မေတ္တာမိုးဖြင့် ပျိုးသည့်ပန်း
''ဝေဠုကျော်''
''ရှိပါတယ်ခင်ဗျ''
''လွင်မိုး''
''ရှိပါတယ်ခင်ဗျ''
''ပန်းဖြူ''
''ရှိပါတယ်ရှင့်''
''နန္ဒာလှိုင်''
''ရှိပါတယ်ရှင့်''
အတိုင်အဖောက်ညီညီ ခေါ်ထူးနေတဲ့ နာမည်တွေကြားရလို့ ရုပ်ရှင်ရိုက်ကွင်းက မင်းသား မင်းသမီးတွေရဲ့ အသံတွေတော့ မထင်လိုက်ပါနဲ့ရှင်။ ကျွန်မရဲ့ မူလတန်း တပည့်တွေကို ကျောင်းလာ၊ မလာ ''က'' စာရင်းသွင်းဖို့ နာမည်ခေါ်နေရတာပါ။ကျွန်မ က တစ်ယောက်ပြီးတစ်ယောက် နာမည်ခေါ် လိုက်။ ကလေးတွေက လက်ကလေးတွေပိုက်လို့ မတ်တတ်ရပ် ထူးလိုက်နဲ့ပေါ့။
''နေထူး''
''.....''
''နေထူး''
''.....''
''နေထူး မလာပါဘူး ဆရာမ''
''ဟဲ့ ဒီနေထူးက ဒီနေ့လည်း မလာပြန် ဘူးလား။ ဒီကောင် ကျောင်းပျက်တာ လေး ရက်တောင်ရှိနေပြီ။ မဖြစ်တော့ဘူး။ သူ့မိဘ တွေ ခေါ်ပြောမှဖြစ်တော့မယ်။ ပြောလိုက်ကြ စမ်းဟေ့ ကလေးတွေ။ နေထူး အဖေနဲ့ အမေ ကို ဆရာမက ကျောင်းကို ဆက်ဆက်လာခဲ့ပါ ဦးလို့ မှာလိုက်တယ်လို့''
ဟင်း...စိတ်ပျက်တယ်။ စိတ်ပျက် တယ်။ ဒင်းတို့အတွက် ကျွန်မ သိပ်စိတ်ပျက် တယ်။ ကျောင်းသားမိဘတချို့ဟာလေ ကျောင်းလှေကားအတက်နံရံမှာ ကျွန်မ ကိုယ်တိုင်ရေးထားတဲ့ ''ကျောင်းမှန်မှန်တက် စာမခက်''ဆိုတဲ့စာတန်းကို သင်္ဘောဆေးပေါ လို့ အားအားယားယားရေးထားတယ်များ မှတ်ကြသလားမသိ။ ကျောင်းဖွင့်စ အစည်း အဝေးမှာကတည်းက ''ကိုယ့်သားသမီးတွေ မဖြစ်မနေ ကျောင်းပျက်ရမယ်ဆို ခွင့်လာတိုင် ပါ''လို့ သေချာပြောထားပါရဲ့နဲ့။ ခုတော့ တစ်ရက်လည်းမဟုတ်။ နှစ်ရက်လည်းမဟုတ်။
သုံးတန်း၊ လေးတန်းတွေဟာ စာအရေး ကြီးနေပါပြီလို့ သေချာပြောထားပါရဲ့။ နွား ကျောင်းခိုင်းချင်ရတာနဲ့၊ ကလေးထိန်းခိုင်းချင် ရတာနဲ့။ ခိုင်းဖို့လောက် ချောင်းနေကြတာ။ကျောင်းတစ်ရက်ပျက်တယ်ဆို နောက်ကျတဲ့ သင်ခန်းစာက မနည်းမနော။
ဒီကျောင်းမှာက မူလတန်း အတန်း ပေါင်းစုံကို ဆရာမနှစ်ယောက်တည်းနဲ့ ကြဲနေ ရပါတယ်ဆိုမှ ကျောင်းပျက်လို့လွတ်သွားတဲ့ သင်ခန်းစာမှန်သမျှ သူတို့ပါလိုက်မီအောင် ပြန်သင်ရတာလွယ်တယ်များ မှတ်နေလား မသိ။ လာပါစေဦး ဒင်းတို့မိဘတွေ။
ကိုယ်တောင် နွားနဲ့ဖက်ပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်စားနေရပါတယ်ဆိုမှ ကိုယ့်သားသမီး ကို ပညာအမွေလေးမှ ဖြောင့်ဖြောင့်ဖြူးဖြူး မပေးချင်တဲ့မိဘတွေ။ ဒီကလေးတွေကို ပညာ မတတ်ရင် ဘယ်နေရာမှာသွားသုံးရမလဲ။သူတို့ရွာက တချို့သူတွေလို နိုင်ငံခြားလွှတ်ပြီး များ အလုပ်လုပ်ခိုင်းချင်နေပြီလားမသိ။နိုင်ငံခြားမကလို့ လကမ္ဘာပဲလွှတ်လွှတ် စာမတတ်၊ ပညာမတတ်ရင်ကတော့ ကိုယ့် ကလေးဟာ သူများခိုင်းဖတ်ပဲဖြစ်မှာ။ သားသမီး ရှေ့ရေး တစ်စက်လေးမှမတွေးတဲ့မိဘတွေ။
ဆရာမတွေမှာတော့ စာသင်ရုံသာမက ကလေးတွေအတွက် အရာရာလိုက်တွေးပြီး မနေနိုင်တဲ့ ငွေမြိုင်တွေဖြစ်လို့။ ဘယ့်နှယ် ကွယ် ''ငါးပိသည်က အိပ်ပြီး ဒီက ဆားသည်မ က ထယပ်ခပ်နေရတဲ့အဖြစ်။ အိုးကမပူ စလောင်းကပူနေရတာ။ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်းမပြည့်ရင် စာမေးပွဲဖြေခွင့်မရှိဘူး ဆိုတာလည်း နားမလည်ကြတဲ့လူတွေ။နေထူး ရဲ့ မိဘတွေ ကျောင်းရောက်လာလို့ကတော့ ဒါတွေ အသကုန်ကို ပြောဦးမယ်။ အို ပြောရုံနဲ့ တော့ မကျေနပ်နိုင်သေးပါဘူး။ နောက်တစ်ခါ ဒီလို ကျောင်းပျက်တာမျိုး မဖြစ်စေရပါဘူး ဆိုတဲ့ ကတိခံဝန်ချက်ကိုပါ ယူထားလိုက်မှ ဖြစ်မယ်။
ဒါကတော့ တပည့်ငယ် ကျောင်းပျက်များ တာကြောင့် စိတ်တိုတိုနဲ့အကွက်ချနေတဲ့ ကျွန်မ အတွေးထဲက ကြိမ်းဝါးသံတွေပါ။ ဒါပေမယ့် ကျွန်မကသာ သူတို့လာရင် ''ဘယ်လိုပြော လိုက်မယ်။ ဘယ့်နှယ်လုပ်လိုက်မယ်''နဲ့ ကြိမ်းဝါး နေရပါတယ်။ အဲဒီနေ့က နေထူးကိစ္စ အတွက် သူ့အဖေလည်း ပေါ်မလာ။ သူ့အမေ လည်း ပေါ်မလာ။ ''ငါမှာနေတာတောင် မလာဘူး။ ငါ့စကား အလေးမထားရသလား'' ရယ်လို့ ဒေါသတွေကြီးနေတဲ့ကျွန်မ နောက် တစ်နေ့ညနေ ကျောင်းဆင်းချိန်မှာတော့ သူတို့မလာရင် ငါသွားတယ်ဟာဆိုပြီး စိတ် တိုတိုနဲ့ ကလေးတစ်ယောက်ကို လမ်းပြခိုင်းပြီး နေထူးအိမ်ကို လိုက်ချသွားပါတော့တယ်။
တွေ့ပါပြီ နေထူးတို့အိမ်။ ခနော်နီခနော်နဲ့ တိုင်လေးတွေနဲ့ ကျားကန်ထားရရှာတဲ့ သုံးပင် အိမ်ယိုင်ယိုင်ကလေး။ အိမ်အမိုးမှာ သက်ငယ်ပျစ် တချို့က ပေါက်ပြဲတွဲရဲကျနေသလို အကာထရံ တွေကလည်း ဆန်ခါကွက်အလား။ ဟိုဟိုဒီဒီ မျက်လုံးကစားရင်း ''ကျွီ...အီ...အီ...''ဆိုတဲ့အသံကြားလို့ လှမ်းကြည့်လိုက်တော့ အိမ်ခြေရင်းက သစ်ငုတ်တိုမှာ ကြိုးနဲ့ချည် ထားတဲ့ ဝက်ပိန်လေးတစ်ကောင်။ ကျွန်မ စိတ်မကောင်းဖြစ်သွားမိပါတယ်။ သြော် နေထူးလေး အတော်ချို့တဲ့ရှာတာပဲ။
''ဝေး...နေထူး၊ ဆရာမ လာတယ်ဟေ့''
လမ်းပြကလေးငယ်ဆီက အော်သံအကြား အိမ်ထဲကနေ အပြေးထွက်လာရှာတဲ့ နေထူး။အို...ကလေးရယ်။ အေပၚအက်ႌဗလာ။ ဘောင်းဘီတိုတိုဝတ်ထားပြီး ခါးအောက်ပိုင်း တစ်ခုလုံး ရွှံ့တွေပေလူးလို့။ ဆံပင်တွေက ဖွာဆန်ကြဲ။ မျက်လုံးတွေက နီရဲနေတာပဲ။သူ့အိမ်ထိ ကျွန်မလိုက်ချလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူးနေမှာ။ အံ့အားတသင့်နဲ့ ''အမေရေ ဆရာမလိုက်လာပြီ''လို့ အိမ်ထဲက သူ့အမေကို လှမ်းသတင်းပို့ပြန်ပါတယ်။
ဟော ထွက်လာပြန်ပြီ နောက်တစ်ယောက်။ နေထူးအမေလေ တဘက်ကြီးခေါင်းပေါင်းလို့။ ဟင်...သူ့မှာလည်း ရွှံ့တွေပေပွနေတာပါပဲ လား။ ကျွန်မတွေးနေတုန်းမှာပဲ
''လာ ဆရာမ၊ လာပါ လာပါ။ ဒီမှာထိုင် ဆရာမ'' ပြောပြောဆိုဆိုနဲ့ သူခေါင်းပေါင်း ထားတဲ့ တဘက်ကိုဖြုတ်ပြီး ကုလားထိုင် အစုတ်လေးကို ကျွန်မထိုင်ဖို့ ဖုန်သုတ်ပေးနေ ပြန်ပါတယ်။ ဖုန်သုတ်ရင်းကလည်း
''ကလေးတွေက ပြောပါတယ်။ ကျောင်း လာခဲ့ဖို့ ဆရာမကမှာတယ်တဲ့။ နေထူးက လည်း ဆူလှပူလှပြီ။ ကျောင်းတက်ချင်ပြီတဲ့။ ဆရာမရေ ပြီးခဲ့တဲ့အပတ်က နေထူးအဖေ ကိုင်းထွန်အငှားလိုက်ရင်း ခြေထောက်ငုတ်စူး မိတယ်။ သက်သာမလားလို့ ဟိုဆေးလေးလိမ်း ဒီဆေးလေးသောက်လုပ်ပေမယ့် ညှော်ဝင် ဘာဝင်နဲ့ ခြေထောက်ကြီးက ရောင်တက်လာ တာ။ ခု တောင်ဝှေးထောက်ပြီး သွားနေရ တယ်။ ဖအေ အလုပ်မဆင်းနိုင်တော့ နေထူးပဲ ဇွတ်နွားကျောင်းခိုင်းရတော့တာ ဆရာမရေ။ သူက ကျောင်းပျက်လို့ ဆရာမပြောနေတော့ မှာတဲ့။ အေးပါဟယ် နင့်အဖေ အလုပ်ပြန် လုပ်နိုင်တဲ့နေ့ကျတော့ ကျောင်းပြန်တက်ပါ။ဆရာမကို အမေလိုက်ပြောပေးပါ့မယ်လို့ ချော့ ထားရတာ''
နေထူးအမေရဲ့ တရစပ်ပြောနေတဲ့ စကား အရှည်ကြီးကြား ကျွန်မ အသက်မရှူနိုင်ဘဲ မသက်မသာနားထောင်နေမိပါတယ်။ အိမ် ထောင့်က ဝါးကွပ်ပျစ်လေးပေါ် ကြည့်လိုက် တော့လည်း အနာရှိန်ကြောင့် ဖျားနေလို့ တစောင်းလေးလှဲရင်း အိပ်ပျော်နေရှာတဲ့ နေထူး အဖေ။ ညိုညစ်ညစ်ပုဆိုးစုတ်ကို ပတ်တီးလုပ် စည်းထားတဲ့ ခြေထောက်ကြီးတစ်ဖက်က ရောင်ကိုင်းအန်းမို့လို့။ ကျွန်မ သက်ပြင်း မောကြီးကိုသာ ဟင်းခနဲ ချလိုက်မိပါတော့ တယ်။
''ဟုတ်ကဲ့ပါ အစ်မရယ်။ ကျွန်မကလည်း ကလေး စာနောက်ကျမှာစိုးတာနဲ့ အကျိုး အကြောင်းသိရအောင် လိုက်လာခဲ့တာပါ။ခုလိုမြင်ရ၊ သိရတော့ စိတ်တောင်မကောင်း ဘူး။ ခြေထောက်အနာကိုလည်း ပေါ့မနေနဲ့ဦး။ ကြုံရာဆေးတွေနဲ့ ရမ်းကုမနေပါနဲ့။ ဆေးခန်း သွားပြပါ''
ကျွန်မရဲ့ ခပ်လေးလေးစကားသံအဆုံးမှာ နေထူးအမေက
''သွားမလို့ပဲ ဆရာမရေ။ လက်ထဲ ပိုက်ဆံ လေးကလည်း မလွယ်သေးတာနဲ့။ အိမ်က အငယ်မကလည်း ထမင်းစားတိုင်း ဟင်းမပါလို့ တကျည်ကျည်လုပ်နေတာနဲ့ နေထူးခေါ်ပြီး ရွာအနောက်ဘက်ကအိုင်ထဲ သားအမိ နှစ်ယောက် ငါးသွားပက်တာ စားဖို့ရော ရောင်းဖို့ပါ တော်တော်များများရလာခဲ့တယ်။ နေထူးက ခုနကပဲပြောနေသေးတာ ဆရာမဆီ သွားပေးချင်တယ်တဲ့။ ခုတော့အတော်ပဲ။ ဆရာမစားဖို့ ယူသွားဦးနော်''
ပြောရင်းဆိုရင်းက ငါးထည့်ပေးဖို့ ကြွပ်ကြွပ်အိတ် ထရှာနေပြန်ပါရော။
''အမလေး အစ်မရယ် နေပါစေ။ ရောင်း ပါ။ ရောင်းပါ။ ကျွန်မ အလကားမယူပါရ စေနဲ့'' လို့ ဇွတ်အတင်းငြင်းပေမယ့် ''ကျွန်မတို့ က ဒါလေးတတ်နိုင်လို့ ဒါလေးပေးရတာပါ။ဆရာမက စာတတ်အောင်၊ လိမ္မာအောင် နေ့တိုင်းသင်ပေးနေရတာ။ မယူရင် ဆရာမ တပည့်က စိတ်မကောင်းဖြစ်နေတော့မှာ''တဲ့။
စားဝတ်နေရေးပြည့်စုံကြွယ်ဝပြီး အစစ အဆင်ပြေနေသူတွေအဖို့ကတော့ ဒီလို တောရွာတွေမှာ ဒီလိုဘဝလေးတွေရှိနေသေး တယ်ဆိုတာကို ယောင်လို့တောင်တွေးမိကြမယ် မထင်ပါဘူး။ ''အခမဲ့ပညာရေး''ဆိုပေမယ့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်း ရောက်မလာနိုင်ကြပါဘူး။ ကျောင်းလခ လွတ် ခွင့်ပေးရုံ၊ ကျောင်းဝတ်စုံလေးတစ်စုံတစ်လေ နဲ့ စာအုပ်လေးတွေထောက်ပံ့ရုံက သူတို့ဘဝ တွေအတွက် မပြေလည်နိုင်သေးဘူးလေ။အခမဲ့ပညာရေးရဲ့နောက်က အခမမဲ့တဲ့ စားဝတ်နေရေးအတွက် အိမ်ရှိလူကုန်ထွက် အလုပ်လုပ်နေရတဲ့ဘဝတွေကိုး။ ''ပညာမြင့်မှ လူမျိုးတင့်မည်''လို့ ဘယ်လောက်ပဲကြွေးကြော် နေပေမယ့် လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့် မိသားစုတွေကနေ ပညာတတ် လူရည်ချွန် လူရည်မွန်တွေ ဖြစ်လာဖို့ဆိုတာ ဟင်း...မောစရာကောင်းလိုက်တာနော်။
တစ်နေ့စာတစ်နေ့ ခဲခဲယဉ်းယဉ်းရှာစား နေရတဲ့ အောက်ခြေလူတန်းစားတွေအတွက် ကျန်းမာရေးအကူအညီတွေ၊ စီးပွားရေး အထောက်အပံ့တွေ၊ ဒါတွေအတွက်ဆို အစိုးရ ကိုတင် အားကိုးနေလို့မဖြစ်ဘူးလေ။ ကျွန်မ တို့တွေအားလုံး အများကြီးကြိုးစားကြရဦး မှာပါလား။ ''သူဆင်းရဲတာ ငါနဲ့မဆိုင်ဘူး။ သူ ဒုက္ခရောက်တာ ငါနဲ့မပတ်သက်ဘူး''ဆိုတဲ့ အတွေးနဲ့ ပစ်ပယ်မထားဘဲ ဝိုင်းဝန်းကူညီ စောင့်ရှောက်ကြဖို့ကတော့ တာဝန်သိသူတိုင်း မှာ တာဝန်ရှိတယ်မဟုတ်လားရှင်။ နေထူးတို့ လို အနာဂတ်ပန်းကလေးတွေဟာ စေတနာ စမ်းရေအေးနဲ့ဖျန်းမှ မွှေးနေလန်းနိုင်မယ့် အားငယ်သူလေးတွေပါ။ မေတ္တာမိုးနဲ့ပျိုးမှ နိုးကြွလာမယ့် ပန်းကလေးတွေပါ။
အခုတော့ ကျွန်မလည်း တပည့်လေး ကိစ္စနဲ့ယှဉ်ပြီး သေသေချာချာသဘောပေါက် ပါပြီ။ အရာရာတိုင်းကို စာအုပ်ကြီးအတိုင်း လုပ်လို့မရဘူးဆိုတာလေ။ ကာလံဒေသံနဲ့ အခြေအနေကြည့်ပြီး တချို့ကိစ္စတွေမှာ ပြတ်သားတင်းမာတဲ့ စည်းကမ်းအစား နားလည်ခံစားတတ်တဲ့ နှလုံးသားနဲ့ အလုပ် လုပ်ဖို့လိုတယ်ဆိုတာ ကျွန်မသိပါပြီ။ ''ဘယ်လို ဘယ်ပုံ စည်းကမ်းနည်းလမ်းနဲ့ ထိန်းသိမ်း ပစ်လိုက်မဟဲ့''ရယ်လို့ ကျောင်းမှာတုန်းက ဒေါသတကြီးနဲ့ မောင်းတင်လာခဲ့တဲ့ကျွန်မ။အခုတော့ ကျွန်မမျက်နှာ တကြည့်ကြည့်နဲ့ ဆူမှာစိုးနေရှာတဲ့ နေထူးရဲ့ မျက်နှာငယ် ကလေးကို သနားကြင်နာစွာပြန်ကြည့်ရင်း ကြင်ကြင်နာနာပြုံးပြလိုက်မိပါတယ်။
''မိဘကိုကူတော့ ကုသိုလ်ရတာပေါ့ သား ရယ်။ သိပ်လိမ္မာတာပဲ။ သားအဖေ နေပြန် ကောင်းတော့ ကျောင်းလာခဲ့နော်။ သား နောက်ကျတဲ့စာတွေကို ဆရာမ ပြန်သင်ပေး ပါ့မယ်။ အစ်မရေ ဘယ်လောက်ခက်ခဲခက်ခဲ နေထူးကို ကျောင်းတော့မထုတ်လိုက်ပါနဲ့။ သူ့အတွက် စာအုပ်စာတမ်းဘာညာ လိုတာ တွေ ကျွန်မလည်း ကူပြီးထောက်ပံ့ပါ့မယ်နော်''
ကျွန်မရဲ့ အားပေးစကားတွေကြောင့် ဝမ်းသာသွားရှာတဲ့ သူတို့သားအမိမျက်လုံး နှစ်စုံမှာ မျက်ရည်တွေရစ်ဝဲလို့။ ဒီလိုပါပဲ ကျွန်မရဲ့မျက်လုံးထဲမှာလည်း...။
အေးမြတ်မြတ်ဖြိုး/ကံမ(The Mirror Daily)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment