ဧရာဝတီတိုင်းဒေသကြီးရှိ အပန်းဖြေကမ်းခြေများသို့ ပြည်တွင်းပြည်ပခရီးသွားများဝင်ရောက်မှု စာရင်းမှန်ရရှိရေးအခက်အခဲရှိနေ
ဟင်္သာတ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီးရှိ အပန်းဖြေကမ်းခြေများသို့ ပြည်တွင်းပြည်ပခရီးသွားများ ၀င်ရောက် မှု စာရင်းမှန်ရရှိရေးအခက်အခဲရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ ထံမှသိရသည်။
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှရရှိသည့်စာရင်းများအရ ယခုနှစ် ဇန်န၀ါရီလမှ မေလအတွင်း ချောင်းသာကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ခရီးသွားဦးရေ ၇၄၀၀၀ ကျော် လျော့နည်းခဲ့ကြောင်း သိရသည်။
“တကယ်တမ်းကျတော့ လျော့သွားတာမဟုတ်ဘူးဗျ။ အဲဒီ့မှာ လိုင်စင်မရှိတဲ့တည်းခိုရိပ်သာ တွေရှိနေတယ်။ ကျွန်တော်တို့က လိုင်စင်ထုတ်ပေးဖို့ကလည်း မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အရင် တုန်းက တပ်ကသိမ်းထားတဲ့မြေတွေရှိတယ်ဗျ။ အဲဒီ့မြေတွေမှာ သူတို့တွေက၀ယ်ယူပြီး တည်းခို ရိပ်သာတွေဆောက်ထားကြတာပေါ့ဗျာ။ အခုနောက်ပိုင်း တပ်က အတိုင်းအတာတစ်စုံတစ်ရာထိ ပြန် စွန့်လွှတ်ထားတယ်။ ကျွန်တော်တို့ ဟိုတယ်/ခရီးဝန်ကြီးဌာနကပေးတဲ့လိုင်စင်မှာကျတော့ မြေပိုင်ဆိုင် မှုအထောက်အထားခိုင်ခိုင်လုံလုံတင်ပြပေးမှ စစ်ဆေးပြီးတော့မှ စိစစ်ပြီးထုတ်ပေးလို့ရတယ်။ သူတို့ မှာက မြေပိုင်ဆိုင်မှုအထောက်အထားမရှိဘူးဗျ။ နောက်တစ်ခုက စည်ပင်သာယာရဲ့လိုင်စင်လည်း စည်ပင်သာယာရဲ့ဥပဒေအရ လုပ်ပေးလို့မရဘူးလို့သိရတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။
လိုင်စင်မဲ့တည်းခိုရိပ်သာများတွင် တည်းခိုသူလူဦးရေမှာလည်း များပြားလျှက်ရှိပြီး အဆိုပါ နေရာများ၌ တည်းခိုသူလူဦးရေစာရင်းကို မသိရှိရသဖြင့် မြေပြင်စာရင်းမှန်ကိုပြုစုနိုင်ရန် အခက်အခဲ ရှိနေကြောင်း၊ လိုင်စင်မဲ့တည်းခိုရိပ်သာများနှင့်ပတ်သက်၍လည်း လိုအပ်သလို ကြီးကြပ်ကွပ်ကဲနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“တရားဝင်နည်းလမ်းနဲ့မဟုတ်ဘူးဆိုရင်လည်း ကိုယ့်ရဲ့ဒေသဆိုင်ရာအစိုးရအဖွဲ့ရဲ့အစီအမံနဲ့ ထိုက်သင့်တဲ့အခွန်အခလည်းရအောင် ကြီးကြပ်ကွပ်ကဲလို့လည်းရအောင် တင်ပြထားတာတော့ရှိပါ တယ်။ ကျွန်တော်တို့ကိန်းဂဏန်းအရ နည်းကောင်းနည်းသွားနိုင်သော်လည်း တကယ်တမ်းကျတော့ နည်းသွားတာမဟုတ်ဘူး။ အများကြီးလာနေတာ။ သေချာစာရင်းဇယားမရတဲ့အစိတ်အပိုင်းတွေရှိနေ လို့ပါဗျ”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ဆက်လက်ပြောကြားသည်။
ယခု ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ မေလအတွင်း ချောင်းသာနှင့် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း ပြည်ပခရီးသွားဦးရေစုစုပေါင်း ၁၈၆၂၅၉ ဦး လာရောက်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဇန်န၀ါရီလမှ မေလ အတွင်း ပြည်တွင်းပြည်ပခရီးသွားဦးရေစုစုပေါင်း ၂၅၄၃၉၂ ဦး လာရောက်ခဲ့ကြောင်း ဟော်တယ်/ခရီးမှ ရရှိသည့်စာရင်းများအရ သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
Monday, June 12, 2017
ဧရာဝတီတိုင်းဒေသကြီးရှိ အပန်းဖြေကမ်းခြေများသို့ ပြည်တွင်းပြည်ပခရီးသွားများဝင်ရောက်မှု စာရင်းမှန်ရရှိရေးအခက်အခဲရှိနေ
ဧရာဝတီတိုင်းဒေသကြီးရှိ အပန်းဖြေကမ်းခြေများသို့ ပြည်တွင်းပြည်ပခရီးသွားများဝင်ရောက်မှု စာရင်းမှန်ရရှိရေးအခက်အခဲရှိနေ
Reviewed by Ar Ti
on
7:55 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment