Latest News

Tuesday, July 4, 2017

ချင်းတွင်းမြစ်အောက်ပိုင်းမြို့တွေမှာ မြစ်ရေကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ချင်းတွင်းမြစ်အောက်ပိုင်းမြို့တွေမှာ မြစ်ရေကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်ထက်ကျော်နေပြီး မြစ်အောက်ပိုင်းမှာရှိတဲ့ မြို့တွေမှာလည်း မြစ်ရေကြီးနိုင်တဲ့ အခြေအနေတွေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဟုမ္မလင်းမြို့မှာ ဒီနေ့မနက်ကစပြီး စိုးရိမ်ရေမှတ်ထက်ကျော်နေပြီး ခန္တီးမြို့မှာလည်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"ချင်းတွင်းမြစ်မှာပေါ့နော်။ ခန္တီးမြို့မှာပေါ့နော်၊ ဒီ ၂၄ နာရီအတွင်းတော့ စိုးရိမ်ရေမှတ် ရောက်နိုင်တဲ့အနေထားလေးတွေ ရှိတယ်ပေါ့နော်။ အဲဒီလိုပဲ ဟုမ္မလင်းမှာတော့ ဒီနေ့မနက်တိုင်းတာချက်အရတော့ ၁ ပေနီးပါးတော့ ကျော်နေပြီပေါ့။ သူက ဆက်တက်ဦးမယ့် အနေအထားရှိတော့ ဟုမ္မလင်းမှာတော့ စိုးရိမ်ရေအမှတ်ထက်မှာ ဆက်ပြီးတော့ ရှိနေဦးမှာပေါ့နော်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနေတာ ၃၊ ၄ ရက်လောက် ဆက်တိုက်မိုးကြီးနေတဲ့ အနေထားလေးတွေရှိတယ်ပေါ့နော်။ နေရာကွက်ပြီး မိုးကြီးတဲ့အနေထားကြောင့်မို့လို့ ချင်းတွင်းမြစ်ရေ မြင့်တက်လာခြင်းဖြစ်ပါတယ်။"

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဖောင်းပြင်မြို့နဲ့  မော်လိုက်မြို့တွေမှာ ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပြီး ကလေးဝနဲ့ မင်းကင်းမြို့တွေမှာတော့ နောက် ၂ ရက်အတွင်း၊ ကနီနဲ့ မုံရွာမြို့တွေမှာတော့ နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်တွေကို ရောက်နိုင်တယ်လို့ ပြောပါတယ်။

မြစ်ရေကြီးတာကြောင့် မြစ်ကမ်းပါးပြိုတာတွေ ဖြစ်နိုင်တဲ့အတွက် မြစ်ကမ်းပါးနားမှာနေထိုင်သူတွေ သတိထားဖို့လည်း ကြေညာထားပါတယ်။

ဒါ့အပြင် မြစ်ရေနဲ့အတူ မျောပါလာနိုင်တဲ့ သစ်တုံးတွေ ဆောင့်မိတာကြောင့် နေအိမ်အဆောက်အဦတွေ ပျက်စီးနိုင်တာတွေကိုလည်း သတိပြုဖို့၊ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ မြွေတွေလည်း မျောပါလာနိုင်တာကြောင့် သတိထားဖို့ လိုတယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

ဓါတ်ပုံ - ဇော်ဇော်ဌေး တကိုယ်တော် အောင်လံ ဖေ့စ်ဘွတ်

RFA

No comments:

Post a Comment