Latest News

Monday, July 10, 2017

ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ တိုင်းအစိုးရက လွှတ်တော်သို့ရှင်းပြ

ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ တိုင်းအစိုးရက လွှတ်တော်သို့ရှင်းပြ

လွှတ်တော်အမတ်များ ဆွေးနွေးရန် အချိန်တစ်ရက်သာ ကြိုတင်အသိပေးသဖြင့် တိုင်းအစိုးရကပေးသော အချိန်မလုံလောက်ဟု ဒေါ်စန္ဒာမင်းပြော

ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်း စဉ် ငါးရပ်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်ယူ၍ ရန်ကုန်တိုင်းအစိုးရက လွှတ်တော် အမတ်များအား ရှင်းပြခဲ့သည်။

ဇူလိုင် ၁၀ ရက်က ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အရေး ပေါ်အစည်းအဝေးတွင် ရန်ကုန် တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးအောင် စိုးမိုးကို တာဝန်ပေးခန့်အပ်ခဲ့ပြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က ရန်ကုန်မြို့သစ်စီမံ ကိန်းကို လွှတ်တော်၌ ရှင်းပြခဲ့ သည်။

ယင်းစီမံကိန်းကို ဆွေးနွေး လိုသော လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ဇူလိုင် ၁၁ ရက်တွင် ဆွေးနွေးလိုသည့် အချက်များကို တိုင်းအစိုးရထံပေးပို့ရမည် ဖြစ်သဖြင့် တိုင်းအစိုးရပေးသည့် အချိန်သည် မလုံလောက်ကြောင်း ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။ ထို့အပြင် နယ်လုံဝန်ကြီးအဖြစ် ခန့်အပ်ခံရသော ဗိုလ်မှူးကြီးအောင်စိုးမိုး၏ ကိုယ်ရေးအကျဉ်း ဖော်ပြမှုသည်လည်း ပြည့်စုံမှုမရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောကြားသည်။

ရန်ကုန်မြို့တော်ကို တိုးချဲ့ တည်ဆောက်ရန် လိုအပ်လာမှု၊ ရန်ကုန်မြို့တော် တိုးချဲ့တည် ဆောက်ရန် ယခင်အစိုးရ၏ ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိ ရန်ကုန်မြို့သစ် တည်ဆောက်မည့် အစီအမံနှင့် ပြင်ဆင်ဖွဲ့စည်းခြင်းများ၊ လုပ်ငန်းဆောင်ရွက်မှုပုံစံ ပြန်လည်ပြင်ဆင်သည့် အကြောင်းရင်းများနှင့် ကြုံတွေ့နိုင် သည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲမှုများအပေါ် ပြင်ဆင် ထားမှုများ စသည့်လုပ်ငန်းစဉ် ငါးရပ်ကို ဝန်ကြီးဒေါ်နီလာကျော်က လွှတ်တော်တွင် တင်ပြခြင်း ဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်ခြင်းကြောင့် ကျူး ကျော်ပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာ၊ ရေပေးဝေမှုပြဿနာ၊ လျှပ်စစ်မီးပြဿနာ၊ လမ်းပိတ်ဆို့ မှုပြဿနာနှင့် မြေယာဈေးကြီးမှု ပြဿနာ စသည့်ပြဿနာများ ဖြေ ရှင်းနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်ကပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြီးခဲ့သည့်အစိုးရအဖွဲ့ ဆောင်ရွက်ထားမှုပုံစံအတိုင်း လုပ်ဆောင်မည်မဟုတ်ဘဲ ပုံစံအသစ်ဖြင့် တည်ဆောက်မည်ဖြစ် ကြောင်းလည်း ၎င်းကပြောသည်။

ရန်ကုန်မြို့၏လူဦးရေသည် နောင် ၁၀ နှစ်တွင် လူဦးရေ ၁၀ သန်းအထိ တိုးလာဖွယ်ရှိသော ကြောင့် ရန်ကုန်မြို့၏ လက်ရှိနယ်နိမိတ်အတွင်း၌ လူဦးရေတစ်သန်းမှ နှစ်သန်းခန့်အထိသာ ထပ်မံနေထိုင်နိုင်ရေး စီစဉ်နိုင်မည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ရှင်းပြသည်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည် ဖော်ရာတွင် World Bank, IMF, IFC အစရှိ သော ငွေကြေးဆိုင်ရာနေရာဌာန များက ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းခွင် ၌ ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံ ခြားချေးငွေရယူခြင်း၊ လျှပ်စစ် လုပ်ငန်းနှင့် ရေလုပ်ငန်း အစရှိ သည်တို့ကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုစနစ် (PPP)ဖြင့် ဆောင်ရွက်ခြင်း စသည့်နည်းလမ်းသုံးမျိုးဖြင့် ငွေကြေးအရင်းအနှီး ရယူမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်ကပြောသည်။

မြို့သစ်စီမံကိန်းကို ရန်ကုန် တိုင်းဒေသကြီး အစိုးရနှင့် မြန်မာ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ ပူးတွဲတည် ထောင်ထားသည့် အများပိုင်ကုမ္ပ ဏီတို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကျပ် ၄၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့် သောင်းကဆိုသည်။

မြို့သစ်စီမံကိန်း၌ တိုင်းဒေ သကြီးအစိုးရက ရင်းနှီးမြှုပ်နှံရာတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပါဝင်မည့်အပေါ် လက်မခံ နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ကန့်ကွက်ထား သည်။

ကြည့်မြင်တိုင် တစ်ဖက်ကမ်း၌ အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်း ဖော်ဆောင်ရန် စီစဉ်နေ သည်။ ထိုသို့ ရင်းနှီးမြှုပ်နှံရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် စီးပွားရေးလုပ်ကိုင်ရန် ကျွမ်းကျင်မှုမရှိ၍ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အစိုးရအဖွဲ့မှ ပါဝင်မည်ဟု ကြားသိရကြောင်း ဒေါ်စန္ဒာမင်းက မတ်လ ၂၃ ရက်၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

 ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရေးကိစ္စ လွှတ် တော်တွင် ရှင်းလင်းမှုနှင့် ပတ် သက်ပြီး လွှတ်တော်ကိုယ်စား လှယ်များက လွှတ်တော်၌ ဆွေး နွေးခွင့်ပေးရန် ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က တင်ပြလျှောက်ထားရာ လွှတ် တော်က သဘောတူခဲ့သည်။

‘‘မြို့သစ်စီမံကိန်းနဲ့ ပတ် သက်ပြီး ရှင်းပြသွားတာပေါ့။ ဒီစီ မံကိန်းကို ဆက်လက်ပြီး ဆောင် ရွက်ဖို့ တင်ပြသွားတာ ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းဆောင်ရွက်ဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအသစ်ကတော့၊ ဆောင်ရွက်မယ့် ပုံစံအသစ်ကတော့ ပြောင်းလဲပါတယ်။ ကျွန်မတို့အနေနဲ့ ဒီနှစ်ချက်ပဲ သိရပါသေးတယ်။ စီမံကိန်းကတော့ အကြီးကြီးဖြစ်ပါတယ်။ နောက်ပြီး ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်မယ့် ကော်မတီကိုလည်း ဖွဲ့စည်းသွားမယ်လို့ ပြောထားပါ တယ်။ ကျွန်မတို့က လွှတ်တော် ကိုယ်စားလှယ်တွေဆိုတော့ ဒီစီမံကိန်းအကြောင်းကို ဆွေးနွေးပိုင် ခွင့်ရှိပါတယ်’’ဟု ဒေါ်စန္ဒာမင်းကပြောသည်။

မြို့သစ်စီမံကိန်းကို ကြည့် မြင်တိုင်တစ်ဖက်ကမ်း၊ ဆိပ်ကြီး ခနောင်တိုနှင့် တွံတေးမြို့နယ် တို့ရှိ မြေဧက ၃၀,၀၀၀ ကျော် တွင် အကောင်ထည်ဖော်ဆောင်ရွက်ရန် လျာထားပြီး မြစ်ကူးတံတားငါးစင်းဖြင့် သွယ်တန်း ဆောက်လုပ်မည်ဖြစ်သည်။ အ ခြေခံအဆောက်အအုံများ အပါအဝင် တန်ဖိုးနည်း၊ တန်ဖိုးသင့် လုံးချင်းအိမ်ရာ၊ ဘိုးဘွားရိပ်သာ များ၊ ဆေးရုံများနှင့် ကျောင်းများ၊ ဈေးများပါ ထည့်သွင်းတည် ဆောက်ရန် လျာထားသည်။

 ဗိုလ်မှူးကြီးတင်အောင်ထွန်း၏ နေရာသို့ အစားထိုးဝင်ရောက်ကာ ရန်ကုန်တိုင်း နယ်လုံဝန်ကြီးဖြစ်လာသူ ဗိုလ်မှူးကြီး အောင်စိုးမိုးသည် ဇူလိုင် ၁၀ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် ကတိသစ္စာပြုခဲ့သည်။
7Day News

No comments:

Post a Comment