Latest News

Saturday, July 1, 2017

ပြည်မြိုတွင် သုံးရက် ဆက်တိုက် အုပ်စုဖွဲ့ ဓားခုတ်မှုဖြစ်

ပြည်မြိုတွင် သုံးရက် ဆက်တိုက် အုပ်စုဖွဲ့ ဓားခုတ်မှုဖြစ်

ပြည်၊ ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ဇွန်လ ၂၈ ရက်မှ ဇွန်လ ၃၀ ရက်အထိ သုံးရက်ဆက်တိုက် အုပ်စုဖွဲ့ ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးက ပြောကြားသည်။

ဇွန်လ ၂၈ ရက် ညပိုင်းက နဝဒေး ကုန်စည်ကားဝင်းရှိ Royal Star KTV စင်တင် စားသောက်ဆိုင်တွင် အသက် ၂၃ နှစ်အရွယ် လူငယ်သုံးဦးကို ဆိုင်ဝန်ထမ်းများက အုပ်စုဖွဲ့ ရိုက်နှက်ကာ ဓားဖြင့်ထိုးမှုကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးမှာ ဒဏ်ရာ ရခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက် ညပိုင်းက ရွှေလက်လှ နဝင်းရပ်ကွက်တွင် မိုးမေတ္တာ နာရေးကူညီမှု အသင်းဝင် လူငယ်နှစ်ဦးကို ကိုခွန်းချို အပါအဝင် လူငယ်နှစ်ဦးက ဓားဖြင့်ထိုးခဲ့ရာ ဓားထိုးခံရသူတစ်ဦး ဆေးရုံတွင် ကုသရကြောင်း၊ မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အလားတူ ဇွန်လ ၃၀ ရက် ညပိုင်းက ကျောင်းကြီးအိုးတန်းရပ် ကမ်းနားလမ်းရှိ လှိုင်းဧရာ စင်တင် စားသောက်ဆိုင်၌ ကိုကိုကိုအောင် (ခ) စာကလေး အပါအဝင် လူငယ်လေးဦးနှင့် ကိုဇင်ကိုပိုင် အပါအဝင် လူငယ်ရှစ်ဦးတို့ အုပ်စုဖွဲ့ ရန်ဖြစ်ကာ ဓားဖြင့်ခုတ်မှုကြောင့် နှစ်ဦးဒဏ်ရာရရှိသဖြင့် အပြန်အလှန် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“အဓိက ဖြစ်နေတာက ကလေးငယ်တွေ ဉာဏ်နည်းပါးတယ်၊ လက်လုပ်လက်စားတွေ၊ ပညာ အရည်အချင်း နိမ့်ကျတယ် အရက်သေစာ သောက်စားပြီး လူမိုက်ပုံစံမျိုး ဖြစ်ချင်နေကြတယ်”ဟု ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးထံမှ သိရသည်။

အုပ်စုဖွဲ့ ဓားခုတ်မှု ဆက်တိုက်ဖြစ်ပေါ်ကာ တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိကာ ဆေးရုံတွင် ကုသရမှုများကြောင့် ညပိုင်းတွင် ဆိုင်ကယ်များကို ရဲတပ်ဖွဲ့ဝင်များက တုတ်၊ ဓား၊ လက်နက် စစ်ဆေးခြင်း၊ နယ်မြေ ရဲစခန်းများကု မိမိနယ်မြေတွင် မပါသောလည်း မှုခင်းဖြစ်ပွားပါက အလျင်အမြန် ထိန်းသိမ်းဖော်ထုတ်ရန် ညွှန်ကြားထားကြောင်း၊ ရဲတပ်ဖွဲ့အနေနှင့် မှုခင်း ကြိုတင် ကာကွယ်ရေး၊ မှုခင်းကျဆင်းရေးနှင့် မှုခင်းဖြစ်စဉ်များမှ ကျူးလွန်သူများကို အမြန် ဖော်ထုတ်နေကြောင်း၊ ယင်းလုပ်ဆောင်မှုများတွင် ပြည်သူလူထု ပူးပေါင်းရန်လိုအပ်ကြောင်း ၎င်းထံမှ သိရသည်။

“ကျွန်တော်တို့ဆီက ကောင်လေးတွေ အိမ်ပြန်ရေချိုးပြီး ပြန်လာတော့ လမ်းမှာ ကွမ်းဝင်ဝယ်တယ်၊ အသင်း ယူနီဖောင်း ဝတ်ထားတော့ အနောက်မှာ နိုင်ငံတော်အလံပုံ ပါနေတော့ ဆိုင်ကယ်ရပ်ပြီး မင်းတို့က ရဲလားဆိုပြီး ဓားနဲ့လိုက်ခုတ်တာ”ဟု ပြည်မြို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမိုးကြီးက ပြောသည်။

The Voice

No comments:

Post a Comment