Latest News

Wednesday, July 12, 2017

ခေါင်းဆောင်ကောင်းကို မဖျက်ဆီးပစ်ပါနဲ့

ခေါင်းဆောင်ကောင်းကို မဖျက်ဆီးပစ်ပါနဲ့

ဗုဒ္ဓ(၀ါ)၊ ဗုဒ္ဓလမ်းစဉ်ဟာ အတ္တ၀ါဒမဟုတ်၊ အနတ္တ၊ ဘယ်အရာမှ အစိုးမရဘူး၊ ဒါကိုပဲ လွဲမှားစွာ 'ငါ'တွေ ဖက်တွယ်ထားဖို့ သင့်မသင့်စဉ်းစားကြရမှာပါ။ 'ငါစွဲ'သိပ်ကြီးနေပြီဆိုရင် ဒီလူမှာဓမ္မမရှိတော့ဘူး။ သိပ်ကြောက်စရာကောင်းသွားပြီ။ 'ငါ'ကြောင့် လူမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်ပျောက်တတ်သလို 'ငါ'ကြောင့်ပဲ လူ့အဖွဲ့ အစည်းမှာ ပဋိပက္ခတွေဖြစ်ကြတာ၊ မငြိမ်းချမ်းတာတွေဖြစ်ခဲ့ကြတာ၊ အဓမ္မ၊ 'ငါ'တွေကို ဖျောက်ကြပါ။ ဓမ္မငါတွေ ကိုဖက်တွယ်ပြီး ကိုယ်ချင်းစာတရားနဲ့အညီ လောကလူ့ရွာကို တည်ဆောက်ကြဖို့၊ အရေးတကြီးလိုအပ်နေပါပြီ။

(ချင်းတောင်တန်းသာသနာပြုဆရာတော်)

မြန်မာ့လူ့ဘောင်လောကကြီး ဘာကြောင့် စုတ်ပြတ်ညစ်ထပ်၊ ဒုက္ခဘုံသို့ ကျဆင်းသွားပါသလဲဟု မေး လာရင် ဖြေကြည့်ချင်သည်။ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ကိုယ်ကျိုးမစွန့်ဘဲ၊ စားနေကြသော၊ စားချင်ကြ သော၊ နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ချစ်စိတ်အရေခြုံများကြောင့်ဟု ခပ်တိုတိုဖြေလိုက်ချင် သည်။ ယနေ့စာရေးသူတို့နိုင်ငံအတွက် အလိုအပ်ဆုံးမှာ အနစ်နာခံစွန့်ပြီး လူမျိုးကောင်းစားရေးအတွက် ပညာဥာဏ်၊ အရည်အချင်း၊ အရည်အသွေးလမ်းပြဦးဆောင်ခေါ်ဆောင်သွားနိုင်သော ခေါင်းဆောင်ကောင်းလို အပ်နေချိန်ဖြစ်သည်။ ခေါင်းဆောင်ကောင်းရလာသောအခါ မြတ်နိုးတတ်ဖို့လည်း လိုပါသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လည်ငဲ့စောင်းကြည့်သောအခါ ကိုယ်ကျိုးမစွန့်ဘဲ ရသမျှအမြတ်ထုတ်၊ အရာရာကိုစားချင်နေသည့် နိုင်ငံရေးသီလကြောင်များ၊ နေရာရူးများ၊ အာဏာရူးများကိုသာ တွေ့ရသည်။ ရာထူးရာခံလေးစားမှုတခုအဆင့်သို့ ရောက်သောအခါ ထိုပြယုဂ်ကို လည်မှာဆွဲ၊ လက်မထောင်၊ ခြေဖျား ထောက်၊ ပြည်သူကို ထီမထင်၊ အာဏာပြနိုင်ငံရေးအရေခြုံများကိုသာ တွေ့ကြရသည်။ ခေါင်းဆောင်ကောင်း မပေါ်ခဲ့ဘူးလား။ ထူးထူးခြားခြား သူမတူအောင်မြင့်မြတ်သည့် ခေါင်းဆောင်ကောင်း ပေါ်ထွက်ခဲ့ဖူးပါသည်။ အရည်အချင်းရှိသော ပညာဥာဏ်၊ အမြော်အမြင်ပြည့်ဝသော၊ အနာဂတ်ကို ထိုးဖောက်မြင်နိုင်စွမ်းရှိသော ပညာရှင်ခေါင်းဆောင်ကောင်းကြောင့် စာရေးသူတို့ လွတ်လပ်ရေးရခဲ့ရသည်။ ခေါင်းဆောင်ကောင်းကို တန်ဖိုးမထားတတ်သော၊ မကြည်ညိုတတ်သော၊ မလေးစားတတ်သော၊ နိုင်ငံရေး အရေခြုံထားသည့် လူယုတ်မာတစုကြောင့် ထိုခေါင်းဆောင်ကောင်းမှာ ရေတိမ်နစ်ခဲ့ရသည်။

အမျိုးကိုချစ်သည်။ နိုင်ငံကိုချစ်သည်။ သာသနာကို ချစ်သည်။ ငါ့လောက်ဘယ်သူမှမချစ်နိုင်ဟု ကြွေး ကြော်နေတတ်သော အကျင့်ဆိုးများကို မဟုတ်မှန်း သိသိကြီးနှင့် လိမ်ညာနေကြသည်။ ဒီလိုပြောဆိုမှုများကို ပြည်သူမယုံကြည်၊ အရှက်မရှိ၊ အကြောက်မရှိ၊ အရှက်အကြောက်စိတ်က ဦးသွားသောအခါ မဟုတ်တာကို အကုန်လုပ်ရဲသော၊ အဓမ္မသတိရှိလာလာပြန်သည်။ ဤသို့ဖြင့် လူ့လောကကြီး ပျက်စီးခြင်းဘ၀သို့ ရောက်ရလေသည်။

ဤလမ်းစဉ်သည် စာရေးသူတို့ နိုင်ငံလျှောက်ခဲ့ရသောလမ်းပင် ဖြစ်သည်။ အလွန်သနားစရာ ကောင်းသော ပြည်သူသည် ပါးစပ်ပင် ဟဟမပြောရဲ၊ မတွေးရဲ၊ ကြောက်စိတ်ဖြင့် အသက်ရှင်နေရသည့် ဘ၀က လွတ်မြောက်ဖို့ အများကြီး ကြိုးပမ်းခဲ့ကြရသည်။ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေ၊ သာမန်ပြည်သူတွေ၊ ဘ၀သွေးမြေကျခဲ့ရုံမက အသက်တွေလမ်းခင်းပြီး ပြည်သူလိုချင်သော ပြည်သူ့အစိုးရကို ထူထောင်နိုင်ခဲ့ပြီ။ နိုင်ငံရေးသီလကြောင်များ၊ လက်နက်အားကိုးဖြင့် အကျင့်ဆိုးစရိုက်ဆိုးများ ဖြင့် တိုင်းပြည်ကို ချွတ်ခြုံကျအောင် လုပ်ခဲ့ကြပြီးဖြစ်သည်။

ယခုတော့ တိုင်းပြည်ပြန်လည်ထူထောင်နေပါပြီ။ ထူထောင်ရေးနှင့် အဓိကလမ်းစဉ်မှာ သက်ရှည် သောင်းကျန်းနေသော ပြည်တွင်းစစ်ကြီးဖြစ်သည်။ ထိုပြည်တွင်းစစ်ကို ရပ်ဆိုင်းပြီး တိုင်းပြည်အင်အားရှိဖို့၊ လူထုအင်အားရှိဖို့၊ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့၊ အဖက်ဖက်က ကြိုးပမ်းနေကြစဉ်၊ နိုင်ငံကို ကန့်လန့်တိုက်၊ ခလောက်ဆန်၊ သွေးထိုးမြှောက်ပင့်၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကုန်ဈေးနှုန်း၊ မြေယာကျူးကျော်၊ အမျိုးမျိုးသော တိုက်ကွက်တွေ ဘာကြောင့်ဆင်နေရပါသလဲ။ လူတွေ၊ စိတ်တေလေတွေ မွေးကြလေပြီ။ ရရှိထားသောခေါင်းဆောင်ကောင်းကို တန်ဖိုးထား ကြည်ညိုလေးစားတတ်သောစိတ်တွေ ချွတ်ခြုံကျအောင် ဖန်တီးပေးခဲ့မျှ၊ စိတ်ဓာတ်ဆိုး၊ နောက်လိုက်ဆိုးများနှင့်အတူ ဖျက်ဆီးချင်သူတွေကိုကြည့်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် အထူးပင်ရင်လေးဖွယ်ဖြစ်ရသည်။

လူထုအစိုးရအာဏာရလာပြီး တိုင်းပြည်တည် ငြိမ်အောင် ကြိုးပမ်းနေကြပါသော်လည်း တိုင်းပြည် ပြောင်းလဲရေးနှေးကွေးသည်။ ရှေ့မရောက်၊ ဒီမိုကရေ စီမဆန်ဟူသောလေသံများ ကြားနေရသည်။ အလုံးစုံ ပြန်လည်တည်ဆောက်နေသည့် နိုင်ငံသစ်ထူထောင် ရေးလမ်းခရီးတွင် ကြီးမားသော အနှောင့်အယှက် အတားအဆီးများနှင့် ရင်ဆိုင်နေရဆဲသာဖြစ်သည်။ နိုင်ငံနှင့် ကောင်းမွန်သောလူ့အဖွဲ့အစည်း၊ အနာဂတ် လူငယ်တို့အတွက် စွမ်းဆောင်ပေးရန်တို့သည် ပြည်တွင်းငြိမ်းချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်မှသာ လိုလား ချက်ပန်းတိုင်သို့ ရောက်နိုင်မည်ဖြစ်သည်။ အသာရဖူးသော ဤအာဏာရူး၊ နိုင်ငံရေးရူး၊ စီးပွားရေးရူးတို့၏ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကန့်လန့်တိုက်သူများကို မြင်တတ်၊ ကြည့်တတ်ပြီး သူတို့ကိုလည်း လူ့အသိုင်း အ၀ိုင်းက ဖော်ထုတ်နိုင်ပါမှ နိုင်ငံရေးအရေခြုံများ ကျဆုံးမည်ဖြစ်ပါသည်။

ဗုဒ္ဓ၀ါဒ - ဓမ္မလမ်းစဉ်သည် အတ္တ၀ါဒမဟုတ်၊ အနတ္တ ဘယ်အရာမှအစိုးမရသည်ကို လွဲမှားစွာမြင်ပြီး ငါတွေ ဖက်တွယ်ထားသော ငါတွေကြောင့် လူ့အဖွဲ့အစည်းမပျက်ပြယ်သွားဘဲ အကျင့်ဆိုးများကိုဖျောက်ဖို့ ငါအာဏာရူးများကို ဓမ္မ၀ါဒီဖြစ်ပေါ်လာပြီး ကိုယ်ချင်းစာတရားနဲ့ လောကကြီးကို တည်ဆောက်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။
ဟင်္သာ(တောင်တွင်းကြီး)NewsWatch

No comments:

Post a Comment