Latest News

Thursday, July 13, 2017

တပ်မတော်ယာဉ် ချောင်းထဲထိုးကျ သုံးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

တပ်မတော်ယာဉ် ချောင်းထဲထိုးကျ သုံးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

ကျိုင်းတုံ၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအနီး ကျိုင်းတုံ- တာချီလိတ်ပြည်ထောင်စုလမ်းတွင် ယနေ့ (ဇူလိုင်လ ၁၃ ရက်) မွန်းတည့် ၁၂ နာရီခန့်က တပ်မတော်ပိုင် ယာဉ်တစ်စီး ချောင်းအတွင်း ထိုးကျတိမ်းမှောက်၍ တပ်မတော်သားသုံးဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျိုင်းတုံမြို့အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုထံမှ သိရသည်။

အဆိုပါနေ့က ကျိုင်းတုံမြို့မှ တာလေမြို့သို့ ထွက်ခွာလာသည့် တပ်မတော်ယာဉ်တန်းတစ်ခုမှ ယာဉ်တစ်စီးသည် အခင်းဖြစ်နေရာ အရောက်တွင် အရှိန်လွန်ကာ လမ်းဘယ်ဘက်ရှိ ချောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် တပ်မတော်သားသုံးဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိ၍ တပ်မတော်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသနေကြောင်း အဆိုပါတပ်ဖွဲ့စုမှူး ရဲအုပ်စောသန်းဦးက ပြောကြားသည်။

“အခြားအဆင့် သုံးဦးသေဆုံးပြီး အခြားအဆင့် ၁၀ ဦးဒဏ်ရာရရှိတယ်။ ဒဏ်ရာရ သေဆုံးသူတွေက ဘယ်တပ်ကဆိုတာနဲ့ ရာထူးအဆင့်အမည်၊ အသက်တွေကို စိစစ်နေဆဲဖြစ်လို့ အတိအကျပြောလို့ မရသေးဘူး”ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်မောင်းနှင်သူကို မော်တော်ယာဉ်ဥပဒေအရ အမှုဖွင့်အရေးယူပြီး တပ်မတော်စစ်စည်းကမ်း ဥပဒေအရ အရေးယူရန် တပ်မတော်တပ်ထိန်းသို့ အမှုလွှဲပြောင်းမည်ဖြစ်ကြောင်း အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုထံမှ သိရသည်။
The Voice

No comments:

Post a Comment