Latest News

Tuesday, June 27, 2017

Facebook က ကိုယ်ပိုင် ရုပ်သံစီးရီးနှင့် ပြိုင်ပွဲအစီအစဉ်များကို ထုတ်လုပ်မည်

Facebook က ကိုယ်ပိုင် ရုပ်သံစီးရီးနှင့် ပြိုင်ပွဲအစီအစဉ်များကို ထုတ်လုပ်မည်

Facebook သည် ၎င်း၏ Facebook စင်မြင့်တွင် ထုတ်လွှင့်ရန်အတွက် အရည်အသွေးမြင့် တီဗီစီးရီးများနှင့် ဂိမ်းပြိုင်ပွဲအစီအစဉ်များကို စတင်ထုတ်လုပ်နေပြီဟု အမှုဆောင် အရာရှိတစ်ဦးက ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် လစဉ်အသုံးပြုသူ နှစ်ဘီလျံခန့်ရှိသော Facebook သည် ထို စီမံကိန်းအတွက် မိတ်ဖက်များ ပါဝင်သည့် အဖွဲ့ငယ်တစ်ခုနှင့်အတူ လက်တွဲလုပ်ဆောင်နေကာ ယခု နွေရာသီကုန်တွင် စီးရီးများကို စတင် ထုတ်လွှင့်နိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း Facebook ၏ မီဒီယာလုပ်ငန်း မိတ်ဖက်ဌာနမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ နစ်ဂရူဒင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရည်မှန်းချက်ကတော့ Facebook ကို ဗီဒီယိုတွေနဲ့ လူတွေလာရောက်နိုင်တဲ့ နေရာတစ်ခုဖြစ်အောင် ဖန်တီးဖို့ပါပဲ” ဟု ဂရူဒင်က ပြောကြားခဲ့သည်။ လူအဖွဲ့အစည်းအတွင်းမှာပင် ဖန်တီးနိုင်သည့် အားကစား၊ ဟာသ၊ဖြစ်ရပ်မှန်၊ ပြိုင်ပွဲ ကစားနည်း အစရှိသော အပိုင်းလိုက် ထုတ်လွှင့်ပြသမည့် အစီအစဉ်များနှင့် ပတ်သက်၍ Facebook  နှင့် မိတ်ဖက်လုပ်ငန်းတို့က စမ်းသပ်လုပ်ဆောင်သွားမည်ဟုလည်း ဂရူဒင်က ပြောကြားခဲ့သည်။

Strangers ဟု အမည်ပေးထားသော ဒရာမာစီးရီးနှင့် Last State Standing ဟု အမည်ပေးထားသည့် ပြိုင်ပွဲအစီအစဉ်တို့သည် Facebook  ပေါ်တွင် ပြသမည့် ပထမဆုံး စီးရီးများထဲတွင် ပါဝင်လာဖွယ်ရှိသည်။ Facebook သည် ယင်းစီမံကိန်းအတွက် အသက် ၁၃ နှစ်မှ ၃၄ နှစ်ကြားရှိသည့် ပရိသတ်များအား ပစ်မှတ်ထားနေသည်။

Facebook သည် စီးရီးအပိုင်းတစ်ပိုင်းလျှင် ဒေါ်လာသုံးသန်း သုံးမည်ဟု ရည်ရွယ်ထားသဖြင့် ထိုဘတ်ဂျက်နှုန်းထားသည့် အမေရိကန် ရုပ်သံထုတ်လုပ်ရေးတွင် ထိပ်တန်းအဆင့်၌ ရှိသည်။

လက်ရှိအချိန်အထိ Facebook  နှင့် လက်တွဲမည့် မိတ်ဖက်လုပ်ငန်းကို မသိရသေးပေ။ သို့သော် Wall Street Journal တွင် ဖော်ပြချက်အရ ဟောလိဝုဒ်စတူဒီယိုများ၊ အေဂျင်စီများ၊ သရုပ်ဆောင်များနှင့် အတူ ရုပ်သံလုပ်ငန်းမှ တီထွင်နိုင်စွမ်းရှိသူများ ပါဝင်လိမ့်မည်ဟု သိရသည်။

Facebook သည် ကနဦးတွင် ကိုယ့်စရိတ်ဖြင့်ကိုယ် ထိုစီးရီးများကို ထုတ်လုပ်သွားမည်ဖြစ်သည်။ နောက်ပိုင်းတွင် ၀င်ငွေမျှပေးသည့် Ad Break ကဲ့သို့ tool တို့မှ တစ်ဆင့် မြောက်မြားလှစွာသော ဗီဒီယိုဖန်တီးသူများအား ငွေကြေးထောက်ပံ့ပြီး ကူညီလိုသည်ဟု ဂရူဒင်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment