Latest News

Tuesday, July 4, 2017

ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃ဦးကို နမ့်ဆန်မြို့မရဲစခန်းမှာ အမှုပြောင်းဖွင့်

ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃ဦးကို နမ့်ဆန်မြို့မရဲစခန်းမှာ အမှုပြောင်းဖွင့်

မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ခံထားရတဲ့ သတင်းသမားသုံးဦးနဲ့ ယာဉ်မောင်းသုံးဦးကို သီပေါမြို့မရဲစခန်းကနေ နမ့်ဆန်မြို့မ ရဲစခန်းမှာ ပြောင်းရွှေ့အမှုဖွင့်လိုက်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ နမ့်ဆန်မြို့နယ်အတွင်းဖြစ်တာကြောင့် လုပ်ထုံးလုပ်နည်းအရ နမ့်ဆန်မြို့မရဲစခန်းမှာ အမှုလွှဲပြောင်း ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ သီပေါမြို့မရဲစခန်းက ဒုရဲမှူး မြင့်ကျော် ကပြောပါတယ်။

"သူအခင်းဖြစ်တဲ့နေရာက နမ့်ဆန်မှာ ဖြစ်တဲ့အတွက် နမ့်ဆန်မြို့နယ်ကို ကျနော်တို့ အမှုတွဲလွှဲပေးရတယ် ခင်ဗျ။ နမ့်ဆန်မြို့မရဲစခန်းမှာ မူလအမှုတွဲကြီးကို လွှဲပေးရတယ်။ လွှဲပေးပြီးတော့ နမ့်ဆန်မှာ တစ်ခု ထပ်ဖွင့်တာပေါ့။ "

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က တအာင်းလွတ်မြောက်ရေးတပ်မတော်က ဦးဆောင်ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကနေအပြန် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်နဲ့ သီပေါမြို့နယ်ကြားမှာ ဒီမိုကရက် တစ်မြန်မာ့အသံ DVB က သတင်းသမား ၂ ဦး၊ ဧရာဝတီ သတင်းဌာနက သတင်းသမား ၁ ဦးနဲ့ ယာဉ်မောင်း ၃ ဦးကို တပ်မတော်က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်က ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့မှာ သီပေါမြို့မရဲစခန်းမှာ မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁)နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ရဲလုပ်ထုံးလုပ်နည်းအရ တရားလိုက လာရောက်တိုင်တန်းတဲ့အခါ အမှုဖွင့်ပေးရပြီး နောက်မှ အခင်းဖြစ်ပွားရာနေရာကို ပြန်လည်စိစစ်ပြီး သက်ဆိုင်ရာ ရဲစခန်းကို ပြန်လည်လွှဲပြောင်းပေးရတာ ဖြစ်တယ်လို့ သီပေါမြို့မ ရဲစခန်းက ဒုရဲမှူး မြင့်ကျော် ကပြောပါတယ်။

အဲဒီအမှုကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပြီး သီပေါမြို့နယ်တရားရုံးနဲ့ နမ့်ဆန်မြို့နယ် တရားရုံး ဘယ်ရုံးမှာ ရုံးထုတ်မလဲဆိုတာ အတိအကျ မသိရသေးဘူးလို့လည်း ဒုရဲမှူး မြင့်ကျော် ကပြောပါတယ်။

Photo: Protection For Journalists Committee Myanmar Facebook

RFA

No comments:

Post a Comment