Latest News

Friday, July 14, 2017

ပရဟိတလုပ်ခြင်းရဲ့ အကျိုးကျေးဇူး (၁၀) ရပ်

ပရဟိတလုပ်ခြင်းရဲ့ အကျိုးကျေးဇူး (၁၀) ရပ်

ပရဟိတဆိုတာ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းပါ။ ဒါပေမဲ့ အဲဒီလို လုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။ ပရဟိတအဖွဲ့တစ်ခုခုမှာ လုပ်ဖူးသူ၊ လုပ်နေသူ၊ တစ်နည်းအားဖြင့် ပရဟိတသမား တစ်ယောက်နဲ့ လုပ်ငန်းခွင်မှာ အတူတွဲလုပ်ရတာဟာ သာမန်လူထက်စာရင် ပိုအဆင်ပြေတတ်တာကို သတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရဟိတအလုပ်က ဒီလိုအကျိုးကျေးဇူးတွေ ရစေခဲ့လို့ပါပဲ။

■ ၁။ အပင်ပန်း ခံနိုင်လာခြင်း

ပရဟိတအလုပ် အားလုံးနီးပါးဟာ လိုအပ်တဲ့ေ နေရာတွေ၊ ဆင်းရဲတဲ့ နေရာတွေမှာ လုပ်ရတာ ဖြစ်ပါတယ်။ အဲဒီနေရာကို သွားပြီဆိုကတည်းက သက်သောင့် သက်သာတော့ မရှိပါဘူး။ မိုးတွင်းမှာဆို ဗွက်တွေ ပေတယ်။
နွေနဲ့ဆောင်း ဆိုလည်း ရာသီဥတု ဒဏ်ခံရတယ်။ ဝေးလံသီခေါင်တဲ့ ဒေသတွေဆို ပိုလို့တောင်မှ ပင်ပန်းပါသေးတယ်။ ဒီလို ပရဟိတခရီးတွေ အသွားများလာတဲ့အခါမှာ လူက အပင်ပန်း ခံနိုင်လာတယ်။ ဒေါင်ကျကျ ပြား ကျကျ နေတတ်လာတယ်။ ဟိုဟာရှိမှ၊ ဒီဟာရှိမှ ဆိုတာမျိုးတွေ မဖြစ်တော့ဘူး။ အလုပ်ထဲ ရောက်တော့လည်း တော်ရုံပင်ပန်းမှုလောက်ကို စာမဖွဲ့တော့ဘူး။ ကိစ္စနည်းနည်းနဲ့ အလုပ်ဖြစ်အောင် လုပ်တတ်လာတယ်။

■၂။ ဒုက္ခတွေကို သိလာခြင်း

လူတိုင်းမှာ ဒုက္ခကိုယ်စီ ရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်ဒုက္ခမှ အကြီးကြီး ထင်တတ်ကြတာက လူ့သဘာဝပါပဲ။ ဒီအတွက် စိတ်ဓာတ်တွေ ကျတယ်၊ စိတ်တွေ ဖိစီးတယ်။ ခုလို ပရဟိတအနေနဲ့ ဆင်းရဲတဲ့ သူတွေ၊ နိမ့်ကျတဲ့ သူတွေဆီ သွားကြည့်လိုက်တဲ့ အခါမှာတော့ ကိုယ်ကြုံနေရတဲ့ ဒုက္ခဟာ သူတို့နဲ့ယှဉ်ရင် ဘာမှ မဟုတ်ပါလား ဆိုတာကို သဘောပေါက်လာတယ်။ ကိုယ်ကမှ ရှေ့လျှောက် ဘာဆက်လုပ်ရမယ်မှန်း မသိတာ။
သူတို့အတွက်က မနက်ဖြန် ဆိုတာတောင် မသေချာဘူး။ ကိုယ်က မိဘနှစ်ပါး အဆင်မပြေလို့ စိတ်ညစ်နေတာ။ သူတို့က မွေးကတည်းက မိဘဆိုတာ ဘယ်သူမှန်းတောင် မသိခဲ့ရသူတွေ။ ဒါတွေကို မြင်လာတယ်။
အနည်းဆုံးတော့ ကိုယ်တစ်ယောက်တည်း ဒုက္ခရှိတာ မဟုတ်ဘူး ဆိုတဲ့အမြင်မျိုး ရလာတယ်။ ဒီအခါမှာ ကိုယ်ကြုံနေရတဲ့ ပြဿနာတွေ၊ စိတ်ဒုက္ခတွေကို ရင်ဆိုင်ဖို့အတွက် ခွန်အားတွေ ရလာပါတယ်။

■ ၃။ စီမံခန့်ခွဲမှု စွမ်းရည်များ ရလာခြင်း

ဘယ်အလုပ်ပဲ လုပ်လုပ် စီမံခန့်ခွဲမှုဟာ လိုအပ်ပါတယ်။  ပရဟိတ အလုပ်တွေဆိုလည်း တကယ်သာ ထိထိရောက်ရောက် လုပ်ချင်ရင် စီမံခန့်ခွဲတတ်ဖို့ လိုတယ်။ ဒါကြောင့် ကျောင်းပြီးစ၊ အလုပ်ဝင်တော့မယ့် လူငယ် တွေဆို ပရဟိတအဖွဲ့တွေမှာ ၀င်လုပ်ခြင်းအားဖြင့် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုတို့နဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်းတွေ ရလာနိုင်တယ်။ လက်တွေ့ သင်ယူလို့လည်း ရမယ်။ အဲဒီ အတွေ့အကြုံတွေက ကိုယ်တကယ် အလုပ်ခွင်ထဲ ရောက်တဲ့အခါမှာလည်း သိပ်အဖိုးတန်ပါလိမ့်မယ်။

■ ၄။ လူတွေနဲ့ တွဲဖက် အလုပ်လုပ်နိုင်စွမ်းများ ရှိလာခြင်း

လူတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ ကျွမ်းကျင်မှု (Skill) ကို သုံးဆင့်ခွဲလို့ ရပါတယ်။ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု (Technical Skill) ၊ လူမှုစွမ်းရည် (Human Skill) နဲ့ သဘောတရားရေးရာ ပိုင်နိုင်မှု (Conceptual Skill) တို့ ဖြစ်ပါတယ်။ အလုပ်တစ်ခု စ၀င်မယ်ဆိုရင် သက်ဆိုင်ရာ (Technical Skill) ရှိဖို့ လိုပါတယ်။ ဆရာဝန်ဆို ဆေးကုတတ်ရမယ်ပေါ့။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် တက်ချင်တယ် ဆိုရင်တော့ Human Skill ရှိဖို့ လိုလာပါတယ်။ လူတွေ နဲ့ တွဲဖက် အလုပ်လုပ်နိုင်တာ၊ ဦးဆောင်နိုင်တာ၊ စည်းရုံးလှုံ့ဆော်နိုင်တာ၊ ညှိနှိုင်း ဆောင်ရွက်တတ်တာ၊ စီမံခန့်ခွဲနိုင်တာ၊ ဒီလို အရည်အသွေးမျိုးတွေကို ခေါ်တာပဲ ဖြစ်ပါတယ်။

ပရဟိတ လုပ်နေကြတယ် ဆိုပေမယ့် လူတိုင်းဟာ တူညီနေကြတာ မဟုတ်ပါဘူး။ သည်းခံတဲ့အခါ သည်းခံရတယ်။ ပြတ်သားသင့်တဲ့အခါ ပြတ်သားရတယ်။ စည်းရုံးဖို့ လိုတဲ့အခါ စည်းရုံးရတယ်။ အိမ်မှာနေခဲ့တဲ့ ပုံစံအတိုင်း၊ မိဘကို ဆိုးခဲ့တဲ့ပုံစံအတိုင်း လုပ်လို့မရပါဘူး။

အမေရိကန်သမ္မတ (ဟောင်း) အိုဘားမားရဲ့သမီးက ဘာဂါဆိုင်မှာ အလုပ်ဝင်လုပ်ပါတယ်။ ပိုက်ဆံလိုလို့လား၊ စတန့်ထွင်တာလား။ မဟုတ်ပါဘူး။ ဘယ်ကျောင်း၊ ဘယ်တက္ကသိုလ်ကမှ သင်မပေးနိုင်တာကို သွားသင်တာပါ။ ဘာလဲဆိုတော့ လူတန်းစားပေါင်းစုံနဲ့ ဆက်ဆံနိုင်စွမ်းပါပဲ။ အရိုင်းအယဉ်၊ အဖြူအမည်း၊ ပညာတတ်ပညာမဲ့၊ ဒီလို လူပေါင်းစုံကို အောင်အောင်မြင်မြင် ဆက်ဆံနိုင်ဖို့ သွားသင်တာပါ။ အဲဒီပညာကို ပရဟိတ အလုပ်တွေက တစ်ဆင့် သင်ယူလို့ရနိုင်ပါတယ်။

■ ၅။ လူမှုရေးကွန်ရက် ကျယ်လာခြင်း

ဒီနေ့ခေတ်မှာ လူမှုအရင်းအနှီးလို့ခေါ်တဲ့ Social Capital ကလည်း အောင်မြင်ဖို့အတွက် အရေးကြီး လိုအပ်ချက်တစ်ခုအဖြစ် ပြောလာကြပါပြီ။ များသောအားဖြင့် ကျွန်တော်တို့ဟာ ကိုယ့်ပရော်ဖက်ရှင်ထဲက လူအချင်းချင်းလောက်သာ သိကြပါတယ်။ တကယ်တော့ ဥပဒေ၊ စီးပွားရေး၊ ကျန်းမာရေး၊ အနုပညာရှင် စသဖြင့် ကိုယ့်အသိအကျွမ်းတွေ စုံစုံလင်လင် ရှိမယ်။ ကိုယ့် Social Network က ကျယ်ကျယ်ပြန့်ပြန့် ရှိမယ်ဆိုရင် အကူအညီ လိုတဲ့အခါ၊ ချိတ်ဆက်ဖို့ လိုတဲ့အခါတွေမှာ လွယ်လွယ်ကူကူပဲ လုပ်နိုင်ပါလိမ့်မယ်။ အဲဒီလိုကျယ်ပြန့်တဲ့ လူမှုရေးကွန်ရက် တစ်ခုကို ပရဟိတလုပ်ရင်း ရနိုင်ပါတယ်။

■ ၆။ ဥပေက္ခာ ပြုတတ်လာခြင်း

ဥပေက္ခာဆိုတာ အလုပ်တစ်ခုကို ဘာမျှော်လင့်ချက်မှ မထားဘဲ အကောင်းဆုံး လုပ်ဆောင်တာကို ခေါ်တာပါ။ စိတ်ငြိမ်းချမ်းဖို့အတွက် သိပ်အရေးကြီးတဲ့ ဗြဟ္မစိုရ်တရား ဖြစ်သလို ဘ၀အောင်မြင်မှု အတွက်လည်း အရေးကြီးပါတယ်။ ဥပေက္ခာ မပြုနိုင်ဘဲ လူတကာရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေ၊ ထင်မြင်ယူဆချက်ကြားမှာ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်း ရှေ့ဆက်လို့ရမယ် မဟုတ်ပါဘူး။

ပရဟိတ လုပ်တယ်ဆိုလို့ လူတိုင်းက ချီးကျူးနေတယ် မထင်ပါနဲ့။ ကဲ့ရဲ့တဲ့သူတွေ ရှိတယ်။ ပရဟိတသမား အချင်းချင်းကြားထဲမှာတောင် နာမည်လိုချင်လို့ ပြဿနာဖြစ်ရတာတွေ ရှိတယ်။ နောက်ဆုံး ကိုယ်ကူညီပေးနေတဲ့ သူတွေကတောင် အလေးမထားတာ၊ ဂရုမစိုက်တာမျိုးတွေ ရှိပါသေးတယ်။ ဒီအခါမှာ အလွယ်တကူ စိတ်ပျက်တတ်မယ်။ ငါဒီလောက်လုပ်နေတာ အကောင်းလည်း မပြောကြဘူး။ စေတနာကို နားမလည်ဘူး စသဖြင့်  တုံ့ပြန်မှုကို မျှော်လင့်တဲ့စိတ်နဲ့ လုပ်နေမယ် ဆိုရင်တော့ ပရဟိတကို ရေရှည်လုပ်နိုင်ဖို့ရာ မလွယ်ပါဘူး။

■ ၇။ ခံယူချက် မှန်လာခြင်း

လူတစ်ယောက်မှာ Attitude ဆိုတဲ့ ခံယူချက်မှန်ဖို့ဟာ သိပ်အရေးကြီးပါတယ်။ မိဘဆင်းရဲတာချင်း အတူတူပေမယ့် တစ်ယောက်က ခိုးဆိုးလုယက်တဲ့သူ ဖြစ်သွားတယ်။ နောက်တစ်ယောက်က ပညာနဲ့ ဆင်းရဲတွင်းထဲက ရုန်းထွက်တယ်။ ဘာကွာသွားတာလဲ ဆိုရင် ခံယူချက် ကွာသွားတာပါပဲ။

ပရဟိတ ခရီးတစ်ခုဟာ ဘယ်လောက်ပဲ ကြိုတင်စီစဉ်ထားပါစေ လွဲတတ်ချော်တတ်တယ်။ မထင်မှတ်ဘဲ အချိန်တွေ ကြာကုန်တယ်၊ ပစ္စည်းတွေ လေလွင့်တယ်။ လက်တွေ့မှာလည်း အောင်မြင်မှုဆီ သွားရာလမ်းဆိုတာ ဒီလိုပဲ မမျှော်လင့်ထားတာတွေနဲ့ ပြည့်နှက်နေတာ။ ဒီအခါမှာ မထင်မှတ်ဘဲ ဖြစ်လာတဲ့ ပြဿနာတွေကို အကောင်းမြင်စိတ်နဲ့ ကျော်လွှားတတ်တဲ့ အလေ့အကျင့်က သိပ်အရေးကြီးလာပါတယ်။ အဲဒီအလေ့အကျင့်၊ အဲဒီ Mindset ကို ပရဟိတခရီးတွေက တစ်ဆင့် တဖြည်းဖြည်း တည်ဆောက်ယူ နိုင်ပါတယ်။

■ ၈။ တူသောအကျိုးပေးခြင်း

ဒါကတော့ ဘာသာရေး ယုံကြည်ချက်နဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ က ကံကံ၏ အကျိုးကို ယုံကြည်ပါတယ်။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်ပေါ့။ ခုလိုမျိုး သူတစ်ပါး အဆင်ပြေအောင် စေတနာ သန့်သန့်နဲ့ ကူညီထားသူတွေဟာ ကိုယ် ကိုယ်တိုင် ဒုက္ခတွေ့တဲ့အခါ၊ အခက်အခဲဖြစ်တဲ့ အခါမှာလည်း ကူညီမယ့်သူ တစ်ယောက် မဟုတ်တစ်ယောက် အမြဲပေါ်တတ်ပါတယ်။

■ ၉။ ဘ၀အဓိပ္ပာယ် ရှိလာခြင်း

လူသားတွေပဲ ဖြစ်တာမို့ ကျွန်တော်တို့ ပျော်ကြ ပါးကြတယ်။ ဒါမဆန်းပါဘူး။ ဒါပေမဲ့ အဲဒီလို ပျော်ပြီးတိုင်းမှာ စဉ်းစားကြည့်ပါ။ ပျော်လိုက်တာပဲ ရှိတယ်၊ ငါတော့ လူဖြစ်ရကျိုး နပ်တယ်ဆိုတဲ့ ပီတိမျိုး မခံစားရပါဘူး။
ပရဟိတ လုပ်ပြီးတိုင်းမှာတော့ အဲဒီပီတိကို ခံစားရပါတယ်။ ကိုယ့်ကြောင့် ကြီးကြီးမားမား ဖြစ်မလာတောင် ဒီအသိုင်းအ၀ိုင်း တစ်ခုအတွက် ငါ လုပ်ပေးနိုင်ခဲ့ပြီဆိုတဲ့ ခံစားမှုဟာ ဘာနဲ့မှမတူပါဘူး။ ရေးပြလို့လည်း မရဘူး။ ခံစားဖူးတဲ့ သူတွေသာ သိနိုင်တဲ့အရာမျိုးပါ။

■ ၁၀။ လုပ်ငန်းခွင်မှာ အောင်မြင်လာခြင်း

အပေါ်မှာပြောခဲ့တဲ့ လူတွေနဲ့ တွဲဖက် အလုပ်လုပ်နိုင်စွမ်း၊ အကောင်းမြင်စိတ်၊ အပင်ပန်း ခံနိုင်လာခြင်း၊ Social Network ကျယ်လာခြင်းစတဲ့ အရည်အသွေးတွေ ရှိထားတဲ့ လူတစ်ယောက်ဟာ လုပ်ငန်းခွင်မှာလည်း အောင်မြင်မှု ရလာတော့မှာ မဆန်းပါဘူး။ အလုပ်ခွင်မှာဆိုလည်းသူတို့ဟာ ဘယ်သူ့ကို ဘယ်လိုကူညီရမလဲ စဉ်းစားကြတယ်။ သူတို့ကြောင့် လူတွေ အဆင်ပြေသွားစေဖို့ပဲ လိုချင်ကြတယ်။ ဒီတော့ လူချစ်လူခင်လည်း များတာပေါ့။

ကြီးကျယ်ခမ်းနားတဲ့ ပရဟိတတွေဟာ အတ္တဟိတအပေါ် အခြေခံပြီး တည်ဆောက်ရပါတယ်။ ဆိုလိုတာက ထမင်းငတ်နေတဲ့ ကလေးကို ဗိုက်ဟောင်းလောင်းနဲ့ ဖြစ်နေတဲ့ ကိုယ်က ထမင်းဘယ်နှနပ် ကျွေးနိုင်မှာလဲ။ လဲနေတဲ့သူကို ထူပေးဖို့ ကိုယ်က မြဲမြဲရပ်နေနိုင်အောင် အရင်ကြိုးစားရပါတယ်။ ဒါကြောင့် လူတွေကို သိပ်ကူညီချင်လာတဲ့ သူတွေဟာ သူတို့ရဲ့ အလုပ်မှာ ထူးချွန်အောင်၊ ၀င်ငွေပိုတိုးအောင်၊ ပညာပိုတတ်အောင် ကြိုးစား လာကြတယ်။ ပြီးရင် အဲဒါတွေကို အများအကျိုးအတွက် ပြန်အသုံးချကြတယ်။

အကောင်းဘက်ကနေ မရမက လှည့်တွေးရရင် ဆင်းရဲတဲ့ တိုင်းပြည်မှာ လူလာဖြစ်တာ ကျွန်တော်တို့အတွက် ကံကောင်းတာ တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ပရဟိတလုပ်ခွင့် ရတာပါပဲ။ နိုင်ငံတကာမှာ ရေကြီးတဲ့အခါ၊ မုန်တိုင်းဝင်တဲ့အခါ ဘယ်သူမှ ထမင်းထုပ်ဝေစရာ မလိုပါဘူး။ အစိုးရကပဲ အကုန်လုပ်ဆောင်သွားပါတယ်။ ဒီလိုပဲ ကလေးတွေကို လက်ဆေးနည်း သွားသင်ပေးစရာ၊ လက်ဆေးဆပ်ပြာ သွားလှူစရာလည်း မလိုသလို၊ မလိုပါဘူး။ အစိုးရ လုပ်ဆောင်သလောက်တော့ မထိရောက်ပေမယ့် လေးစားရတဲ့ ဆရာတစ်ယောက် ပြောသလို မိခင်နို့လောက်တော့ မကောင်းပေမယ့် မိခင်နို့က အထွက်နည်းနေတဲ့ အခါမှာတော့ ကျွန်တော်တို့ တိုက်ကျွေးတဲ့ နို့ရည်တွေကလည်း တစ်စုံတစ်ရာ အကျိုးရှိစေပါတယ်။ ဒီကုသိုလ်တွေက မြန်မာနိုင်ငံလို နေရာမျိုးတွေမှာသာ ရနိုင်ပါတယ်။ ကျွန်တော်တို့တွေ စကားထဲတောင် အထူးတဆန်းလုပ် ထည့်မပြောကြတဲ့ Volunteer Experience စေတနာ့ဝန်ထမ်း အတွေ့အကြုံက နိုင်ငံတကာမှာဆို သိပ်တန်ဖိုးထားပြီး တကူးတက လိုက်ရှာရတာမျိုးပါ။

ဒါကြောင့်မို့ ဘ၀က အဓိပ္ပာယ်မရှိသလို ခံစားနေရရင်၊ စိတ်ဓာတ်ကျနေရင်၊ ၁၀ တန်းအောင်ပြီးစ၊ ဘွဲ့ရပြီးစ လူငယ်တွေ ဘာလုပ်ရမှန်း မသိဖြစ်နေရင် တစ်ခုပဲ အကြံပေးလိုပါတယ်။ အဲဒါ ဘာလဲဆိုတော့ ပရဟိတ ကို အချိန်ပေးပြီး ၀င်လုပ်လိုက်ပါ ဆိုတာပါပဲ။
Eleven Media Group

No comments:

Post a Comment