Latest News

Wednesday, July 5, 2017

မန္တလေးဆေးရုံကြီး၌ ပထမဆုံးအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသ

မန္တလေးဆေးရုံကြီး၌ ပထမဆုံးအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသ

မန္တလေး ဇူလိုင် ၅

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ပထမဆုံးအကြိမ်အဖြစ် အသည်းအစားထိုး ခွဲစိတ်ကုသခြင်းလုပ်ငန်းကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါခွဲစိတ်ကုသခြင်းလုပ်ငန်းအား အိန္ဒိယနိုင်ငံ့ Yashoda Hospital မှ ခွဲစိတ်အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ မန္တလေးအထွေထွေရောဂါ ကုဆေးရုံ ကြီးရှိ ခွဲစိတ်ကုဌာနမှ ပါမောက္ခ/ ဌာနမှူး(ခွဲစိတ်)နှင့် အသည်းနှင့် သည်းခြေ လမ်းကြောင်းဆိုင်ရာ ပါမောက္ခ/ဌာနမှူးများ ဦးဆောင်ကာ အဆိုပါဆေးရုံကြီး နှလုံး ခွဲစိတ်ကုသဆောင် ခွဲစိတ်ခန်း၌ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဒီလုပ်ငန်းအတွက် အစစအရာရာကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့ပြီး ဒီနေ့ နံနက် ၈ နာရီက စတင်ပြီးတော့ ခွဲစိတ်မှုကိုဆောင်ရွက်ခဲ့ပါတယ်။ လူနာက အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ အသည်းအလှူရှင်ကလည်း အသက် ၃ဝ ကျော် အမျိုးသမီးပါပဲ။ အထူးကုဆရာဝန်ကြီးတွေ ပူးပေါင်းပြီး ခွဲစိတ်မှုတွေ ဆောင်ရွက်နေ ဆဲဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။

အသည်းအစားထိုးကုသခြင်းလုပ်ငန်းဆောင်ရွက်ရန် လူနာအတွက် လိုအပ်သော ဆေးနှင့်ဆေးဝါးပစ္စည်းများကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးထားသည့်အပြင် လိုအပ်သည့် ခေတ်မီစက်ပစ္စည်း ကိရိယာများကိုလည်း ဝယ်ယူဖြည့်ဆည်းပေးခြင်းနှင့် ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်များကိုလည်း အဆိုပါလုပ်ငန်း လုပ်ဆောင် ရန် နိုင်ငံခြားသို့ အကြိမ်ကြိမ်စေလွှတ်၍ လေ့ကျင့်သင်ကြားမှု များ ပြုလုပ်ပေးလျက် ရှိသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ကျောက်ကပ်အစားထိုးကုသခြင်း လုပ်ငန်းကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင် စတင်ဆောင်ရွက်နိုင်ခဲ့ပြီး တစ်လလျှင် နှစ်တွဲနှုန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယခု ၂ဝ၁၇ ခုနှစ် မေလကုန်အထိ လူနာနှင့် အလှူရှင် ၃၃တွဲကို အောင်မြင်စွာ အစားထိုးကုသနိုင်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment