Latest News

Monday, July 3, 2017

မြောက်ကိုရီးယားက ဂျပန်ရေပြင်အတွင်းသို့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

မြောက်ကိုရီးယားက ဂျပန်ရေပြင်အတွင်းသို့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပိတ်ဆို့မှုတွေ ချမှတ်နေပေမဲ့လည်း မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်တိုက် ပြုလုပ်နေခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရက ပဲ့ထိန်ဒုံးကျည်တစ်စင်းကို ပင်လယ်ပြင်အတွင်း ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအပေါ် အဓိကထား ဆွေးနွေးခဲ့ကြပြီးနောက် ရက်ပိုင်းအကြာမှာပင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအရေး အမေရိကန်သမ္မတထရန့််က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ထံ သီးခြားစီ ဖုန်းဆက်သွယ် ဆွေးနွေးခဲ့ပြီး တစ်ရက်အကြာမှာ ကင်မ်ဂျုံအန်အစိုးရက ဒုံးကျည်ပစ်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်နိုင်ငံမှာ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့အတွက် ပြင်ဆင်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မြောက်ကိုရီးယားက ယနေ့မနက် ဒေသစံတော်ချိန် ၉း၄၀ မှာ မြောက်ပိုင်းပြုံဂန်ပြည်နယ် ဘန်ဟွန်းဒေသအနီးကနေ ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ခဲ့ပြီး ဂျပန်ရေပြင်အတွင်း ကျရောက်ခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက တောင်ကိုရီးယားစစ်တပ်ကို ကိုးကားဖော်ပြထားပါတယ်။
မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ကျရောက်ခဲ့တဲ့ ရေပြင်ဧရိယာဟာ ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ ပိုင်နက်အတွင်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက AFP သတင်းကို ပြောပါတယ်။ အဆိုပါ ရေပြင်နေရာဟာ ဂျပန်ကမ်းရိုးတန်းမှ ရေမိုင် ၂၀၀ အကွာမှဖြစ်ကြောင်းလည်း သိရပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေအကောင်အထည်ဖော်နေမှုအား ရပ်တန့်စေရန်အတွက် ဖိအားပေး အရေးယူပိတ်ဆို့မှုတွေ ချမှတ်နေပေမဲ့လည်း နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ဆက်တိုက် ပြုလုပ်နေခဲ့ပါတယ်။
Duwun

No comments:

Post a Comment