Latest News

Thursday, July 13, 2017

ဓာတ်အားခ ပြောင်းလဲကောက်ရန် ပြင်ဆင်မှု နောက်ဆုံးအဆင့် ရောက်ပြီဟုဆို

ဓာတ်အားခ ပြောင်းလဲကောက်ရန် ပြင်ဆင်မှု နောက်ဆုံးအဆင့် ရောက်ပြီဟုဆို

လျှပ်စစ်ဓာတ်အားခများ ပြောင်းလဲ ကောက်ခံရန် ပြင်ဆင်မှု နောက်ဆုံး အဆင့် ရောက်ရှိပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က  ပြောကြားသည်။

“မီတာခတွေ ပြောင်းလဲမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ကို ရောက်ရှိနေ ပါပြီ။ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ နောက်ဆုံးအဆင့် လုပ်ပြီးပြီ၊ လွှတ်တော်ကို တင်မှာပါ။ ဒီလွှတ်တော်တော့ မီချင်မှ မီမယ်။ ဒါပေမဲ့ နောက်လွှတ်တော် အစောပိုင်းကာလမှာ ဖြစ်လာဖို့ ခန့်မှန်းထား တယ်”ဟု ၎င်းကဆိုသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးကို ကျင်းပနေခြင်းဖြစ်ပြီး ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဦးဌေးအောင်က ဆက်လက် ရှင်းပြသည်။

သို့သော်  ပြောင်းလဲကောက်ခံမည့် ဓာတ်အားခ နှုန်းထားများကို အသိပေး ပြောကြားခဲ့ခြင်း မရှိပေ။

လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ပြောင်းလဲကောက်ခံရန် စီစဉ်လျက်ရှိရာတွင် အခြေခံ လူတန်းစားများကို မထိခိုက်စေရန် နှုန်းထားများကို သတ်မှတ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားမှုများ ရှိခဲ့ပြီး ကုန်သည်/စက်မှုအသင်း ကလည်း ဓာတ်အားခ သုံးစွဲမှုများ တိုးမြှင့်ကောက်ခံရန် တင်ပြမှုများလည်း ရှိခဲ့သည်။

လျှပ်စစ်ဓာတ်အားခများ ပြောင်းလဲ သတ်မှတ်ရန် ပြည်နယ်နှင့် တိုင်းဒေ သကြီး အသီးသီးရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးများကို နှုန်းထားများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီးဖြစ်ကာ အတည်ပြုသတ်မှတ်ရန် လွှတ်တော် ကိုယ်စားလှယ်များနှင့် နောက်ဆုံးအဆင့် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးဌေးအောင်က ဆက်လက် ရှင်းပြသည်။

လက်ရှိတွင် လျှပ်စစ် ဓာတ်အား တစ်ယူနစ်လျှင် ပျမ်းမျှ ၉၃ ကျပ်နှုန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး အခြေခံလူထုကို အိမ်သုံးမီတာများ၌ တစ်ယူနစ်လျှင် ပျမ်းမျှ ၃၅ ကျပ်၊ ၄၀ ကျပ်နှင့် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်းနှင့် ဓာတ်အားသုံးစွဲမှုများသည့် ယူနစ်ကန့် သတ်ချက်များကိုသာ ပြောင်းလဲ သတ်မှတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေး တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လက်ရှိတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်း ကျော်ကို သုံးစွဲနေသော ရန်ကုန်မြို့၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုတွင် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ရောင်းချရသည့်ယူနစ် ပမာဏမှာ အဓိက အများဆုံးဖြစ်နေပြီး သုံးစွဲမှု၏ ၂၆ ရာခိုင်နှုန်းရှိကြောင်းနှင့် ယူနစ် နှစ်ရာနှင့်အထက်လျှင် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံပြီး သုံးစွဲမှု၏ ၂၂ ရာခိုင်နှုန်းရှိကာ ဒုတိယ အများဆုံးဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အိမ်သုံးမီတာများကို ပြောင်းလဲ ကောက်ခံရာတွင် ယူနစ် ၁၀ဝ အထိ လက်ရှိနှုန်းထား ၃၅ ကျပ်အတိုင်း ထားပြီး ၁၀ဝ ယူနစ်အထက်မှ ၂၀ဝ ယူနစ်အထိ ၄၀ ကျပ်အစား ၅၀ ကျပ်၊ ၂၀ဝ ယူနစ်အထက် မှ ၃၀ဝ ယူနစ်အထိ ၅၀ ကျပ်အစား ၇၅ ကျပ်သို့လည်းကောင်း၊ ၃၀ဝ ယူနစ် အထက်မှ ၄၀ဝ ယူနစ်အကြား ၅၀ ကျပ်မှ ၁၀ဝ ကျပ်အထိလည်းကောင်း၊ ၄၀ဝ ယူနစ်အထက်မှ ၅၀ဝ ယူနစ်အထိကို ၁၅၀ ကျပ်အထိလည်းကောင်း အသီးသီး  တိုးမြှင့်သင့်ကြောင်း ကုန်သည်/စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဇွန်လ ၂၄ ရက်က အစိုးရသို့ အကြံပြုထားသည်။
The Voice

No comments:

Post a Comment