Latest News

Tuesday, July 11, 2017

မန္တ​လေးတိုင်းဒေသကြီးအတွင်း ၀န်ထမ်းအိမ်ရာ (၂၉)လုံး၊ တိုက်ခန်းပေါင်း (၄၇၆)ခန်း တည်ဆောက်အကောင်အထည်ဖော်မည်

မန္တ​လေးတိုင်းဒေသကြီးအတွင်း ၀န်ထမ်းအိမ်ရာ (၂၉)လုံး၊ တိုက်ခန်းပေါင်း (၄၇၆)ခန်း တည်ဆောက်အကောင်အထည်ဖော်မည်


မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ထမ်းအိမ်ရာ (၂၉)လုံး၊ တိုက်ခန်းပေါင်း (၄၇၆)ခန်းကို ​ဆောက်​လုပ်​​ရေးဝန်​ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သာမန်ဘတ်ဂျက်ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်က ပြောပြသည်။

"၀န်ထမ်းတိုင်း နေထိုင်ရေးအဆင်ပြေဖို့ နိုင်ငံတော်အစိုးရက အထူးကြိုးစားပေးနေပါတယ်။ တစ်နှစ်ကို အခန်းပေါင်း (၂၀၀၀)လောက် ​ဆောက်လုပ်ပေးနိုင်ဖို့ မြေနေရာနှင့် ဘတ်ဂျတ်ရရှိအောင်ဆောင်ရွက်မယ်။ ဝန်ထမ်းအိမ်ရာတည်ဆောက်နိုင်မယ့်ကုမ္ပဏီတွေကို သတင်းစာမှာကြေညာပြီး တင်ဒါခေါ်ယူလျက်ရှိပါတယ်”ဟု ဝန်ကြီး ဦးဇာနည်​​အောင်​က ဆက်လက်ပြောပြသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များအလိုက်ဝန်ထမ်းအိမ်ရာ (၂၉)လုံး တိုက်ခန်းပေါင်း (၄၇၆)ခန်း တည်ဆောက်ခြင်းနှင့် ထရန်စဖော်မာ (၅)လုံးနှင့်ဆပ်စပ်လုပ်ငန်းများတည်ဆောက်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။

“တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းဦးရေက (၅၆၀၀၀)ကျော်ရှိပါတယ်။ လက်ရှိအိမ်ရာတွေပေးနိုင်တာက လူဦးရေ(၁၀၀)မှာ လေးဦးလောက်ပဲပေးနိုင်တယ်"ဟု တိုင်းဒေသကြီးဝန်ကြီးကပြောကြားသည်။

အဆိုပါဝန်ထမ်းအိမ်ရာများအား မန္တလေးခရိုင်အတွင်း (၁၃)လုံး၊ ပြင်ဦးလွင်မြို့နယ်တွင် (၆)လုံး၊ ကျောက်ဆည်မြို့နယ်တွင် (၄)လုံးနှင့် ရမည်းသင်း၊တောင်သာ၊ငါန်းဇွန်မြို့နယ်တို့တွင် (၂)လုံးစီ တည်ဆောက်သွားမည်ဖြစ်သည်။

"တည်ဆောက်မယ့်ဝန်ထမ်းအိမ်ရာများက တစ်ခန်းကို (၆၅၀)စတုရန်းပေကျယ်ဝန်းမှာဖြစ်ပါတယ်။ တည်ဆောက်ပြီးစီးသွားရင် လစာနည်းဝန်ထမ်းများနဲ့ အခြေခံပညာကျောင်းများက ဆရာ၊ဆရာမများကို ဦးစားပေးရွေးချယ် နေထိုင်ခွင့်ပြုသွားမှာဖြစ်ပါတယ်"၎င်းကဆက်လက်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည်  ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်း ၀န်ထမ်းအိမ်ရာအလုံးပေါင်း (၃၄)လုံး၊ တိုက်ခန်းပေါင်း (၄၂၈)ခန်းကို ဝန်ထမ်းများအတွက်တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
မန်းကိုကို(Mandalay News Journal)

No comments:

Post a Comment