Latest News

Monday, July 10, 2017

ဘူးသီးတောင်တိုက်ပွဲ အကြမ်းဖက်ဘင်္ဂလီ ၂ ဦးသေဆုံးပြီး ၁ ဦးကို ​​လက်နက်​​​ဖြင့်​​​အရှင်ဖမ်းဆီးရမိ

ဘူးသီးတောင်တိုက်ပွဲ အကြမ်းဖက်ဘင်္ဂလီ ၂ ဦးသေဆုံးပြီး ၁ ဦးကို ​​လက်နက်​​​ဖြင့်​​​အရှင်ဖမ်းဆီးရမိ

ဇူလိုင် ၉ ရက်၊ ၂၀၁၇ ခုနှစ် (DMG)

 ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တင်းမေရွာအနီးမှာ ယနေ့ (ဇူလိုင်လ ၉ ရက်နေ့)၊ နံနက်ပိုင်းအချိန်က အကြမ်းဖက်ဘင်္ဂလီများနှင့် တပ်မတော် ခမရ ၅၅၂ တပ်ရင်းက စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့၍ အကြမ်းဖက်ဘင်္ဂလီ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးအား လက်နက်တစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတာဝန်ယူဆောင်ရွက်နေသော ဒုရဲမှူးကြီးတစ်ဦးက DMG ကို အတည်ပြုပြောကြားသည်။

ဘင်္ဂလီအကြမ်းဖက်များသည် လက်နက်များနှင့်အတူ တင်းမေရွာအတွင်း ရောက်ရှိပြီး ခိုအောင်းနေသည်ဟု  သတင်းအရ တပ်မတော်က ရှင်းလင်းရေးဆောင်ရွက်စဉ် ပြန်လည်ခုခံပစ်ခတ်ခဲ့မှုကြောင့် အချိန်တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အကြမ်းဖက်ဘင်္ဂလီများသည် ဘူးသီးတောင်၊ မောင်တောနှင့်ရသေ့တောင်မြို့နယ်အတွင်းရှိ ဘင်္ဂလီကျေးရွာများက ကျေးရွာသားများကို ခြိမ်းခြောက်သတ်ဖြတ်ပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် စည်းရုံးသိမ်းသွားမှုများ လုပ်ဆောင်နေကြသည့်အတွက် အပြစ်မဲ့ပြည်သူ ၄၁ ဦး သေဆုံးသွားခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၂၃  ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သတ်ပြီး လိုအပ်သော ဒေသများတွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးယူဆောင်ရွက်ချက်များအပေါ် အစိုးရအဖွဲ့၏ တာဝန်ယူမှုကို အာမခံနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၃ (ခ)ပါအတိုင်း နိုင်ငံတော်သမ္မတက စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်ပေးရန်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် (၁၄)ပါတီက သဘောထားထုတ်ပြန်ထားသည်။

အကြမ်းဖက်ဘင်္ဂလီများသည် ပြည်ပနိုင်ငံအဖွဲ့အစည်းများက လက်နက်များနှင့် ငွေကြေးထောက်ပံ့မှုများရယူပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို အခြေအနေမတည်ငြိမ်အောင် ရည်ရွယ်ပြီး ခြိမ်းခြောက်အကြမ်းဖက်မှုများ ပြုလုပ်နေကြသည့်အတွက် ရခိုင်တိုင်းရင်းသားများ စိုးရိမ်မှုများ၊ နေရပ်စွန့်ခွာပြီး ပြောင်းရွှေမှုများ ပြုလုပ်လာကြသည်ဟုလည်း မောင်တောဒေသများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်သမားများကြောင့် မောင်တောဒေသ ရဲကင်း​စခန်းသုံးခု တိုက်ခိုက်ခံခဲ့ရပြီး  ရဲတပ်သား ၉ ယောက်သေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် မောင်တောဒေသရှိ ရခိုင်တိုင်းရင်းသား အယောက် (၂၀၀၀)ကျော်ခန့် နေရပ်စွန့်ခွာခဲ့ရသည်။

ရေးသားသူ: မြင့်မြတ်ဖြူ
မြင့်မြတ်ဖြူ၊ ဖဒူ ထွန်းအောင်
Development Media Group

No comments:

Post a Comment