Latest News

Friday, June 16, 2017

လန်ဒန် အထပ်မြင့်တိုက် မီးလောင်မှု ပွင့်လင်းမြင်သာစွာ စုံစမ်းရန် ဗြိတိန်ဝန်ကြီးချုပ် ညွှန်ကြား

လန်ဒန် အထပ်မြင့်တိုက် မီးလောင်မှု ပွင့်လင်းမြင်သာစွာ စုံစမ်းရန် ဗြိတိန်ဝန်ကြီးချုပ် ညွှန်ကြား

လန်ဒန်မြို့ရှိ အထပ်မြင့် လူနေတိုက်ခန်း မီးလောင်မှုနှင့် ပတ်သက်၍ အများပြည်သူ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် ဗြိတိန်ဝန်ကြီးချုပ် သီရေဆာမေက ညွှန်ကြားထားကြောင်း သိရသည်။

ဇွန် ၁၄ ရက် နံနက်အစောပိုင်းက လန်ဒန် အနောက်ပိုင်းရှိ ဂရန်းဖောလ် အထပ်မြင့် မျှော်စင် အဆောက်အအုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ၂၄ ထပ်တိုက်ကြီး တစ်ခုလုံးနီးပါး မီးလောင်တိုက်သွင်းပြီး ဖြစ်သွားခဲ့သည်။ လက်ရှိ အချိန်ထိ သေဆုံးသူ အရေအတွက် ၁၇ ဦး အတည်ပြုထားပြီး ဆက်လက်၍လည်း မြင့်တက်လာဖွယ် ရှိနေသည်။

မေက မီးလောင်မှုအတွင်း ထိခိုက်သေဆုံးခဲ့ရသူများနှင့် ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေများသည် အမှန်တရားကို ရှင်းလင်းတိကျသွာ သိသင့်သိထိုက်ကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များက သေဆုံးသူများအနက် တစ်ဦးကို ပထမဆုံးအကြိမ် ထုတ်ဖော် အတည်ပြုခဲ့ပြီး ၎င်းသည် ဆီးရီးယားမှ ပြောင်းရွှေ့ ခိုလှုံလာသူ အသက် ၂၃ နှစ်အရွယ် မိုဟာမက် အယ်လ်ဟာဂျာလီဖြစ်ကြောင်း ကြေညာသည်။

မီးကျွမ်းပြီး သေဆုံးသူ ခြောက်ဦး၏ အမည်များကို သိရှိထားပြီ ဖြစ်သော်လည်း တရားဝင် ထုတ်ပြန်ခြင်း မရှိချေ။ လန်ဒန် ရဲတပ်ဖွဲ့ ကော်မရှင်နာ စတူးဝပ်ကန်ဒီက “နောက်ထပ် အလောင်းတွေက ဘယ်သူဘယ်ဝါ ခွဲမရဘဲ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ အသေအပျောက်ကတော့ တိုးလာဖို့ ရှိနေတယ်။ ဂဏန်းသုံးလုံး (ရာဂဏန်း)ထိ မရောက်ဖို့တော့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဘယ်လို ဖြစ်နိုင်ခြေကိုမဆို ကြိုတွေးထားဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က အမည်ထုတ်ဖော် ကြေညာသည့် သေဆုံးသူ အယ်လ်ဟာဂျာလီသည် ပြည်တွင်းစစ်ကြောင့် ဆီးရီးယားကို စွန့်ခွာ ထွက်ပြေးလာသူ ဖြစ်သည်။ ၎င်းသည် အခင်းဖြစ်ပွားချိန်က ၁၄ ထပ်တွင် ပိတ်မိနေခဲ့သည်။ အယ်လ်ဟာဂျာလီသည် ကယ်ဆယ်သူများကို စောင့်ဆိုင်းနေစဉ် အတောအတွင်း ဆီးရီးယားရှိ သူငယ်ချင်း တစ်ဦးထံ ဖုန်းဆက်ခဲ့သလို မိသားစုများကို ဆက်သွယ်ရန်လည်း ကြိုးစားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ လေဘာပါတီခေါင်းဆောင် ဂျရမီ ကော်ဘင်းက သွားရောက်ခဲ့ပြီး မီးဘေးသင့်မှု ခံစားရသူများနှင့် တွေ့ဆုံခဲ့သည်။ ၎င်းက အမှန်တရား ပေါ်ပေါက်လာအောင် ဖိအားပေး ကူညီမည်ဟု ဒေသခံများကို ကတိပြုခဲ့သည်။

လေဘာပါတီ အမတ်တစ်ဦးဖြစ်သူ ဟာရီယတ် ဟာမန်းက ဝန်ကြီးချုပ်မေနှင့် ထိပ်တန်း အစိုးရ တာဝန်ရှိသူများ ထိုနေရာသို့ မသွားရောက်ခြင်းအပေါ် ဝေဖန် မေးခွန်းထုတ်ခဲ့သည်။ သို့သော် မေဘက်မှ အရာရှိများက ၎င်းတို့ ထိုနေရာသို့ ရောက်နေချိန်တွင် ကယ်ဆယ်ရေး လုပ်ဆောင်နေသူများ အနှောင့်အယှက် ဖြစ်မည်ကို မလိုလားသဖြင့် မသွားရောက်ခြင်းဟု ဖြေရှင်းခဲ့သည်။

မီးလောင်ပြင်သို့ မလာရောက်သော်လည်း မေသည် ထိခိုက်နစ်နာသူများအတွက် လှိုက်လှိုက်လှဲလှဲ ကြေကွဲနေသလို ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းဖော်ထုတ်ရန် စီစဉ်ညွှန်ကြားနေကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားသည်။

Ref: BBC

7Day News

No comments:

Post a Comment