Latest News

Tuesday, July 11, 2017

နမ့်ခမ်းတွင် ဆက်ကြေးကောက်သည့် တအာင်းတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ဖမ်းဆီး၊ ၁ ဦးသေဆုံး

နမ့်ခမ်းတွင် ဆက်ကြေးကောက်သည့် တအာင်းတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ဖမ်းဆီး၊ ၁ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ ပေါက်လုံရပ်ကွက်ထဲမှာ ယမန်နေ့က မြို့ထဲ ဆက်ကြေးလာကောက်တဲ့ တီအန်အယ်လ်အေ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ ဦးကို မြန်မာ့တပ်မတော် နယ်မြေအခြေစိုက် တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

နမ့်ခမ်းမြို့ ဈေးဆိုင်တွေမှာ တီအန်အယ်လ်အေက ဆက်ကြေးလိုက်ကောက်နေကြောင်း သတင်းရလို့ တပ်မတော်စစ်ကြောင်းက ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူနေစဉ် ယမန်နေ့ မွန်းလွဲ တနာရီခွဲလောက်က အရပ်ဝတ်နဲ့ ဆက်ကြေးကောက်နေတဲ့ ၂ ဦးကို တွေ့လို့ စစ်ဆေးခဲ့ရာမှာ ဓားနဲ့ ပြန်တိုက်ခိုက်တဲ့အတွက် လက်နက်ငယ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူ ၂ ဦးမှာ အိုက်စံအောင်နဲ့ မိုင်းအိုက်ဦးတို့ ဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးစဉ်  အိုက်စံအောင်မှာ လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရသွားလို့ နမ့်ခမ်းမြို့နယ်တပ်ဆေးခန်းမှာ ဆေးကုနေစဉ်  ညနေ ၆ နာရီ ၅ မိနစ်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်ကတော့ နမ့်ခမ်းမြို့ထဲမှာ သူတို့တပ်ဖွဲ့ဝင် အပစ်ခံရတဲ့သတင်း တက်မလာသေးသလို့ တပ်ဖွဲ့ဝင်တွေ နမ့်ခမ်းမြို့ပေါ်မှာ ဆက်ကြေးသွားကောက်တာ မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျေန်ာတို့ဘက်ကတော့ ဘာမှမကြားရသေးဘူး၊ အဲဒီဘက်မှာ ဆိုင်ထဲ ဝင်ကောက်တာလည်း မရှိပါဘူး၊ ပြောမယ်ဆိုရင်တော့့ အခု ကျနော်တို့ အာရ်စီအက်စ်အက်စ်နဲ့ တိုက်ပွဲဖြစ်နေတယ်။ ဖြစ်တိုင်းလည်း အာရ်စီအက်စ်အက်စ်လော်ဘီတွေက ကျနော်တို့ကို အဲလိုမျိုးသတင်း လွှင့်တာတွေ ရှိတယ်။”

နမ့်ခမ်းဒေသခံတဦးကတော့ တီအန်အယ်လ်အေအဖွဲ့ဟာ နမ့်ခမ်းမှာ ဆက်ကြေးလာကောက်နေကျ ဖြစ်ကြောင်း အထူးသဖြင့် ပွဲရုံတွေ၊ တည်းခိုခန်း၊  ကုန်စုံဆိုင်၊ တယ်လီဖုန်းဆိုင်၊ ဓာတ်ဆီဆိုင်တွေကို ကောက်ခံနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ပွဲရုံဆို ကျပ် ၄ သိန်း ကောက်တယ်၊ ၄ သိန်းအပြည့်မပေးဘဲ ၃ သိန်းခွဲ ဆစ်လို့လည်း ရတယ်၊ ဒါပေမယ့် ဆစ်ရင် ဖြတ်ပိုင်းမရဘူး၊  ကုန်မာဆိုင် ဖုန်းဆိုင်တွေက  ၁၀ သိန်း၊ ဓာတ်ဆီဆိုင်က သိန်း ၂၀ ကောက်တယ်၊  သူတို့ တခါလာရင် လူ ၂ ယောက်၊ ၃ ယောက် ဆိုင်ကယ်နဲ့ လာကောက်တယ်။ အဲဒီပိုက်ဆံ လာကောက်တာကို ဘယ်မှမတိုင်ရဘူး၊  တိုင်တာသိရင် မင်းတို့ သိမယ်၊ အသက်တို သွားမယ်လို့ ခြိမ်းခြောက်တယ်၊  ဆိုင်တွေကလည်း ကြောက်တော့ မပြောရဲကြဘူးပေါ့။ ပေးလာတာ အရင်နှစ်တွေထဲက။ ဒီနှစ်ဆိုရင် ၃ ခါရှိပြီ လာကောက်တာ။ ဖုန်းအရင်ဆက်တယ်၊ လာတာနဲ့ တခါတည်းယူသွားတာပဲ၊ မနေ့က သူတို့ အပစ်ခံရတော့ ကျိတ်ပြီးဝမ်းသာတာပေါ့၊ တပ်မတော်က ဒီလိုအမြဲဖမ်းပေးရင် ကောင်းတာပေါ့”

ဖမ်းဆီးရမိသူတွေထံကနေ ဆက်ကြေးကောက်ခံရရှိတဲ့ငွေ ၁၀၂၂၀၀၀ ကျပ်၊ ဆက်ကြေးကောက်ခံရမယ့် ဆိုင်အမည်နဲ့ ငွေပမာဏပါ စာရွက် ၁ ရွက်၊ ဆိုင်အမည်နဲ့ ဖုန်းနံပါတ်ပါ စာရွက် ၁ ရွက်၊ ဖုန်း ၂ လုံး၊ ဓားမြှောင် ၁ ချောင်းနဲ့ လိုင်စင်မဲ့ဆိုင်ကယ် ၁ စီးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Zaai HomMain Hom Main
DVB

No comments:

Post a Comment