Latest News

Sunday, July 2, 2017

သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စုဒ္ဒသမအစည်းအဝေး ပထမနေ့ကျင်းပ

သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စုဒ္ဒသမအစည်းအဝေး ပထမနေ့ကျင်းပ

ရန်ကုန်   ဇူလိုင်   ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စုဒ္ဒသမအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၈ နာရီတွင်  ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း/အမှုထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂဓမ္မက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်တော်မူသည်။

အခမ်းအနားမှူးဆရာတော်က    အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီး များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးထမြောက် အောင်မြင်ကြောင်း ကြေညာသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူသည်။ (သာရဏီယသြဝါဒကထာကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာ များ လျှောက်ထားရာတွင်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် သက်တမ်းအားဖြင့် ၃၇ နှစ်ရှိခဲ့ပြီဖြစ်ပြီး အဆိုပါ လွန်ခဲ့သောကာလများအတွင်း သံဃာ့ကိစ္စများကို အချိန်အခါ အခြေအနေအရ လိုက်လျောညီထွေ ဆောင်ရွက် နိုင်ရေးအတွက် သံဃာ့အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ ဝိနိစ္ဆယလက်စွဲတို့ကို နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးကြီးများသို့ တင်ပြအတည်ပြုချက်ရယူပြီး ပြင်ဆင်ခဲ့သည်များကို တွေ့ရှိရပါကြောင်း။

သာသနာတော် သန့်ရှင်းရေးလုပ်ငန်းများအနေဖြင့် ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း၊   အဓမ္မဝါဒ၊ သမဏသာရုပ္ပ မဖြစ်သော ကြည်ညိုဖွယ် မဆောင်သည့်အမှုများကို ဖြေရှင်းဆောင်ရွက်ရာ၌ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့သည် ဝိနည်းဓမ္မကံ လုပ်ထုံး လုပ်နည်း၊ ဝိနိစ္ဆယလက်စွဲ၊ ညွှန်ကြားလွှာများနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်၊မြို့နယ်၊ ရပ်/ကျေးသံဃနာယက အဖွဲ့အစည်းအဆင့်ဆင့်အထိ ကြီးသောအမှုငယ်အောင်၊ ငယ်သောအမှုပပျောက်အောင် ညွှန်ကြားဆောင်ရွက်နေ ခြင်းသည် သာသနာတော် သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်တို့သည်   သာသနာ့အညစ်အကြေး များကို သန့်ရှင်းစင်ကြယ်စေခြင်း၊ အဓမ္မဝါဒများကို နှိမ်နင်းဖယ်ရှားခြင်းဟူသော သာသနာတော်သန့်ရှင်းရေး လုပ်ငန်းများကိုသာမက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်များကို   တည်ထောင် ဖွင့်လှစ်နိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် သာသနာ ရေးရာ၊ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ ကိစ္စရပ်များကို သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ် ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဝိနိစ္ဆယလက်စွဲ၊ သံဃာ့အဖွဲ့ အစည်းဆိုင်ရာဥပဒေ စသည်တို့နှင့်အညီ ဓမ္မဝိနယ လျော်ညီစွာ မယိမ်းမယိုင် ဆောင်ရွက်ခဲ့မှုတို့ကို ကြည့်ခြင်း အားဖြင့် အတွေ့အကြုံများစွာရှိပြီး ရင့်ကျက်သောအဖွဲ့ အစည်းကြီးဖြစ်ပါကြောင်း။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးအနေဖြင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့က ပေးအပ်သော တာဝန်ကိုဆောင်ရွက်ခြင်းသည်   သာသနာ့ဝန်ထမ်း ရဟန်းတော်များအတွက် မြတ်စွာဘုရားရှင် သတ်မှတ်ပေး တော်မူခဲ့သော ဂန္ထဓုရ၊ ဝိပဿနာဓုရနှစ်ဖြာကို မြတ်စွာ ဘုရားရှင် အလိုတော်ကျ  ဆောင်ရွက်ခြင်းပင်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊လုပ်ထုံးလုပ်နည်း များ၊ ညွှန်ကြားလွှာများ၌မပါဝင်သော လောကီလူမှုကိစ္စများ တွင် ပါဝင်စွက်ဖက်ဆောင်ရွက်ခြင်းကိုမူကား ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ဟောဖော်ညွှန်ပြသည့် အဆုံးအမနှင့်အညီ ထေရဝါဒ သာသနာ့ထိပ်ခေါင်တင် ဆရာတော်ဘုရားကြီး များ၏ လမ်းစဉ်အတိုင်း ရှောင်ကြဉ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ယခုအခါ သတင်းအချက်အလက်နည်းပညှွာှု (IT (Information Technology)ခေတ်ဖြစ်သည့် အားလျော်စွာ လျင်မြန်စွာတိုးတက်ပြောင်းလဲလျက်ရှိပြီး အကောင်းအဆိုး ပျံ့နှံ့စိမ့်ဝင်မှုသည်လည်း အလွန်လျင်မြန် လျက်ရှိပါကြောင်း။

ပွင့်လင်းမြင်သာသည့် ယနေ့ခေတ်အခါတွင် စာပေ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ဟောပြောခွင့်များကို အခွင့် ကောင်းယူကာ အချို့ပုဂ္ဂိုလ်များက ဗုဒ္ဓဒေသနာတော်များကို ထိပါးရေးသားဟောပြောလာကြသည်ကို တွေ့မြင်နေရပါ ကြောင်း၊ ထို့အပြင် အဓမ္မဝါဒဟု ဆုံးဖြတ်ပြီးသောဝါဒများကို ပြန်လည်အသက်သွင်းကာ ရေးသားခြင်း၊ ဟောပြောခြင်း၊ ဝါဒဖြန့်ခြင်း၊ စာအုပ်စာတမ်းများကို မိတ္တူပွား၍ ဖြန့်ချိခြင်း၊ အချို့က ဗုဒ္ဓဘာသာဟူသော အသုံးအနှုန်းကိုယူ၍ ဝါဒသစ် ထူထောင်ခြင်းများပြုလုပ်ခြင်းဖြင့်       အဓမ္မဝါဒများ ပြန်လည်ခေါင်းထောင်လာကြပါကြောင်း၊ သာသနာတော် မြတ်ကြီး၏ ပြင်ပရန်သူထက် အတွင်းမှ လှိုက်စားနေသော ရန်သူများ၏ အန္တရာယ်ကိုလည်း သတိပြုကာ သာသနာ တော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အဓမ္မဝါဒများ ကို တစိုက်မတ်မတ်စောင့်ကြည့်ပြီး ဆရာ၊ဒကာ ပူးပေါင်း ၍ ဓမ္မစက်၊ အာဏာစက် ယှဉ်တွဲလျက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုအပ်လျက်ရှိကြောင်းကို လျှောက်ထားလိုပါကြောင်း။

အလွန်လျင်မြန်သော သတင်းမီဒီယာကြောင့် အချိန် နှင့်တစ်ပြေးညီ မကောင်းသတင်းတို့ ပျံ့နှံ့သွားတတ်သည်ကို သတိမူထားပါမှ ကာယကံမှု၊ ဝစီကံမှုတို့ကို ထိန်းသိမ်း စောင့်စည်းနိုင်မည်ဖြစ်ပါကြောင်း။

ယခုအခါ အချို့သောပုဂ္ဂိုလ်အဖွဲ့အစည်းများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးနှင့် သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်တို့အား ပြိုကွဲပျက်စီးစေရန်နှင့် ဘာသာ သာသနာ၏ ဂုဏ်ကျက်သရေကို ညှိုးနွမ်းယုတ်လျော့စေရန် နည်းအမျိုးမျိုးဖြင့် ဝေဖန်ရေးသားမှုများ တွေ့ရှိလာရာ အဆိုပါဝေဖန်ရေးသားမှုများကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ပြည်ပရေးရာအဖွဲ့အနေဖြင့် စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာပြီး လိုအပ်ချက်အပေါ်မူတည်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ သြဝါဒနှင့်အညီ   ကြိုတင် ကာကွယ်မှုများ၊  ပြန်လည်ဖြေရှင်းမှုများကိုလည်း စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် တပည့်တော်တို့ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး ပံ့ပိုးမှုများ   ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။

ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ်  တာဝန် ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာ အကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုး တော်ဆောင် ဆရာတော်က   တင်သွင်းလျှောက်ထား သည်။

ထို့နောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် တာဝန် ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်း ကို အဖွဲ့ဝင်ဆရာတော်ကြီးများက   ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။

ယင်းနောက် ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ သာသနာ့ ရေးရာကိစ္စများ၊ ပညာရေးဆိုင်ရာကိစ္စများကို တင်ပြ လျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲ ပိုင်းတွင် ရပ်နားသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများအား အလှူရှင် မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း)နှင့်ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့် မိသားစု တို့က တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment