နန်းခမ်းအေးက ပြောပါတယ်။

“စစ်ဘေးရှောင်တွေအတွက် နိုင်ငံတော်က အနည်းငယ်သာ ထောက်ပံ့မှုပေးနေတာဟာ ကုစားမှုတစ်ခု မဟုတ်ပါဘူး။ ဝန်ဆောင်မှုများရင် ဈေးကွက်စီးပွားရေးစနစ်အောင်မြင်ပေမယ့် စစ်ဘေးရှောင်တွေကို ထောက်ပံ့မှုများလို့ရင် သူတို့ရဲ့ ပိုမိုလျော့ပါးနိမ့်ကျစေပါတယ်။ ဒါပေမယ့် အခုအခြေအနေမှာ စစ်ဘေးရှောင်တွေကို အဖြစ်သဘောလောက်သာ ထောက်ပံ့ပေးနိုင်ပြီး မျက်ကွယ်ပြုသလိုဖြစ်နေတဲ့အတွက်ကြောင့် သူတို့ရဲ့ လူနေမှုဘဝကို ဆိုးရွားတဲ့အခြေအနေကို တွန်းပို့သလိုဖြစ်နေပါတယ်။ စောစောက ထောက်ပံ့နေပါတယ်ဆိုတဲ့ ပစ္စည်းတွေဟာ မိုးလေဝသ ကြေညာသလို ကြေညာရရင် နေရာကွက်ကြားမိုးရွာ နေပါတယ်။”

ဒေါ်နန်းခမ်းအေးရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အစိုးရအနေနဲ့ စစ်ဘေးရှောင်ပြည်သူတို့ရဲ့ လူသားဘဝလုံခြုံရေးအတွက် အိမ်ရာဆောက်လုပ်ရေး၊ လုပ်ကိုင်စား သောက်နိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရရဲ့ မူဝါဒနဲ့အညီ ဦးစားပေးဆောက်ရွက်နေတယ်လို့ ဖြေဆိုခဲ့ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးမြန်းချက်ပါ ပြည်တွင်စစ်ဘေးဒဏ်သင့်နဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် သစ်တောကြိုးဝိုင်းမှာ ခေတ္တနေထိုင်သူတွေရဲ့ ရေရှည်အသက်ရှင် ရပ်တည်နိုင်ရန်၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ရန်နဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ လူသားဘဝ လုံခြုံရေးတို့အတွက် မြေနေရာရရှိရေး၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေး၊ အိမ်ရာဆောက်လုပ်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးတို့ကို နိုင်ငံတော် အစိုးရ ရဲ့ မူဝါဒနဲ့အညီ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ပူးပေါင်းပြီး ဦးစားပေးအလိုက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်ဖြေကြားအပ်ပါတယ်။”

ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်ရဲ့ ဖြေဆိုမှုဟာ မြေပြင်အခြေအနေနဲ့ကင်းကွာနေတယ်၊ လူမျိုးစုတစ်စုနဲ့သာသက်ဆိုင်တာမဟုတ်ဘဲ နိုင်ငံတော်တစ်ခုလုံးနဲ့ သက်ဆိုင်တာကြောင့် နေရပ်ပြန်အချိန် အတိအကျမသိရှိရသေးတဲ့ စစ်ဘေးသင့်ပြည်သူတွေရဲ့ ဘဝကို အလုံးစုံ ထောက်ပံ့ပေးနိုင်ခြင်း မရှိရင်တောင် အကြောက်တရားကင်းကင်းနဲ့ နေထိုင်နိုင်ဖို့ အစိုးရအနေနဲ့ လုပ်ဆောင်ပေးသင့်တယ်လို့  လွှတ်တော်အမတ် ဒေါ်နန်းခမ်းအေးက တိုက်တွန်း ပြောပါတယ်။

ရှမ်းပြည်နယ် လားရှိုးမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေအားလုံးကို ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဒုဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောပါတယ်။
DVB

No comments:

Post a Comment