Latest News

Wednesday, July 5, 2017

ပြည်တော်ပြန် ရသော်လည်း စိတ်မနာနိုင်ပါ

ပြည်တော်ပြန် ရသော်လည်း စိတ်မနာနိုင်ပါ

မြန်မာနိုင်ငံလုပ် လက်နှိပ်ဓာတ်မီးကိုဖွင့်၍ ကိုမိုးသူ အိပ်နေရာမှလန့်နိုးပြီး ထထိုင်မိသည်။ ရင်းနှီး နေသော ဆူဆူညံညံအသံများ ကြားနေရ၏။ သေချာ နားစိုက် ထောင်ပြီးနောက် ဇနီးဖြစ်သူကို လှုပ်နိုးလိုက်သည်။

‘‘ဟဲ့.. မြနှင်း ထတော့ ... ထ တော့။ ဆာရာဝပ်လာနှိုးနေပြီ’’

ဇနီးဖြစ်သူ မြနှင်းသူက မျက် နှာကို လက်နှစ်ဖက်ဖြင့် ပွတ်သပ် လိုက်ပြီး တစ်နှစ်ကျော်အရွယ် သမီးငယ်ကို ပွေ့ချီလိုက်သည်။ ကိုမိုးသူက အိပ်ချင်မူးတူးဖြစ်နေ သော (၄)နှစ်အရွယ် သမီးကြီးကို ပွေ့ချီကာ အဝတ်အိတ်ကိုလည်း လွယ်ရင်း တဲတန်း၏ အပြင်သို့ ပြေးထွက်လာခဲ့သည်။

ဘယ်အချိန်မှန်း တိတိကျကျ မသိသော်လည်း အပြင်ဘက်တွင် လရောင်ကလင်းထိန်နေသည်။ ကိုမိုးသူတို့ မိသားစုဦးတည်၍ အ ပြေးတစ်ပိုင်းသွားနေသည်က ၎င်း တို့တဲတန်းနှင့် ခပ်လှမ်းလှမ်းတွင် ရှိသော ဆာရာဝပ်၏ ကြံခင်းများဆီကို ဖြစ်သည်။

‘‘အထဲတိုးဦး မြနှင်း။ အထဲ တိုးဦး’’

တစ်ရပ်နီးပါးမြင့်သော ကြံခင်းများကြား ခါးကိုင်း၍ ကိုမိုးသူတို့ မိသားစု ခပ်သွက်သွက်တိုးဝင် နေသည်။ ကြမ်းတမ်းသော ကြံရွက်များက ကလေးငယ်ကို မရှမိ အောင်လည်း မြနှင်းသူက ဂရုတစိုက် ပွေ့ပိုက်ထားရ၏။

ဒီလိုအဖြစ်မျိုးက ကိုမိုးသူတို့ မကြာမကြာကြုံရသော လောကငရဲဖြစ်သည်။ ထိုင်းတွင် တရားမဝင်အလုပ်သမားဖြစ်နေသည့်အ လျောက် ထိုင်းရဲများ လာစစ်ဆေးလျှင် အလုပ်ရှင် ဆာရာဝပ်၏ ကြံခင်းများကြားသို့ မိသားစုလိုက် သွားရောက်ပုန်းအောင်းရသည်။ ကိုမိုးသူတို့ မိသားစုတင်လားဆို တော့ မဟုတ်။ ဆာရာဝပ်ဆီတွင် အလုပ်လုပ်နေသော တရားမဝင် မြန်မာလုပ်သားပေါင်းများစွာ ဒီအခင်းကြီးထဲတွင် ပုန်းရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း မဲကျ လောင်းမြို့ရှိ ကြံခင်းပိုင်ရှင် ဆာရာဝပ်တွင် တရားမဝင်လုပ်သား ပေါင်း ၅၀ ကျော်ရှိသလို ကြံခင်းကလည်း ၎င်းတို့အားလုံး ဝင်ပုန်း နေ၍ရအောင် ဧက ဆယ်နှင့်ချီ၍ ကျယ်ဝန်းသည်။

ထိုင်းရဲများလာစစ်ဆေးပြီဆိုပါက အလုပ်ရှင် ဆာရာဝပ်နှင့် သူ့တပည့်များက အလုပ်သမားတဲ တန်းနားတွင် ‘‘ပိုင်ဝှီး၊ ဝှီး ထပြေးတော့၊ ပြေးတော့’’ဟု အသံပေးကာထွက်ပြေးရန် နံရံများကို တဘုန်းဘုန်းပုတ်၍ အချက်ပြသည်။ ဒါဆို လျှင်တော့ ကိုမိုးသူတို့အပါအဝင် အလုပ်သမားတစ်စု ငုံ့ကာလျှိုးကာနှင့် ကြံခင်းထဲဝင်ပြေးရပြီ။

ဆာရာဝပ် လာမခေါ်မချင်း နာရီပေါင်းများစွာကြာလျှင်လည်း ကြာတတ်သည်။ ကြံခင်းထဲတွင် အိပ်ပြီးစောင့်ရသည့် အခိုက်အတန့်တွေလည်းမနည်း။

‘‘ကြံပင်တွေနည်းတဲ့ မြေကွက်လပ်ကိုရောက်အောင် တိုးရတယ်။ သူသူကိုယ်ကိုယ်လည်း ငုတ်တုတ်ထိုင်တွေနဲ့ ပုန်းကြတာ အများကြီးပဲ။ ကလေးတွေသိပ်ဖို့ ကြံပင်တွေနဲ့ ခြင်ထောင်ချည်ပြီး မြေပြင်ပေါ် အိပ်ရတယ်’’ဟု မျက် နှာညှိုးငယ်နေသော ကိုမိုးသူက သူ၏ကလေးငယ်ကိုကြည့်၍ ပြောသည်။

ကိုမိုးသူသည် အသက် (၃၄) နှစ်ရှိပြီဖြစ်ကာ ဆာရာဝပ်ထံတွင် တစ်နေ့ဘတ် ၂၀၀ ဖြင့် ကြံချိုးသည့် နေ့စားအလုပ်လုပ်ကိုင်သူဖြစ်၏။ ကိုမိုးသူသည် ထိုင်းသို့သွားရောက်လုပ်ကိုင်သည်မှာ သုံးနှစ်ရှိပြီဖြစ် ပြီး သူ့ဇနီးမြနှင်းမှာသူ့နောက်လိုက်လာသည်မှာ ၂ နှစ်ရှိပြီဖြစ်သည်။

ကိုမိုးသူတို့သာမက ကြံခင်းထဲတွင် ပုန်းနေကြသော အလုပ်သမားအားလုံးသည် ဒုက္ခကိုယ်စီနှင့်ဖြစ်သည်။ ထိုထဲတွင် မိန်းမသားများ၊ ကလေးငယ်များ၊ ရောဂါသည်များနှင့် အသက်ကြီးသူများလည်း ပါဝင်ကြသည်။

ကြံခင်းအစပ်ပတ်လည်ကို ထိုင်းရဲများက လက်နှိပ်ဓာတ်မီး ဖြင့် ထိုးကြည့်စစ်ဆေးမှုများပြု လုပ်လေ့ရှိသော်လည်း အခင်းအတွင်းပိုင်းအထိ ဝင်မကြည့်သောကြောင့် အလုပ်သမားများကိုတော့ ရှာမတွေ့နိုင်ကြ။ သို့သော် ကြံခင်း အတွင်း ခဲနှင့် လှမ်းပစ်သည်မျိုး လုပ်သောအခါ အလုပ်သမားတချို့ကို ထိမှန်သော်လည်း အသံမထွက်ဘဲ နေကြရသည်ဟု ကိုမိုးသူက ပြောသည်။

သူတို့ မိသားစု ဆာရာဝပ်ဆီမှာ နေ့စားအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေသည့် တစ်နှစ် ကျော်အတွင်း ဒီလိုအဖြစ်မျိုး ခက်ခက်ခဲခဲကြုံလေ့ရှိသည်။ သို့သော် ဇွန်လ ၂၄ ရက်ညကတော့ အလုပ်ရှင် ဆာရာဝပ်၊ ၎င်း၏ ကြံခင်းများ နှင့် ကိုမိုးသူတို့မိသားစုရေစက်ကုန်သော နောက်ဆုံးညပင်ဖြစ်သည်။

‘‘အဲဒီနေ့ ညကစပြီး ပုလိပ် တွေက ဆာရာဝပ်ဆီ အမြဲလာနေတယ်။ သူကလည်း လာမခေါ် တော့ ကျွန်မတို့လည်း နှစ်ရက် လောက် ကြံခင်းထဲမှာနေရတယ်’’ ဟု ကိုမိုးသူ၏ ဇနီး မမြနှင်းသူက ပြောသည်။

ထို့နောက်တွင်တော့ ဆာရာဝပ်၏ တပည့်များက ထိုင်းရဲများက ဖမ်းတော့မည် ဖြစ်ကြောင်းနှင့် ထွက်ပြေးကြရန် ကြံခင်းထဲတွင် ပုန်းခိုသူများကို သတင်းလာပေး၍ ကိုမိုးသူတို့ အလုပ်သမားတစ်စု ကြံခင်းကိုဖြတ်ကာ ထိုင်းနိုင်ငံ မဲ ကျလောင်းမြို့ပေါ်သို့ တက်ပြေး ကြတော့သည်။ ကြံခင်းကနေ မဲကျလောင်းရောက်ပြီးနောက် မြန်မာ နယ်စပ်သို့ ဘတ်စ်ကားစီးရန် သုံးရက်ခန့်စောင့်ဆိုင်းရသည်။

‘‘အကြီးတို့ကလည်း ထိုင်းစကားနားမလည်၊ ပုလိပ်လာပြီဆိုရင် ဖြူသလား၊ မည်းသလားမသိဘူး။ သူများပြေးဆိုပြေး၊ ပုန်းဆို ပုန်းရတာပဲ။ ကြံခင်းထဲကထွက်ပြီး ဘတ်စ်ကားစီးဖို့တောင် ရက်တော် တော်ကြာတယ်’’ဟု ဆာရာဝပ်၏ အလုပ်သမားဖြစ်သူ ဒေါ်လှဝင်းက ပြောသည်။

ဒေါ်လှဝင်းက အသက် (၆၀) နားကပ်နေပြီဖြစ်ကာ ဆာရာဝပ်၏ အလုပ်သမားများကို ထမင်းချက်ပေးရသူဖြစ်သည်။ ကိုမိုးသူတို့နှင့် ရင်းနှီးနေ၍ အသက်ကြီးနေသည့် ဒေါ်လှဝင်းကို ကိုမိုးသူတို့က ကူညီ ခေါ်ဆောင်လာခြင်းဖြစ် သည်။

ဤသို့ဖြင့် သုံးရက်ခန့်ပြေးလွှားပြီးနောက် ကိုမိုးသူတို့မိသားစု နှင့် ဒေါ်လှဝင်းတို့ မဲကျလောင်းမြို့မှ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာပြီဖြစ်သည်။ သူတို့ရောက်ရှိ နေသည့် ထိုင်း-မြန်မာနယ်စပ် ထဆစ်ဆိပ်ကမ်းတွင် နေရပ်ပြန်ကြမည့် တရားမဝင်လုပ်သားများ ရာနှင့်ချီ၍ ရောက်နှင့်နေပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ထိုင်း မြေကို စွန့်ခွာပြီး နှစ်နိုင်ငံကြားရှိ သောင်ရင်းမြစ်ကိုဖြတ်၍ ပြည် တော်ပြန်ဝင်ကြမည့် မြန်မာလူမျိုး များဖြစ်သည်။

ဇူလိုင်သည် ကိုမိုးသူတို့ မိသားစု ဆာရာဝပ်နှင့် ရေစက်ပြတ် စေခဲ့သလို ထိုင်းနိုင်ငံရှိ တရားမဝင် လုပ်သားများအားလုံးကိုက သောင်းကနင်း ဖြစ်စေခဲ့သည်။ တရားခံကတော့ ဇွန်လ ၂၀ ရက် တွင် ပြဋ္ဌာန်းခဲ့သည့် ထိုင်းအစိုးရ ၏ နိုင်ငံခြားသားအလုပ်သမားနှင့် ပတ်သက်သည့် နည်းဥပဒေတစ် ရပ်ကြောင့်ပင်ဖြစ်သည်။ ထိုင်း အစိုးရ၏ ထိုဥပဒေသစ်က ၎င်း၏ မြေပေါ်ရှိ တရားမဝင်လုပ်သား အားလုံးကိုဖမ်းဆီး၍ မောင်းထုတ် ပစ်ရန် ရည်ရွယ်ခဲ့သည်။

ဇွန်လ ၂၀ ရက်တွင် ဥပဒေသစ်ထုတ်ပြန်ပြီးနောက် နှစ်ရက်အကြာ ဇွန်လ ၂၂ ရက်ကစ၍ ယင်းဥပဒေကို စတင်အကောင်အထည် ဖော်ပြီး တရားမဝင်နေထိုင်နေ သော မြန်မာလုပ်သားများအပါအ ဝင် နိုင်ငံခြားသားများကို စတင်ဖမ်း ဆီးခဲ့သည်။ ဤသို့ဖြင့် နဂိုကတည်းက ကျောမလုံသော တရားမဝင်လုပ်သားများသည် ထိုင်းမြေကို စွန့်ခွာ၍ ပြည်တော်ပြန်ရန် ဖြစ်လာတော့သည်။

သူတို့အတွက် ရွေးစရာနှစ်ခုရှိသည်က ထိုင်းရဲတပ်ဖွဲ့၏ အဖမ်းဆီးခံ၊ အစစ်ဆေးခံပြီးမှ ပြည်တော်ပြန်မလား၊ ကိုယ့်အစီအစဉ်နှင့် ကိုယ်ထွက်ပြေးရင်း ပြည်တော် ပြန်မလားပင် ဖြစ်သည်။ ပထမ ရွေးချယ်စရာကတော့ ထိုင်းရဲတပ် ဖွဲ့၏ စစ်ဆေးမှုခံရမည်ဖြစ်၍ အခန့်မသင့်လျှင် ထိုင်းဥပဒေအရ ပြစ်ဒဏ်ကျနိုင်သည့် အခြေအနေတွင် ရှိနေသည်။

‘‘ကျွန်တော်တို့ကတော့ အဖမ်းမခံနိုင်ဘူး။ ကြားရသလောက်က ဖမ်းခံရရင် အချုပ်ထဲမှာ ကျပ်ညပ်နေအောင် ထည့်ခံရတယ်။ အစစ်ဆေးခံရပြီးမှ အဆင်မပြေလို့ ထောင်တွေ ဘာတွေလည်း အကျမခံနိုင်ဘူး’’ဟု ဧရာဝတီတိုင်းဒေသကြီးမှ ထိုင်းနိုင်ငံ ဗန်းဘော မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်း သွားရောက်လုပ်ကိုင်ခဲ့သူ ကိုတင် မြင့်ခိုင်က ပြောသည်။

‘‘အတင်းနှင်လွှတ်လို့ ပြန်လာတာ။ ဟိုမှာ တစ်လစာပဲရခဲ့တယ်။ ပြန်သွားမှဖြစ်မယ်။ ကျွန်တော်တို့က ဒီမှာလည်း အကြွေးတင်နေတာ ဆိုတော့ ပြန်မသွားလို့တော့မရဘူး။ အခြေအနေငြိမ်အောင်စောင့် ရမှာပေါ့။ တရားဝင်ဖြစ်မှရမယ်ဆို ရင်လည်း တရားဝင်သွားရမှာပေါ့’’ ဟု ရေနံချောင်းမြို့မှ ထိုင်းနိုင်ငံ ဗန်း ဘောမြို့တွင် ကျပန်းလုပ်ကိုင်နေ သည့် ကိုအောင်မြင့်ဌေးက ပြောသည်။ ၎င်းသည် ဇူလိုင် ၂ ရက်က နေရပ်ပြန်လာသူဖြစ်သည်။

ထို အကြောင်းပြချက်များ ကြောင့်ပင် တရားမဝင်လုပ်သား အများစုမှာ ထိုင်းရဲတပ်ဖွဲ့လက်မှ ထွက်ပြေးနေကြခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် တာ့ခ် ခရိုင်အတွင်းရှိ သစ်တောများနှင့် ယာခင်းများအတွင်း ဝင်ရောက် ပုန်းခိုရင်း ထွက်ပြေးနေသည့် အ လုပ်သမားပေါင်းများစွာနေသည် ဟု ထိုင်းရောက် မြန်မာအလုပ် သမားများကို ကူညီကယ်ဆယ်နေ သည့် အဖွဲ့များမှ ဆိုကြသည်။

ထိုကြားထဲတွင် ထိုင်းရဲတပ်ဖွဲ့များ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ရှောင်ပြေးရင်း သေဆုံးသွားသည့် မြန်မာလုပ်သားသုံးဦး ရှိခဲ့သည်။

ဇွန်လ ၂၅ ရက်က စမွတ်ပကန်မြို့ရှိ တရားမဝင် မြန်မာလုပ်သားများကို လိုက်လံဖမ်းဆီးစဉ် မြန်မာလုပ်သား အမျိုးသမီးတစ်ဦးသည် ဖမ်းဆီးခံရမည်စိုး၍ ချောင်းအတွင်း ခုန်ချရာ ရေနစ်သေဆုံးခဲ့ ခြင်းဖြစ်သည်။ ဇွန်လ ၃၀ ရက်က နခွန်ပထုံမြို့နယ်တွင် ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးစဉ် ထွက်ပြေးရာမှ မြန်မာလုပ်သားနှစ်ဦး ကားနှင့်တိုက်မိ၍ သေဆုံးခဲ့သည်ဟု နေရပ်ပြန်လာသည့် မြန်မာလုပ်သားများအ ရေး ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုခိုင်ကြီးက ပြောသည်။

ထိုသို့ ရှောင်ရင်းပြေးရင်း ဒုက္ခမျိုးစုံကြုံတွေ့သူများ၊ အသက်ဆုံးရှုံးသူများရှိသလို ပွဲစားနှင့်ဆက်သွယ်၍ နေရပ်ပြန်လာရန် စီစဉ် သဖြင့် ငွေကြေးဆုံးရှုံးသွားသူများလည်းရှိသည်။ ဤသို့ဖြင့် ထိုင်း နိုင်ငံမှ တရားမဝင် မြန်မာလုပ် သားများသည် မိမိနေရပ်သို့ပြန်ရန် နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ကြိုး ပမ်းခဲ့ကြသည်။

တရားမဝင် မြန်မာလုပ်သားများ နေရပ်သို့ ပြန်ပြေးလာမှုတွင် အကျိုးအမြတ်ရရှိနေသူများလည်း ရှိသည်။ လုပ်သားများက လမ်း တွင် ဖမ်းဆီးခံရမည်စိုးရိမ်၍ ပွဲစားများကို ငွေပေးကာ ပြန်ပို့ခိုင်းနေ သောကြောင့်ဖြစ်သည်။ တစ်ဦး လျှင် အနည်းဆုံး ဘတ်ငွေ ၅,၀၀၀ (ကျပ်ငွေ နှစ်သိန်းခန့်) ယူ၍ ပွဲစားများက မဲဆောက်မြို့သို့ ပို့ပေးနေ ခြင်းဖြစ်သည်။

ပွဲစားများသည် မြန်မာများ ဖြစ်ပြီး ၎င်းတို့က ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး လမ်းတစ်လျှောက် ရဲတပ်ဖွဲ့များကို ငွေပေးကာ ပြန်ပို့ ပေးနေခြင်းဖြစ်သည်။

ထို့အပြင် ထိုင်းရဲတပ်ဖွဲ့ကလည်း မြန်မာလုပ်သားများ ပြန်လာကြမည့် လမ်းတစ်လျှောက် စောင့်ဆိုင်းကာ အမျိုးမျိုးငွေညှစ် တောင်းခံနေကြောင်း နေရပ်ပြန်လာသည့် မြန်မာလုပ်သားများက ပြောသည်။

‘‘ဒီအလုပ်သမားတွေ ပြန်ပို့တာက ထိုင်းပုလိပ်နဲ့ ပွဲစားတွေခွင်ပဲ။ ငွေတောင်းမယ်။ ငွေညှစ်မယ်။ ပွဲစားတွေကလည်း ငွေတောင်းပြီး ပြန်ပို့ပေးမယ်။ အဲဒီလို လုပ်စား နေတာ နှစ်ပေါင်းအကြိမ်ပေါင်း မနည်းဘူး’’ဟု ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေ သော ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)ဥက္ကဋ္ဌဦးစိန်ဌေးက ပြောသည်။

ဇူလိုင် ၂ ရက်တွင်တော့ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာလူ မျိုး နှစ်သောင်းခန့် ရှိနေပြီဖြစ်သည်။ အတည်မပြုနိုင်သောစာရင်းများအရ ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာလုပ်သားပေါင်း တစ်သန်းကျော်ရှိနေပြီး ထိုပမာဏအ တိုင်းမှန်လျှင် တရားမဝင်မြန်မာလူမျိုးပေါင်း ငါးပုံတစ်ပုံသာ နေရပ်ပြန်နိုင်ခြင်းဖြစ်ပြီး ကျန်သူများမှာ ထိုင်းမြေပေါ်တွင် ကျန်ရစ်နေ ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သား လေးသန်းအထိရှိနေကြောင်း ခန့် မှန်းထားရာ အများစုသည် တရားမဝင် သွားရောက်လုပ်ကိုင်နေသူများဖြစ်ပြီး ၂၀၁၁ မှသာ တရားဝင် သွားရောက် လုပ်ကိုင်ခြင်းဖြစ် သည်။

အဆိုပါ ကျန်ရစ်နေသော မြန်မာလူမျိုးများကလည်း နေ့စဉ်ဆိုသလို နေရပ်သို့ပြန်ရန် သောင်း ရင်းမြစ်ကိုဖြတ်ပြီး မြန်မာဘက် ခြမ်းကို ကူးလာနေကြပြီဖြစ်၏။

ထိုင်းအစိုးရအနေဖြင့် မြန်မာ ရွှေ့ပြောင်းလုပ်သားများကို အမြဲတမ်းလက်ခံကြိုဆိုလျက်ရှိပြီး မြန်မာလုပ်သားများအနေဖြင့် တိကျသော အထောက်အထားများနှင့်သာ ဝင်လာရန်လိုအပ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ် ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး မစ္စတာသီရာဘက်ဟွန်မတ်က 7Day News Journal အား ပြောကြား ထားသည်။

ထိုင်းအစိုးရ၏ ယခုဆုံးဖြတ်ချက်က အဆိုပါသန်းဂဏန်းရှိ သော မြန်မာတရားမဝင်လုပ်သား တို့အတွက် အကြီးအကျယ်သော ကရောက်စေနိုင်သည့် အနုတ်လက္ခဏာဖြစ်သော်လည်း တစ်ဖက်တွင် ထိုင်းအစိုးရက ယခုအ ခြေအနေမှ မျှော်လင့်ထားသည်များလည်း ရှိနေသည်။

ထိုင်းနိုင်ငံက တရားမဝင်လုပ်သားများကို ဖယ်ရှားလိုက်ခြင်းဖြင့် နိုင်ငံတကာမှ သတ်မှတ်သည့် လူ့အခွင့်အရေးညွှန်းကိန်း မြင့်တက်လာပြီး နိုင်ငံတကာနှင့် ဆက်ဆံရေး၊ စီးပွားရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်း မွန်လာစေရန် ရည်ရွယ်သည်ဟု ထင်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေ သော ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

‘‘ထိုင်းနိုင်ငံအနေနဲ့ ရွှေ့ ပြောင်းအလုပ်သမားများရဲ့ အခွင့်အရေးကို လေးစားသည်ဖြစ်စေ၊ မလေးစားသည်ဖြစ်စေ နိုင်ငံတကာရဲ့ ဆန္ဒအတိုင်း ပြုလုပ်ရမည်ဖြစ်ပါတယ်။ သို့မှသာ ၎င်းတို့ထုတ်လုပ်တဲ့ ပင်လယ်ထွက်ကုန် ပစ္စည်းတွေကို ဥရောပနိုင်ငံများနဲ့ အမေရိကန် ပြည်ထောင်စုတို့က ဝယ်ယူမှာဖြစ်ပါတယ်’’ဟု ဦးထူးချစ်က ပြောသည်။

လူ့အခွင့်အရေး ညွှန်းကိန်း မြင့်တက်လာသည့်အခါ အနောက်နိုင်ငံများက ထိုင်းနိုင်ငံနှင့် စီးပွား ရေးအရ ပို၍ပူးပေါင်းလာမည်ကို ထိုင်းအစိုးရက မျှော်လင့်နေခြင်း ဖြစ်သည်။ တရားမဝင်လုပ်သားများကို ဆက်လက်အသုံးပြုပါက ကမ္ဘာ့ပင်လယ်စာ ဈေးကွက်တွင် ထိပ်ဆုံးနားက ရပ်တည်နေသော ထိုင်းနိုင်ငံထုတ် ပင်လယ်စာများ ကို အမေရိကန်အပါအဝင် ကမ္ဘာ့ နိုင်ငံများက ဝယ်ယူမည်မဟုတ်ဘဲ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ် မည့်အပေါ် ထိုင်းအစိုးရက စိုးရိမ် ခြင်းကြောင့် ယခုကဲ့သို့ ဥပဒေသစ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာလုပ်သားများအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ပြောသည်။

‘‘အခုဖြစ်နေတဲ့ ပြဿနာက ထိုင်းအစိုးရဲ့ ဆက်လက်တည်မြဲ ရေးအတွက်ပါ သွားပြီး သက် ရောက်မှုရှိနေတယ်။ ဘာကြောင့် ဆိုတော့ အခုဖြစ်စဉ်ကြောင့် ထိုင်း စီးပွားရေးပြိုလဲသွားနိုင်တဲ့အခြေ အနေအထိကို ဖြစ်ပေါ်နိုင်တယ် လေ’’ဟု ထိုင်းရောက်မြန်မာလုပ် သားအရေး တက်ကြွလှုပ်ရှားသူ ကိုစောမောင်က ပြောသည်။

ထို့အပြင် ထိုင်းအစိုးရအနေ ဖြင့် အခြားရည်ရွယ်ချက်များရှိနေ နိုင်သော်လည်း ယခုအခြေအနေက သန်းနှင့်ချီသော မြန်မာတရား မဝင်အလုပ်သမားများအတွက် တော့ ကြီးမားသော အခက်အခဲတစ်ခုဖြစ်လာပြီဖြစ်သည်။

‘‘အခုတော့ ဘာလုပ်ရမှာလဲ။ ရွာပြန်ပြီး လယ်ပဲလုပ်ရတော့မယ်။ လယ်ကလည်း မလုပ်ရတဲ့အချိန် ဆို တစ်ရွာလုံး အလုပ်မရှိဘဲ ထိုင် နေရတာ’’ဟု ကိုမိုးသူက ဆိုပါ သည်။ သူက ပဲခူးမြို့ သပြေတန်း ရှမ်းတဲကြီးရွာတွင် နေထိုင်သူဖြစ် ပြီး အလုပ်လက်မဲ့အခြေအနေကို တွေး၍ စိုးရိမ်နေသည်။ ၎င်းနှင့်အတူ တိမ်းရှောင်လာသူ ဒေါ်လှဝင်းမှာလည်း ကြို့ပင်ကောက်မြို့နယ်သို့ ပြန်ရမည်ဖြစ်သည်။

၎င်းတို့နှင့် ထပ်တူပင် နေရပ် ပြန်လာကြသော သောင်းနှင့်ချီ သည့် မြန်မာလူမျိုးများလည်း စားဝတ်နေရေးနှင့် အလုပ်အကိုင်အတွက် စိုးရိမ်ပူပန်မှုများရှိနေကြ၏။ လက်ရှိတွင် နောက်ကျောမလုံဘဲ ရှောင်ပြေးနေရသည့် တရားမဝင် ဘဝဖြင့်တော့ ထိုင်းဘက် ပြန်မသွားလိုကြ။

‘‘ဖြစ်နိုင်ရင်တော့ ကိုယ့်နိုင်ငံမှာ ကိုယ်လုပ်စားချင်တာပေါ့။ ဘယ်လိုလုပ်သူများဆီမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနေချင်မလဲ။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလွန်းလို့သာပါ’’ဟု ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်ရေး မြို့သို့ ပြန်လာသည့် မခင်သန္တာက ပြောသည်။

တစ်ဖက်နိုင်ငံတွင် အခက်အခဲဖြစ်၍ ပြည်တော်ပြန်ဝင်လာချိန်တွင်လည်း မြန်မာအစိုးရက ထိုအလုပ်သမားများအတွက် ကောင်းမွန်သော စီမံခန့်ခွဲမှုတစ်ရပ်ကို မပေးနိုင်သေးပေ။ အုပ်စုလိုက်ရာနှင့်ချီ၍ ပြန်ရောက်လာသော အလုပ်သမားများကို ထမင်းထုပ်ဝေခြင်းနှင့် နေရပ်ပြန်နိုင်ရန် ဆော်ဩခြင်းတို့သာ ပြုလုပ်နိုင်သေးသည်။

‘‘လူကြီးတွေရဲ့ စီမံခန့်ခွဲမှုက အရမ်းညံ့တယ်ပဲပြောရမယ်။ ဒီ လောက် ပြန်လာကူးလာနေတဲ့သူ အများကြီးကို နိုင်ငံတော်အဆင့် ညွှန်ကြားပြီး လက်ခံတာမျိုးမလုပ်သလို ထိုင်းဘက်မှာရှိနေတဲ့ ထွက် ပြေးနေရတဲ့ လုပ်သားတွေအတွက် လည်း သံရုံးအချင်းချင်း ချိတ်ဆက်ပြီး အဆင်ပြေအောင်လုပ်မပေးနိုင်ဘူး’’ဟု နေရပ်ပြန်လာသည့် မြန်မာလုပ်သားများကို ကြိုဆိုပေးနေ သော မြဝတီမြို့မှ ရပ်မိရပ်ဖ ဦးစိုး နောင်က ပြောသည်။

တရားမဝင် သွားရောက်လုပ် ကိုင်မှုများကြောင့် အလုပ်သမား အခွင့်အရေး နစ်နာဆုံးရှုံးမှုများ၊ အသက်အန္တရာယ်လုံခြုံမှုအားနည်းခြင်း၊ အလုပ်ရှင်၏ မတရားဖိနှိပ်ခိုင်းစေမှုများနှင့် လူကုန်ကူးခံရမှုများ မရှိစေရန် MoU စနစ်ဖြင့် လုပ်သားစေလွှတ်မှုကို အစိုးရက တွန်းအားပေးလုပ်ဆောင်ခဲ့သည် ဟု ဆိုသည်။

သို့သော် အေးဂျင့်အချို့၏ မသမာသောနည်းဖြင့် လုပ်သား စေလွှတ်နေခြင်းများကြောင့် MoU လုပ်သားများအနေဖြင့် တရားမဝင်အထောက်အထားမဲ့ လုပ်သားများကဲ့သို့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးခြင်းနှင့် လုံခြုံမှုအားနည်းခြင်းများရှိလာစေခဲ့ကြောင်း ထိုင်း ရောက် မြန်မာလုပ်သားအချို့က ဆိုသည်။

ထိုင်းနိုင်ငံသို့ သိန်းနှင့်ချီ လာ ရောက်လုပ်ကိုင်သော MoU မြန်မာအလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်းသည် ဒုက္ခရောက်နေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား များကို ကူညီစောင့်ရှောက်ပေးနေ သော အဖွဲ့အစည်းများက သုံးသပ်သည်။

‘‘အလုပ်အကိုင် တကယ် တမ်းမရှိဘဲနဲ့ ခေါ်နေတာ။ ဒီမှာ အလုပ်ရှိ၊ မရှိကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက မသိသလို မြန်မာနိုင်ငံက အလုပ်သမားဝန်ကြီးက လည်း မသိပါဘူး။ MoU နဲ့ တစ်ယောက်လာတိုင်း လက်မှတ် တစ်ခါထိုးပေးရင် အကျိုးအမြတ်ရနေလို့ ခေါ်နေကြတာပါ။ MoU နဲ့လာလို့ ဒုက္ခရောက်ပြီဆိုရင်လည်း ပို့ပေးတဲ့ အေဂျင်စီတွေက တာဝန်ယူမှုမရှိပါဘူး။ ဒီအတိုင်း ပစ်ထားကြတာများပါတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) အမှုဆောင်ဒါ​ရိုက်တာ ဦးကျော်သောင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် ပန်းရောင် ကတ်ကိုင်ဆောင်ထားသော မြန်မာလုပ်သား ရှစ်သိန်းကျော်ကို မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ် (CI) စာအုပ်များကို မတ်လ ၃ ရက်ကစတင်၍ ထုတ်ပေးခဲ့သည်။ ထို့အပြင် လေးနှစ်နှင့် ခြောက်နှစ်စာအုပ် ကိုင်ဆောင်ထားသည့် မြန်မာလုပ်သားတစ်သန်းခွဲကျော်ကိုလည်း ယာယီပတ်စ်ပို့စာအုပ်များ ထုတ်ပေး လျက်ရှိသည်။

ယင်းစာအုပ်ပြုလုပ်ထားသူများကို ဗီဇာပြုလုပ်ပြီး ၁၅ ရက်အတွင်း အလုပ်လုပ်ခွင့်လက်မှတ် (အလုပ်ပါမစ်)ကို သက်ဆိုင်ရာမြို့ နယ် အလုပ်သမားရှာဖွေရေးရုံးများတွင် လျှောက်ထားရန် ထိုင်းအစိုးရက ကြေညာထားသည်။

ထို့ကြောင့် ၂၀၁၇ ၏ ဇူလိုင်လသည် သန်းဂဏန်းရှိသော မြန်မာအလုပ်သမားများအတွက် ကံဆိုးမိုးမှောင်ကျသည့် လဖြစ်သလို ဖရိုဖရဲထွက်ပြေးတိမ်းရှောင်နေရသည့် ထိုင်းနိုင်ငံအတွင်းမှ တရားမဝင်အလုပ်သမားများအတွက် လည်း ဝမ်းနည်းစရာကောင်းသည့် လဖြစ်ပါသည်။

မှတ်မှတ်ရရ လွန်ခဲ့သော တစ်နှစ်ခန့်က ဒီလိုအချိန်မျိုးတွင် ထိုင်းရောက်မြန်မာလုပ်သားများအတွက် ဂုဏ်ယူဖွယ်နေ့ဖြစ်ခဲ့ရသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံသို့ လာ ရောက်ပြီး ထိုင်းရှိ မြန်မာအလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။အားပေးစကားများ၊ ခွန်အားများပေးခဲ့ ပြီးထိုင်းရောက် အလုပ်သမားများ ဂုဏ်ယူဦးမော့နေနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ဇွန်လ ၂၃ ရက်မှ ၂၅ရက်အထိ ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့ပြီး ဇွန်လ ၂၃ ရက်တွင် မြန်မာလုပ်သားများ အများဆုံးရှိရာ မဟာချိုင်မြို့ မြန်မာလုပ်သားအချို့နှင့် တွေ့ဆုံခဲ့ သည်။

‘‘မြန်မာနိုင်ငံသားတွေကိုကာကွယ်မှုပေးတဲ့ လူမှုဝန်းကျင် ကောင်းတစ်ခုရှိဖို့ လိုအပ်ပါတယ်။ ဒီမှာရောက်ရှိနေတဲ့ သူတွေအနေ နဲ့ စိတ်ချလုံခြုံမှုပေးတာမျိုး လို အပ်တာကို ကျွန်မသတိထားမိပါတယ်။ ကျွန်မတို့က ပစ်ပယ်ထား မှာမဟုတ်သလို လျစ်လျူရှုထားမှာ မဟုတ်ဘူး’’ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဇွန်လ ၂၄ ရက်တွင် ထိုင်းဝန်ကြီးချုပ် အိမ် တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့သော် လူထုခေါင်းဆောင် ပြန်သွားခဲ့ပြီး နောက်လများမှာပင် ဆက်တိုက်ဆိုသလို ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားရေးနှင့် ပတ်သက်၍ တင်းကျပ်မှုများ ပြု လုပ်လာခဲ့ပြီး နောက်ဆုံးတစ်နှစ် တင်းတင်းပြည့်သည့် နှစ်ပတ်လည်တွင်တော့ တရားမဝင်လုပ်သားများအားလုံးကို မောင်းထုတ်ရန် စီစဉ်ခဲ့ကြတော့သည်။

သို့တိုင် ပြည်တော်ဝင်လာသည့် မြန်မာအလုပ်သမားအများစုကတော့ တစ်ဖက်နိုင်ငံကို စိတ်မနာနိုင်သေး။ ၎င်းတို့၏ ပင်ပန်းခက်ခဲမှုနှင့် ဖိနှိပ်ခံရမှုများစွာကို ပြေပျောက်စေသည့် မက်လုံးက တစ်နေ့လုပ်ခငွေ အနည်းဆုံးဘတ် ၃၀၀ (ကျပ်တစ်သောင်း)ဆိုသည့် ပမာဏ။ ထိုပမာဏအတွက်ပင် ထွက်ပြေးတိမ်းရှောင်လာသူတို့က ထိုင်းနယ်မြေထဲ ပြန်ဝင်ဖို့ရာ ဆန္ဒ ရှိနေသည်။

‘‘ဒီတစ်ခေါက် တရားဝင်ပြန် သွားမယ်။ ကျွန်တော်တို့မှာ ပေး စရာအကြွေးကျန်တွေလည်းရှိ သေးတယ်။ ဟိုမှာ တစ်နေ့လုပ်လို့ ဘတ် ၃၀၀ တစ်နေ့ရရင် နှစ်ရက် စားလို့ရတယ်။ ဒီဘက်မှာ ဒါမျိုး မရဘူး’’ဟု ကိုမိုးသူက ၎င်း၏ သမီးငယ်များကို ပွေ့ထားရင်း သူ၏ အစီအစဉ်ကို ပြောသည်။

ဆာရာဝပ်နှင့်​ ၎င်း၏ ကြံပင် များဆီသို့ ဘတ် ၃၀၀ မက်လုံး ဖြင့်ပင် သူတို့ သောင်ရင်းမြစ်ကို နောက်တစ်ခါ ထပ်မံကျော်ဖြတ် ခွင့်ရရန် မျှော်လင့်နေပါသည်။
7Day News

No comments:

Post a Comment