Latest News

Monday, June 12, 2017

သဘာဝဘေးအန္တရာယ်များနှင့် အင်းဆက်ပိုးမွှားများကြောင့် နစ်နာဆုံးရှုံးနေကြသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် အာမခံချက်ရှိစေမည့် သီးနှံအာမခံလုပ်ငန်းများကို ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ပေးရေး လွှတ်တော်တွင် ဆွေးနွေးမည်

သဘာဝဘေးအန္တရာယ်များနှင့် အင်းဆက်ပိုးမွှားများကြောင့် နစ်နာဆုံးရှုံးနေကြသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် အာမခံချက်ရှိစေမည့် သီးနှံအာမခံလုပ်ငန်းများကို ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ပေးရေး လွှတ်တော်တွင် ဆွေးနွေးမည်

နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များနှင့် အင်းဆက်ပိုးမွှားများကြောင့် နစ်နာဆုံးရှုံးနေကြသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် အာမခံချက်ရှိစေမည့် သီးနှံအာမခံ လုပ်ငန်းများကို ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ပေးရေး အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးက တင်သွင်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ဇွန် ၁၂ ရက်က ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ရာသီဥတု ပြောင်းလဲမှုများအပေါ် မူတည်ပြီး အလွယ်တကူ ပျက်စီးတတ်သော ကဏ္ဍကြီးတစ်ခုဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု အပါအ၀င် မိုးသည်းထန်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားပါးခြင်း၊ အပူချိန်ပြင်းထန်ခြင်း အစရှိသည့် အကြောင်းအမျိုးမျိုးကြောင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများနှင့် လယ်ယာစိုက်ခင်းများမှာ နှစ်စဉ်နှစ်တိုင်းနီးပါး ပျက်စီးဆုံးရှုံး ထိခိုက်နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုသို့ သဘာဝဘေးအန္တရာယ်များအောက်တွင် တောင်သူလယ်သမားများ နာလန်မထူနိုင်အောင် ထိခိုက်နစ်နာနေကြသဖြင့် တိုင်းပြည်အတွက်လည်း ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေကြောင်း အဆိုရှင် ဦးမျိုးဇော်ဦးက ပြောကြားသည်။

“တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့၊ ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့အတွက်ဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ အစီအမံအသစ်တွေ ဖော်ဆောင်ပြီး ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှသာ တောင်သူလယ်သမားများရဲ့ ဘ၀တွေ တိုးတက်မြင့်မားလာမှာ ဖြစ်ပါတယ်” ဟု လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးက အဆိုတင်သွင်းစဉ် ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရမည်ဟု ဖော်ပြထားပြီး ပြည်ထောင်စုလွှတ်တော်ကလည်း တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းထားပြီးလည်းဖြစ်ကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများ သဘာဝဘေးအန္တရာယ်ကြောင့်သော် လည်းကောင်း၊ သီးနှံဖျက်ပိုး အင်းဆက်များကြောင့်သော်လည်းကောင်း ပျက်စီးဆုံးရှုံးသွားသော သီးနှံများအတွက် အာမခံချက်ပေးနိုင်သည့် သီးနှံအာမခံထားခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အချိန်တန်ပြီဖြစ်ကြောင်း အဆိုရှင်က ပြောကြားသည်။

ထို့အတူ ရာသီဥတု ဖောက်ပြန်မှုများ၏ ဆိုးကျိုးများကြောင့် သီးနှံပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက် သီးနှံများကို အာမခံထားခြင်းသည် ကြိုတင်ကာကွယ်ရာရောက်ပြီး၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သီးနှံပျက်စီးဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှုများ လျော့နည်းစေရန်နှင့် တောင်သူလယ်သမားများအတွက် လိုအပ်သော အကူအညီများ၊ အထောက်အပံ့များပေးရန် လိုအပ်နေပြီဖြစ်သကဲ့သို့ သီးနှံအာမခံထားခြင်း လုပ်ငန်းများကိုလည်း ဆောလျင်စွာ အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးမျိုးဇော်ဦးက ပြောကြားသည်။

ထို့နောက် အဆိုကို နွားထိုးကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က ထောက်ခံဆွေးနွေးခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

Eleven Media Group

No comments:

Post a Comment