Latest News

Wednesday, July 12, 2017

သာမန်ထက်ပိုသည့် ဓနဥစ္စာများ ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ်မိသားစု ရရှိခဲ့ဟု ထုတ်ပြန်

သာမန်ထက်ပိုသည့် ဓနဥစ္စာများ ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ်မိသားစု ရရှိခဲ့ဟု ထုတ်ပြန်

ပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ် မိသားစုဟာ သာမန်ထက်ပိုတဲ့ ဓနဥစ္စာတွေ ရရှိခဲ့တယ်လို့ တရားရေးရာ စုံစမ်းရေးမှူးတွေက ဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပြီးနောက် ဝန်ကြီးချုပ်ရဲ့ မဟာမိတ်တွေက အဲဒီတွေ့ရှိချက်တွေအပေါ် ရှုတ်ချခဲ့ပြီး အဂတိတရားကင်းရှင်းတာကို သက်သေပြမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

ပါကစ္စတန်တရားရုံးချုပ်က အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေကို စုံစမ်းဖို့ ဖွဲ့စည်းထားတဲ့ ပူးတွဲစုံစမ်းရေးအဖွဲ့ (JIT) ဟာ နှစ်လကြာ ဝန်ကြီးချုပ်မိသားစုရဲ့ ဓနဥစ္စာတွေကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ရှာဖွေတွေ့ရှိချက်တွေ ဇူလိုင် ၁၀ ရက်နေ့က တရားရုံးကို ပေးပို့ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ ဝန်ကြီးချုပ်ရဲ့ မိသားစုဟာ တရားဝင်ရရှိငွေထက် ပိုတဲ့ ဓနဥစ္စာတွေကို ရရှိခဲ့ပြီး ဝန်ကြီးချုပ်ရဲ့ သားသမီးတွေဟာ အမှန်တရားကို ဖုံးကွယ်ဖို့အတွက် အထောက်အထား အတုတွေကို လက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် နဝပ်ရှရစ်ရဲ့ မဟာမိတ်တွေကတော့ အဲဒီအစီရင်ခံစာနဲ့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဇစ်က “ဒါက နိုင်ငံရေးပြဿနာပါ။ ဥပဒေရေးရာ မဟုတ်ပါဘူး။ ဒီကိစ္စကို တရားရုံးချုပ်မှာ ဖြေရှင်းမှာပါ။ သံသယမရှိသင့်ပါဘူး။ စွပ်စွဲချက်တွေကို တခုပြီးတခု တိုက်ဖျက်သွားမှာပါ။ ကျနော်တို့ ရနိုင်သမျှ ဥပဒေဆိုင်ရာ ရွေးချယ်ခွင့်တွေ အသုံးပြုသွားမှာပါ။ ဒါက ဇာတ်လမ်းရဲ့ အဆုံးမဟုတ်ပါဘူး။ ဇာတ်လမ်းက အခုမှစတာပါ” လို့ ပြောကြားခဲ့ပါတယ်။

အတိုက်အခံပါတီခေါင်းဆောင် အမ်ရမ်ခန်းကတော့ “JIT အစီရင်ခံစာ ထွက်လာပြီဆိုတော့ နဝပ်ရှရစ်ရဲ့ ကိုယ်ကျင့်တရားပိုင်း၊ ဥပဒေပိုင်းနဲ့ နိုင်ငံရေးပိုင်း မှန်ကန်မှုတွေ ပျောက်ဆုံးသွားပါပြီ။ သူ ချက်ချင်းနုတ်ထွက်သင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
DVB

No comments:

Post a Comment