Latest News

Tuesday, June 27, 2017

မီတာခတိုးကောက်ရန် စီစဉ်နေကြောင်း ဒုဝန်ကြီးထုတ်ဖော်ပြောကြား

မီတာခတိုးကောက်ရန် စီစဉ်နေကြောင်း ဒုဝန်ကြီးထုတ်ဖော်ပြောကြား

နိုင်ငံတော်က အရှုံးခံနေရလို့ လျှပ်စစ်မီတာခကို တိုးကောက်ဖို့ စီစဉ်နေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဒု-ဝန်ကြီး ဒေါက်တာထွန်းနိုင်က ဇွန် ၂၆ ရက် ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။

လျှပ်စစ်ဓာတ်အားအတွက် ၂၀၁၆-၁၇ ခုနှစ်မှာပဲ နိုင်ငံတော်ဘတ်ဂျတ်က ကျပ် ၃၃၇ ဘီလီယံလောက် အရှုံးခံပေးခဲ့တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကစက်ရုံတွေက ထုတ်လုပ်တဲ့ ဓာတ်အား ၁ ယူနစ်အတွက် ကုန်ကျစရိတ်က ၁ ယူနစ်ကို ၉၁.၉၂ ကျပ်လောက်ရှိပေမယ့် ကောက်ခံလို့ရတာက ၁ ယူနစ်ကို ပျမ်းမျှ ၆၉.၂၆ ကျပ်ပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်က စိုက်ထုတ်ကျခံ သုံးစွဲရတာ လျှော့ချနိုင်ရေးနဲ့ သင့်တော်တဲ့ ဓာတ်အားခနှုန်းထားတခု သတ်မှတ်နိုင်ဖို့အတွက် ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး Tariff Policy (အခွန်ဆိုင်ရာ ကောက်ခံနှုန်းမူဝါဒ) ကို ရေးဆွဲနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

လျှပ်စစ်ဓာတ်အားခနှုန်းထားတွေနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကိုလည်း အစိုးရက နှစ်ကြိမ်ကျင်းပခဲ့ပြီး အကြံပြုချက်တွေ ရယူနေတယ်လို့ သိရပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်ကတော့ အိမ်သုံးမီတာခတွေကို ၁ ယူနစ် ၅၀ ကျပ်ကနေ ၁၅၀ ကျပ်အထိ တိုးမြှင့်သင့်ပေမယ့် လုပ်ငန်းသုံးမီတာခတွေကိုတော့ ၁ ယူနစ်ကို ၁၅၀ ကျပ်ကနေ ၁၇၅ ကျပ်အထိပဲ တိုးမြှင့်ဖို့ အကြံပြုထားပါတယ်။

လက်ရှိမှာတော့ အိမ်သုံးမီတာခ ၁ ယူနစ်ကို အနိမ့်ဆုံး ၃၅ ကျပ်က အမြင့်ဆုံး ၅၀ ကျပ်၊ စီးပွားရေးလုပ်ငန်း/စက်မှုလုပ်ငန်းသုံး မီတာခ ၁ ယူနစ်ကို အနိမ့်ဆုံး ၇၅ ကျပ်က အမြင့်ဆုံး ၁၅၀ ကျပ်အထိ အလွှာလိုက် သတ်မှတ်ကောက်ခံနေတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment