Latest News

Tuesday, June 27, 2017

နေပြည်တော် စိန်တလုံးသရက်ဇုန် အမှန်တကယ်လုပ်ကိုင်ခြင်း ရှိ၊ မရှိ စတင်စစ်ဆေး

နေပြည်တော် စိန်တလုံးသရက်ဇုန် အမှန်တကယ်လုပ်ကိုင်ခြင်း ရှိ၊ မရှိ စတင်စစ်ဆေး


အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ဝန်ကြီးတွေနဲ့ လုပ်ငန်းရှင်တချို့ လုပ်ကိုင်နေတဲ့ နေပြည်တော်ကောင်စီနယ်မြေရှိ အထူးသရက်ဇုန်ကို အမှန်တကယ် လုပ်ကိုင်ခြင်း ရှိ၊ မရှိ တာဝန်ရှိသူတွေက စတင်စစ်ဆေးနေပါတယ်။

ဇွန် ၂၆ ရက်က ဒက္ခိဏသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၀၉ အနီးရှိ စိန်တစ်လုံးအထူးသရက်ဇုန်ကို လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်တွေ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်သူတွေ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူအနေနဲ့ တောင်သူတွေက တိုင်ကြားတဲ့ အတွက် စတင်စစ်ဆေးတာ ဖြစ်ပါတယ်။

အဆိုပါမြေတွေကို သစ်တောမြေကနေ ပယ်ဖျက်ကာ မြေလွတ်မြေရိုင်းအဖြစ် သတ်မှတ်ပြီး နှစ် ၃၀ ဂရန်နဲ့ ချထားပေးခဲ့တာလို့ သိရပါတယ်။ ဒီမြေတွေအပေါ်မှာ ယခင်က လုပ်ကိုင်ခဲ့တဲ့ တောင်သူတွေအနေနဲ့ လုံးဝလျော်ကြေးမရသူတွေ၊ လျော်ကြေး ရရှိခဲ့တဲ့နှုန်း နည်းတဲ့သူတွေက အမှန်တကယ် လုပ်ကိုင်ခြင်းမရှိရင် မြေတွေ ပြန်ပေးဖို့ တိုင်တန်းတာကြောင့် အခုလို စစ်ဆေးတာဖြစ်ပါတယ်။

တိုင်စာပေါင်း ၉၄ စောင်ရှိပြီး ဒီကနေ့မှာ ဦးသိန်းအောင်၊ ဦးခင်မောင်အေး၊ ဦးဝင်းထွန်း၊ ဦးအေးမြင့်မောင်နဲ့ ဦးဌေးနိုင်(ခ)ဦးကျော်မြင့်တို့ ခြံတွေကို စတင်စစ်ဆေးတာပါ။

အမျိုးသားလွှတ်တော်အမတ် ဒက္ခိဏသီရိခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်  ဦးကျော်မြင့်ဦးက  “အခုလက်ရှိအခြေအနေကတော့ GPS နဲ့ ကွင်းကို ပတ်နေတုန်း၊ နဂိုက သူတို့က ဧက ၃၀ ချထားတယ်။ လေးနှစ်အတွင်းမှာ ရာခိုင်နှုန်းအပြည့် ပြီးရမယ်။ အခုလက်ရှိအနေအထားမှာ ဘယ်လောက် စိုက်ပျိုးထားတာ ရှိသလဲ၊ အဲဒါကို မှတ်တမ်းယူမယ်။ မှတ်တမ်းယူပြီး မြေလွတ်မြေရိုင်းဥပဒေနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေနဲ့ ရှေ့ဆက်သွားလို့ရအောင် ကြိုးစားရမှာပေါ့” လို့ ဆိုပါတယ်။

သရက်ဇုန်မှာ ဧကပေါင်း ၄၈၀၀ ကျော်ရှိပြီး မြေစာရင်းမှတ်တမ်းအရ လုပ်ပိုင်ခွင့်ကို ၂၀၁၅ ခုနှစ်မှာ ချထားပေးခဲ့တယ်လို့ဆိုပေမယ့် တချို့ကုမ္ပဏီတွေရဲ့ လုပ်ကိုင်ခွင့်ပြုတဲ့နှစ်မှာ ၂၀၁၁ လို့ ဖော်ပြထားပြီး အမှန်တကယ် လုပ်ကိုင်နေတာက ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်က ဖြစ်တယ်လို့ နေပြည်တော်ကောင်စီ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင် အမျိုးသားလွှတ်တော်အမတ်ဦးမောင်မောင်ဆွေက ပြောပါတယ်။

“အစိုးရသစ်ပြောင်းခါနီးမှာ အချိန်ကာလတခုကို သူတို့ နည်းနည်း ကစားလိုက်တဲ့သဘော သက်ရောက်နေတယ်။ ကျနောတို့က ဒါကို လက်မခံဘူး။ ကျနော်တို့က ဘာနဲ့စိစစ်မလဲဆို အမှန်တကယ် လုပ်ငန်း စတင်အကောင်အထည်ဖော်တဲ့နှစ်ကိုယူပြီး လေးနှစ်နဲ့ အပြီးစိုက်ရမယ်ဆိုလည်း ဥပဒေနဲ့ညီ မညီဘဲ ဆုံးဖြတ်မယ်။ လက်ရှိကွင်းဆင်းတိုင်းတာတွေ ရှိတယ်။ မစိုက်ပျိုးထားတဲ့မြေတွေကို နိုင်ငံတော်က ပြန်လည်သိမ်းယူဖို့ လုပ်တဲ့အခါမှာ အဓိကအရေးကြီးတာက ဒီခွင့်ပြုနှစ် ဖြစ်သွားပြီ။ ဒါနည်းနည်းကစားထားတယ်ပေါ့။ ကျနော်တို့ကလည်း အခုမှာ ပေါ်လာတာ သိလာတာ။ ခွင့်ပြုနှစ်ကိုတော့ စနစ်တကျ အမှန်ဖြစ်အောင် ပြန်စစ်ဆေးရဖို့ရှိ တယ်”

အထူးသရက်ဇုန်မှာ လုပ်ကိုင်ခွင့်ရရှိထားသူတွေ စာရင်းအရ ယခင်အစိုးရလက်ထက်က ဝန်ကြီးတွေဖြစ်တဲ့ ဦးဝင်းထွန်း၊ ဦးအေးမြင့်မောင်၊ ဦးသူရအေးမြင့်၊ ဒေါက်တာချမ်းငြိမ်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးစိုးသာ၊ ဦးစိုးသိန်း၊ သူရမြင့်မောင်၊ ဦးမြငြိမ်း စတဲ့သူတွေ ပါဝင်ပြီး လုပ်ငန်းရှင်တွေထဲကဦးခင်မောင်အေး၊ ယုဇနကုမ္ပဏီ၊ ဒဂုံကုမ္ပဏီ စတာတွေလည်း ပါဝင်ပါတယ်။

DVB

No comments:

Post a Comment