Latest News

Monday, July 10, 2017

ပုဒ်မ ၆၆(ဃ) အပါအ၀င် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ကြားနာပွဲများ ပြုလုပ်တော့မည်

ပုဒ်မ ၆၆(ဃ) အပါအ၀င် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ကြားနာပွဲများ ပြုလုပ်တော့မည်

ဝေဖန်မှုများရှိနေ သည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အပါအ၀င် ဆက်သွယ်ရေးဥပဒေကို အမျိုးသားလွှတ်တော်မှ စတင်ပြင်ဆင်မည်ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦး ဇော်မင်းက ပြောကြားသည်။

အဆိုပါဥပဒေကို ပြင်ဆင် ရန် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်အပြီး ရက်ပိုင်းအတွင်းတွင် ဥပဒေကြမ်းမှာ အမျိုးသားလွှတ်တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ် ကြောင်း ဦးဇော်မင်းက 7DayDaily သတင်းစာသို့ ဇူလိုင် ၁၀ ရက်အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် ပြောသည်။

‘‘အမျိုးသား လွှတ်တော်ကို ရောက်တာမှန်တယ်။ ဒီဥပဒေကို ဘယ်လိုဆက်လုပ်မလဲ၊ ဘယ်လို စည်းဝေးမလဲဆိုတာ ဘာမှပြော လို့မရသေးဘူး။ ကျွန်တော်တို့ ပြင်နိုင်ဖို့ကို အမြန်ဆုံးလုပ်မှာပါ။ မီဒီယာတွေနဲ့ ပြည်သူတွေက လည်း အမြန်ဆုံးလုပ်ချင်တဲ့ ဆန္ဒ ရှိတယ်ဆိုတာကိုလည်း အလေး အနက်ထားတယ်။  ကျွန်တော် ကိုယ်၌ကလည်း အမြန်ဆုံးပြီးချင် ပါတယ်။ ကြိုးစားပေးပါမယ်။ ဒီ တစ်ပတ်အတွင်းမှာ စမယ်’’ ဟု ၎င်းကပြောသည်။

ထို့ပြင် အဆိုပါ ဥပဒေကြမ်းပြင်ဆင်နိုင်ရေး ကြားနာပွဲများ လုပ်ဆောင်မည်ဖြစ်ကြောင်း အမျိုး သားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေး သာအောင်က လွှတ်တော်အပြီး 7Day Daily သတင်းစာအားပြော သည်။

ဆက်သွယ်ရေးနှင့် ပို့ဆောင် ရေးဝန်ကြီးဌာနမှ ပြင်ဆင်ပေးပို့ ထားသည့် ဆက်သွယ်ရေးဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရ ပါက အာမခံပေးနိုင်ရေး ရေးဆွဲ ထားကြောင်း ကိုယ်စားလှယ်များ ကို ဖြန့်ဝေထားသည့် ဥပဒေမူ ကြမ်းတွင် ရေးသားထားသည်။

ထို့ပြင် မည်သည့်တရားရုံး မှ ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဃ)ပါ ဆက် သွယ်ရေးကွန်ရက်တစ်ခုခုကို အ သုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အ သေရေဖျက်ခြင်းပြုကြောင်း သက်ဆိုင်ရာ နစ်နာသူကိုယ်တိုင်ဖြစ် စေ၊ ထိုသူ၏ကိုယ်စားလွှဲအပ်ခံရ သူဖြစ်စေ တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူဆောင်ရွက် ခြင်း မပြုရဆိုသည့်အချက်ကို  ပြင်ဆင်ရေးဆွဲထားသည်။

‘‘အာမခံပေးနိုင်ရေးဆိုတာ က ပေးရမယ်လို့ ပြောတာမဟုတ် ဘူး။ အဲဒီဟာတွေကအစ စကားအချေအတင် ပြောရလိမ့်မယ်။ပေးနိုင်တယ်ဆိုတာက မပေးလည်းရ တယ်လို့ ပြောတာ။ တရားသူကြီး အပေါ်မှာ ထပ်ပြီးတော့ မူတည် နေသေးတာဖြစ်တဲ့အတွက် အန္တရာယ်ကတော့ များနေတုန်းပဲ’’ဟု ဆက်သွယ်ရေးဥပဒေ ပြင်ဆင် ရေးနှင့် ပုဒ်မ ၆၆(ဃ) ဖျက်သိမ်း ရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့ အဖွဲ့ ၀င် ကိုဆောင်းခကပြောသည်။

ဆက်သွယ်ရေးဥပဒေတွင် ပါရှိသည့် ၆၆(ဃ)ပုဒ်မသည် ပြည်သူများကို တမင်သက်သက် ဒုက္ခပေးထားသည့် ဥပဒေအပိုဖြစ်နေ သောကြောင့် ဖျက်သိမ်းလိုက်ခြင်း သည် အကောင်းဆုံးဖြစ်ကြောင်း ၎င်းကပြောသည်။

ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ) ကို ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်ပတ်သက်၍ ပြည်သူများ အနေဖြင့် စိတ်ကျေနပ်မှုမရှိသည် ကို သိရပြီး ယင်းအခြေအနေများ ပြေလည်စေရန် ဖိတ်သင့်သည့် အဖွဲ့အစည်းများကို ဖိတ်ကြားကာကြားနာ ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦး ဇော်မင်းက ပြောသည်။

၂၀၁၃ အောက်တိုတာ ၈ ရက်က ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေးဥပဒေပါပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေးကွန်ရက် တစ်ခုခု ကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦး အား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်)ခြိမ်း ခြောက်ခြင်းတို့ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါ က သုံးနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ပါရှိပြီး အာမခံပေးခြင်း၊ မပေး ခြင်းကို တရားရုံးကသာ ဆုံးဖြတ် နိုင်သည်ဟု ပါရှိသည်။
7Day News

No comments:

Post a Comment