Latest News

Thursday, July 6, 2017

နော်ဝေနိုင်ငံက မြန်မာနိုင်ငံ အတွက် အကူအညီငွေ ခရိုနာ သန်း ၂၅၀ ပေးအပ်

နော်ဝေနိုင်ငံက မြန်မာနိုင်ငံ အတွက် အကူအညီငွေ ခရိုနာ သန်း ၂၅၀ ပေးအပ်

နော်ဝေနိုင်ငံက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ အတွက် ခရိုနာငွေ သန်း ၂၅၀ လောက် ထည့်ဝင် ကူညီမယ်လို့ နော်ဝေ သံရုံးက ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် ခရီး ရောက်ရှိနေတဲ့ နော်ဝေ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဂဲဘရန်ဒဲယ် ဟာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံပြီးနောက် အခုလို ကြေညာလိုက်တာပါ။

နော်ဝေနိုင်ငံ အနေနဲ့ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှု တွေနဲ့ ဒီမိုကရေစီ ဖြစ်စဉ်ကို ဆက်လက်ပြီး တက်တက် ကြွကြွ ကူညီပေးသွားမယ်လို့ နော်ဝေ နိုင်ငံခြားရေး ၀န်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အလေးထား ပြောကြားခဲ့တဲ့ အကြောင်းလည်း နော်ဝေ သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေ တွေ့ဆုံရာမှာ  နော်ဝေနဲ့ မြန်မာနိုင်ငံ အကြား စွမ်းအင်၊ လျှပ်စစ်၊ ငါးလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်လက် ပူးပေါင်း တိုးမြှင့် ဆောင်ရွက်ဖို့ကိစ္စ၊၊ မြန်မာ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်မှုတွေမှာ  နော်ဝေနိုင်ငံ အနေနဲ့ ဆက်လက်ပံ့ပိုးသွားမည့် နည်းလမ်းတွေ ဆွေးနွေးခဲ့ တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ပံ့ပိုးပေးမယ်ကိစ္စတွေအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို  နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံလွင်ခန်းမမှာ ဒီကနေ့မနက်က ပြုလုပ်သွားပါတယ်။

DVB

No comments:

Post a Comment