Latest News

Thursday, July 13, 2017

ရွှေတုံးများမှ အခွန်ငါးရာခိုင်နှုန်း မကောက်ရန် သမ္မတရုံးသို့ တင်ပြ

ရွှေတုံးများမှ အခွန်ငါးရာခိုင်နှုန်း မကောက်ရန် သမ္မတရုံးသို့ တင်ပြ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ရွှေတုံးများ ရောင်းချခြင်းအပေါ်မှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း မကောက်ခံရန် ဆုံးဖြတ်ထားသည့် အတွက် ယင်းဥပဒေကို ပြင်ဆင်နိုင်ရန် ဇူလိုင်လ ဒုတိယပတ်အတွင်း၌ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ထိုမှတစ်ဆင့် ယင်းကုန်သွယ်ခွန် ငါးရာခိုင်နှုန်းကို ပယ်ဖျက်ရန် ဆက်လက်၍ လွှတ်တော်သို့ တင်ပြမည်ဖြစ်သော်လည်း ရွှေထည်များ ရောင်းချခြင်းအပေါ်မှ ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်း ကောက်ခံခြင်းကိုမူ ပယ်ဖျက်မည် မဟုတ်ကြောင်း ယင်းဌာနထံမှ သိရသည်။

၂၀၁၇ အခွန်အကောက် ဥပဒေတွင် ရွှေဆိုင်များ၌ ရွှေတုံးစရောင်း ဝယ်ပါက အခွန်ငါးရာခိုင်နှုန်းနှင့် ရွှေထည်များ ရောင်းဝယ်ခြင်းမှ ကုန်သွယ်ခွန် တစ်ရာခိုင်နှုန်း ပေးဆောင်ရန် ထည့်သွင်းထားသည်ကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ရွှေတုံးများအပေါ်မှ အခွန်မကောက်ရန် လွှတ်တော်သို့ ပြန်လည် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

“အခုတော့ ဝန်ကြီးရုံးနဲ့ သမ္မတရုံးကို တင်ပြီးပြီ။ သမ္မတရုံးကို ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်လောက်က တင်ထားတာ။ အဲဒီကနေမှတစ်ဆင့် လွှတ်တော်ကို သဝဏ်လွှာအနေနဲ့ တင်မှာပါ။ သူတို့က မကောက်ဖို့ ဆုံးဖြတ်တယ်ဆို မကောက်ရတော့ဘူးပေါ့”ဟု ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းပြသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂၀၁၇ အခွန်ဥပဒေကြမ်းကို ရေးဆွဲစဉ်က ရွှေတုံးများပေါ်တွင် အခွန်ကောက်ရန် ထည့်သွင်း ရေးဆွဲထားခြင်း မရှိသော်လည်း ယင်းဥပဒေကြမ်းကို လွှတ်တော်၌ ဆွေးနွေးစဉ် ရွှေတုံးများအပေါ်မှ အခွန် ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရွှေတုံးများအပေါ်မှ အခွန်ငါးရာခိုင်နှုန်း ကောက်ခံခြင်းကြောင့် ရွှေတုံး အရောင်းအဝယ် အေးစက်ခဲ့ပြီး ထိုသို့ အခွန်မကောက်ခံတော့ပါက ရွှေတုံး အရောင်းအဝယ် ပြန်လည် ဖြစ်ပေါ်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။
The Voice

No comments:

Post a Comment