Latest News

Tuesday, July 11, 2017

သရော်စာဟူသည် နိုင်ငံတော်ကို အကျိုးယုတ်စေသည့်အရာ မဖြစ်သင့်ကြောင်း စစ်တပ်အရာရှိပြောကြား

[Voice Daily သတင်းစာအယ်ဒီတာကို တရားစွဲထားသော ဒုဗိုလ်မှုးကြီးလင်းထွန်းအား ဗဟန်းတရားရုံးမှထွက်လာသည်ကို ဇူလိုင် ၁၁ နေ့က တွေ.ရစဉ်။ (ဓာတ်ပုံ။ မိုးကျော်လွင်)]
ရန်ကုန် (Myanmar Now) - တပ်မတော်က ရိုက်ကူး ပြသခဲ့သည့် ရုပ်ရှင်ဇာတ်လမ်းကို လှောင်ပြောင်သရော်သည့် သဘောသက်ရောက်စေသောစာအား ဖော်ပြခဲ့မှုဖြင့် The Voice Daily သတင်းစာ အယ်ဒီတာချုပ်အား တရားစွဲဆိုခြင်း အကြောင်းအရင်းကို တရားလိုဖြစ်သူ စစ်အရာရှိက ဇူလိုင် ၁၁ ရက်နေ့ တရားခွင်တွင် ရှင်းလင်းပြောကြားခဲ့သည်။

ဗဟန်းမြို့နယ်တရားရုံးတွင် ပြုလုပ်ခဲ့သော ၅ ကြိမ်မြောက် တရားရုံးကြားနာမှုသို့ ရောက်ရှိလာသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက သရော်စာတွင် အစိုးရ၊ တရားဝင် အဖွဲ့အစည်းများကို ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ မပါဝင်သင့်ဟု ယူဆကြောင်း ပြောဆိုခဲ့သည်။

“သရော်စာဟူသည် ပြည်ထောင်စုနိုင်ငံတော်အားလည်းကောင်း၊ အစိုးရအားလည်းကောင်း၊ အခြားအဖွဲ့အစည်း တစ်ခုခုအားလည်းကောင်း အကျိုးမယုတ်လျော့စေသော အချက်အလက်များဖြင့် ပြည်သူအများ နားလည်သိရှိစေရန် ရေးသားထားသောအရာဖြစ်သည်ဟု မိမိထင်မြင်မိပါသည်” ဟု ကိုကျော်မင်းဆွေကို တရားစွဲသည့် ဒုတိယဗိုလ်မှုးကြီးလင်းထွန်းက ထွက်ဆိုခဲ့သည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခိုက်ကြစဉ် တမ်မတော်က တိုက်ခိုက်အောင်မြင်ခဲ့သည့် တိုက်ပွဲတစ်ခုအကြောင်း ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားသည့် “ပြည်ထောင်စုသစ္စာ” ရုပ်သံဇာတ်လမ်းကို အပိုင်းသုံးပိုင်းခွဲကာ တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားက မတ်လအတွင်း ထုတ်လွှင့်ခဲ့ပြီး ရက်ပိုင်းအကြာတွင် “ကျည်ထောင်စု သစ္စာ” ဟု အမည်ပေး ထားသည့် အဆိုပါ သရော်စာကို The Voice Daily သတင်းစာနှင့် အဆိုပါသတင်းစာ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အောက်ခြေစစ်သားအချင်းချင်း အားရပါးရ တိုက်ခိုက်ပြီးချိန်တွင် ၎င်းတို့၏ခေါင်းဆောင်များက ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ကာ ယမကာ အတူသောက်ပြီး ဓာတ်ပုံများအရိုက်ခံကြကြောင်း၊ ရှေးခေတ် စစ်သူကြီးမဟာဗန္ဓုလကဲ့သို့ မည်သည့် စစ်ခေါင်းဆောင်ကမျှ ဗုံးဆံ၊ သေနတ်ကျည်ဆံများအကြား ရှေ့တန်းစစ်မျက်နှာပြင်သို့ သွားရောက်ကွပ်ကဲသည် မဟုတ်ကြောင်း ဗြိတိသျှကိုကိုမောင်က သရော် ရေးသားထားခြင်းဖြစ်သည်။

သရော်စာတွင် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏အမည်ကို ဖော်ပြခြင်း မပြုခဲ့သော်လည်း တပ်မတော်က တိုင်ကြား၊ အမှုဖွင့်ပြီးနောက် ရေးသားသူနှင့် အယ်ဒီတာဦးကျော်မင်းဆွေတို့ကို ရဲများက ဖမ်းဆီးသွားခဲ့သည်။

အစပိုင်းတွင် ၎င်းတို့ကို ဆက်သွယ်ဥပဒေပါ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခဲ့သည်။

ဥပဒေအရာရှိများက အဆိုပါ သရော်စာဖော်ပြမှုသည် အယ်ဒီတာ ဦးကျော်မင်းဆွေတွင်သာ တာဝန်ရှိကြောင်း ဆုံးဖြတ်ပြီးနောက် စာရေးသူ ဗြိတိသျှကိုကိုမောင်ကို ထောင် ၃ နှစ်အထိ ကျခံရနိုင်သော ယင်းအမှုမှ ပယ်ဖျက်လိုက်သည်။

နှစ်နာရီ ကြာမြင့်ခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့ တရားခွင်တွင် ဦးကျော်မင်းဆွေသည် တရားရုံးအတွင်း သစ်သားခုံတန်းလျားတစ်ခုပေါ်တွင် ၎င်း၏ဖခင်၊ ဇနီးတို့နှင့်အတူ တိတ်ဆိတ်စွာ ထိုင်နေသည်ကို တွေ့ခဲ့ရသည်။

ဦးကျော်မင်းဆွေ၏ ရှေ့နေ ဦးမျိုးသိန်းက တရားခွင်တွင် တရားလိုကို မေးခွန်းများစွာ မေးမြန်းခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသားများ အချင်းချင်း ရက်စက်စွာ တိုက်ခိုက်မှုကို ပြသခဲ့သည့် ရုပ်သံဇာတ်လမ်းသည် နိုင်ငံတော်က ဦးတည်နေသော ငြိမ်းချမ်းရေးရရှိရန် အကြောင်းတရားကို မည်သို့ အထောက်အကူပြုနေသနည်းဟု ရှေ့နေဦးမျိုးသိန်းက ဒုဗိုလ်မှုးကြီးလင်းထွန်းကို မေးခွန်းထုတ်ခဲ့သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ တရားလိုက “ဒီရုပ်သံဇာတ်လမ်းက ဖြစ်ရပ်မှန်စစ်ပွဲကို အခြေခံ ရိုက်ကူးထားတာပါ။ တကယ့်စစ်မြေပြင်ပေါ်မှာ စစ်တိုက်တယ်ဆိုတာ ငယ်စဉ်က ကလေးတွေလို စစ်တိုက်တမ်း ကစားတာ မဟုတ်ပါဘူး။ ပြည်ထောင်စု ဆိုတဲ့ စကားရပ်ဟာ နိုင်ငံတော် သမ္မတရုံးအပါဝင် အခြားဌာနဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း သုံးစွဲနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ယင်းသရော်စာသည် စစ်တပ်အရာရှိများနှင့် အောက်ခြေစစ်သားများအကြောင်း မညီညွတ်မှုကို ဖြစ်စေနိုင်ကြောင်းလည်း သူကဆိုသည်။

အဆိုပါ ရုံးချိန်းတွင် ဦးကျော်မင်းဆွေကို အာမခံပေးရန် တရားသူကြီးက ထပ်မံငြင်းဆိုခဲ့ပြီး အမှုကို ဇူလိုင် ၁၄ ရက်တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုလိုက်သည်။

ဆက်သွယ်ရေးဥပဒေပါ ၆၆ ဃ ပုဒ်မဖြင့် သတင်းစာဆရာတချို့နှင့် လူအများအပြား ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်းသွားပြီဖြစ်ကြောင်း ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်မူကြမ်းကို လွှတ်တော်သို့ မကြာသေးမီက ပေးပို့ခဲ့သည်။ ထိုမူကြမ်းတွင် ၆၆ ဃ ပုဒ်မသည် အာမခံပေးရမည့် ပုဒ်မဟု ပြင်ဆင်ထားသော်လည်း မူလပြဌာန်းချက်တွင်ပါသည့် ပြစ်ဒဏ် ၃ နှစ်အား ပြောင်းလဲမှု မရှိခြင်း၊ ရဲအရေးပိုင်အမှုအဖြစ် ဆက်လက် ဖော်ပြထားခြင်းတို့ကြောင့် ပြင်ဆင်ချက်ဥပဒေမူကြမ်းသည် လုံလောက်မှုမရှိကြောင်း ဝေဖန်မှုများရှိနေသည်။

ဆွေဝင်း/Myanmar Now
Myanmar Now
https://www.facebook.com/myanmarnownews

No comments:

Post a Comment