Latest News

Wednesday, June 28, 2017

YBS ယာဉ် မီးလောင် ခရီးသည် သုံးဦး ဒဏ်ရာရ

YBS ယာဉ် မီးလောင် ခရီးသည် သုံးဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၉- YBS ယာဉ်အမှတ် ၃၈ မီးလောင်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာသူ ခရီးသည် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီး ၂ဦး၊ အမျိုးသား ၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
” ပြေးရင်းနဲ့ ကားပေါ်မှာ ချော်လဲတာ အမက အခု ကိုယ်ဝန် လွယ်ထားတော့ စိုးရိမ်နေတာပါ” လို့ ထိခိုက်ဒဏ်ရာ ရရှိသူ မအေးအေးမူက ပြောပါတယ်။


ခရီးသည်တွေမှာ ကားပေါ်က ရုတ်တရက် ပြေးဆင်းကြရတာမို့ ချော်လဲကာ လက်တွေ၊ ခြေထောက်တွေ ပွန်းပဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ “ကား က သုံးလေးငါးချက်လောက် လူတွေကိုခါသလို လှုပ်သွားတော့ လမ်းမကောင်းဘူးထင်တာပေါ့ ။ နောက်မှ အနံ့တွေရလာလို့ ပြေးဆင်းရင်း ထိခိုက်ကြတာ”လို့ ဒဏ်ရာရရှိခဲ့သူ တစ်ဦးဖြစ်တဲ့ မစနိုးက ပြောပါတယ်။

YBS ၃၈ ဟာ ဘေလီကနေ တောင်ဥက္ကလာ စာတိုက်လမ်းကြောင်းအတိုင်း မောင်းနှင်လာတာဖြစ်ပါတယ်။ သစ္စာလမ်းမနဲ့သုမင်္ဂလာလမ်းထောင့် MPPEဓာတ်ဆီဆိုင်ရှေ့အရောက်မှာတော့ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာဖြစ် ပါတယ်။

မနက် ၉နာရီ ၁၀မိနစ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး ၉နာရီ ၂၂မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။ “ကားတွေက CNG အော်ရီဂျင်နယ်မဟုတ်ဘူး။ နိုင်ငံခြားက မှာယူတော့ ဒီဇယ်ကားတွေ၊ ဒီမှာjပင်ဆင်တော့ အော်ရီဂျင် နယ်လောက် လုံခြုံမှု မရှိဘူး” လို့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးက အထွေထွေမန်နေဂျာ ဦးဇေယျာလွင်က ပြောပါတယ်။

ဓာတ်ဆီ ၊ ဒီဇယ်ဆီထက် CNGက ပိုပြီး အပူလွန်ကဲစေတဲ့အတွက် လောလောဆယ်မှာတော့ အင်ဂျင်အပူလွန်ကဲပြီး မီးလောင်တာပါလို့ သူက ပြောပါတယ်။ ကား အသစ်တွေရောက်နေပြီး ဒီကားတွေကို အရည်ကျိုစာရင်းသွင်း ထားပါတယ် လို့ ပြောပါတယ်။

ယာဉ်မောင်းသူမှာ ကိုနန်းဝင်းဖြစ်ပြီး ယာဉ်နောက်လိုက်မှာ ကိုကျော်ဇင်လတ် ဖြစ်တယ်လို့ သိရပါတယ်။ YBS ၃၈ ဟာ ဗန္ဓုလသယ်ယူပို့ဆောင်ရေးက တာဝန်ယူထားတဲ့ ကားတွေဖြစ်ကာ ၃၈ယာဉ်လိုင်းအတွက် ကားအစီးရေ ၄၀ ပြေးဆွဲနေတာဖြစ်ပါတယ်။ ၃၈ယာဉ်လိုင်းတွေဟာ တောင်ဥက္ကလာ ဘေလီကနေ သီရိမင်္ဂလာဈေးသစ်ထိ ပြေးဆွဲတာဖြစ်ပါတယ်။

Author –  အောင်လေး
Kumudra

No comments:

Post a Comment