Latest News

Wednesday, July 5, 2017

မလေးရှားရောက် မြန်မာလုပ်သားများအတွက် လုံခြုံရေးနှင့် ဥပဒေအကာအကွယ် ရရှိရေး နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရ

မလေးရှားရောက် မြန်မာလုပ်သားများအတွက် လုံခြုံရေးနှင့် ဥပဒေအကာအကွယ် ရရှိရေး နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရ

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအတွက် လုံခြုံရေးနှင့် ဥပဒေအကာအကွယ် ရရှိရေး နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“မလေးရှားနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ပုံမှန်ဆက်ဆံမှု ရှိပါတယ်။ မလေးရှားနိုင်ငံ ရောက်နေတဲ့ ကျွန်တော်တို့ လုပ်သားတွေအတွက်ကိုလည်း သတင်းရယူပြီးတော့မှ မလေးရှားအာဏာပိုင်တွေနဲ့ သံရုံးက တာဝန်ရှိသူတွေ ပေါင်းစပ်ပြီးတော့မှ သူတို့ရဲ့ လုံခြုံရေး၊ လုပ်ငန်းခွင်သာယာရေးကို ညှိနှိုင်းဆောင်ရွက် ပေးနေပါတယ်။ အလားတူပဲ အသတ်ခံရတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေ၊ အလုပ်သမားတွေ ကိစ္စကိုလည်းပဲ ဥပဒေနဲ့အညီ ဥပဒေဘောင်အတွင်းက ဆောင်ရွက်လျက်ရှိပါတယ်။ ဆက်လက်ပြီး မလေးရှားမှာရှိတဲ့ သံအဖွဲ့ဝင်တွေက မလေးရှားနိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့ လုပ်သားတွေအတွက် ဥပဒေနဲ့အညီ အကာအကွယ်ရှိဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“သတ်ဖြတ်မှုခံရတဲ့ကိစ္စကို မလေးရှားနိုင်ငံ အနေနဲ့လည်း ဥပဒေနဲ့အညီ စုံစမ်းနေပါတယ်။ ဖော်ထုတ်ရရှိတဲ့ အခါမှာလည်း ကျွန်တော်သံရုံးအနေနဲ့လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ဆက်လက်ပြီး ကျွန်တော်နိုင်ငံသားများအတွက် လုံခြုံမှုရရှိရေးကို မလေးရှားနိုင်ငံနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားပါမယ်လို့ ဖြေကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် မလေးရှားနိုင်ငံတွင် E ကတ်မရှိသည့် တရားမ၀င် လုပ်သားများကို ဖမ်းဆီးလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ၂ ရက်အထိ တရားမ၀င်လုပ်သား ၁၀၃၅ ဦး ဖမ်းဆီးထားပြီး မြန်မာလုပ်သား ၁၀၂ ဦး ပါဝင်ကြောင်း သိရသည်။

“အဲဒီနိုင်ငံမှာရှိတဲ့ သံအရာရှိနဲ့ အဖွဲ့တွေက ဒီကိစ္စကို အနီးကပ် စောင့်ကြည့်ပြီးတော့မှ မြန်မာအလုပ်သမားများ အတွက် အကောင်းဆုံး အခြေအနေဖြစ်အောင် တစ်ဖက်နိုင်ငံမှာရှိတဲ့ အလုပ်သမား ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်နေသလို ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ကလည်း လိုအပ်တဲ့ ကူညီဆောင်ရွက်မှုတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကျွန်တော်တို့နဲ့ မလေးရှားနိုင်ငံက ပုံမှန်ဆက်ဆံမှု ရှိနေပြီးတော့ အလုပ်သမား ကိစ္စမှာလည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မလေးရှားသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများကို မသွားရောက်မီ တာဝန်ရှိသူများက ပညာပေးမှု၊ သတင်းပေးမှုများ ဆောင်ရွက်သကဲ့သို့ ရောက်ရှိချိန်တွင်လည်း ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ ရရှိအောင် ဆောင်ရွက်ပေးနေကြောင်း ၀န်ကြီးက ပြောကြားသည်။

မလေးရှားနိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်ခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှ စတင်ရပ်ဆိုင်းခဲ့ပြီး ပြီးခဲ့သည့် ဇန်န၀ါရီ ၁ ရက်မတိုင်မီ ထုတ်ပေးထားသည့် အလည်အပတ် နိုင်ငံကူး လက်မှတ်များဖြင့် အလုပ်သမား စေလွှတ်ခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၄ ရက်က ထုတ်ပြန်ခဲ့သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာမှစ၍ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားရေးရာနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သောအမှု ၅၆ မှုရှိပြီး လျော်ကြေးရလိုသည့် အမှုများ အပါအ၀င် ၅၅ မှုမှာ တရားဥပဒေနဲ့အညီ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် တစ်မှုမှာ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းကြောင့် လျော်ကြေးငွေ ရရှိရန် စောင့်ဆိုင်းနေရခြင်း ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားသည်

Eleven Media Group

No comments:

Post a Comment