လော့စ်အိန်ဂျလိစ် ပင်လယ်ဆိပ်ကမ်း၌ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွာ
း
လော့စ်အိန်ဂျလိစ် ဇွန် ၂၈
ဆိုက်ဘာတိုက်ခိုက်မှု (ကွန်ပျူတာ ကွန်ရက်တိုက်ခိုက်မှု)ကြောင့် ဥရောပတွင် လုပ်ငန်းများ ကသောင်းကနင်းဖြစ် ခဲ့ရပြီးနောက် ဇွန် ၂၇ ရက်တွင် အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၏ အကြီးဆုံးပင်လယ်ဆိပ်ကမ်းတွင် လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ကမ္ဘာ့ကုန်သွယ်ရေကြောင်း သင်္ဘောအရေအတွက်၏ ၁၆ ရာခိုင်နှုန်းအတွက် ဝန်ဆောင်မှုပေးနေသော A.P. Moller-Maersk သင်္ဘောကုမ္ပဏီက ဖွင့်လှစ်ထားသော APM ဂိတ်ရှိ ကုမ္ပဏီ၏ အိုင်တီစနစ် နှောင့်ယှက်ခံရသဖြင့် ဇွန် ၂၇ ရက်တွင် နာရီပေါင်းများစွာ ကြာအောင် လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရကြောင်း လော့စ်အိန်ဂျလိစ်နေ့စဉ် သတင်းစာတွင် ဖော်ပြသည်။
ဆိုက်ဘာတိုက်ခိုက်မှုကြောင့် Maersk ကုမ္ပဏီ၏ အိုင်တီစနစ်ထိခိုက်ခဲ့ရကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ လော့စ်အိန်ဂျလိစ် နေ့စဉ်သတင်းစာက ရေးသားဖော်ပြသည်။
ဆိုက်ဘာတိုက်ခိုက်ခံရမှု အခြေအနေကို သုံးသပ် လေ့လာနေကြောင်း၊ ကုမ္ပဏီ၏ စီးပွားရေးယူနစ်များ ထိခိုက်ခဲ့ရမှုကို လေ့လာနေကြောင်း ၄င်းက ပြောကြားသည်။
ရုရှားနိုင်ငံ၏ ထိပ်တန်းရေနံထုတ်လုပ်ရေးလုပ်ငန်း ဖြစ်သော Rosneft ကုမ္ပဏီနှင့် ယူကရိန်းနိုင်ငံရှိ ကူးသန်းရောင်းဝယ်ရေးဘဏ် အများအပြား၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများမှာလည်း ဆိုက်ဘာတိုက် ခိုက်မှုခံခဲ့ရသည်။
ဇွန် ၂၇ နှင့် ၂၈ ရက်တို့တွင် APM ဂိတ်၌ မည်သည့် သင်္ဘောမျှ ဆိုက်ကပ်မည် မဟုတ်ကြောင်း၊ ထရပ် ကားများ လာရောက်ခြင်းမပြုရန်လည်း အသိပေး အကြောင်းကြားထားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် နာရီအတန်ကြာမျှ ကွန်ပျူတာစနစ် ရပ်ဆိုင်းသွားခြင်းကြောင့် သွင်းကုန်နှင့် ထုတ်ကုန်လုပ်ငန်းရှင်များ အဆင်မပြေဖြစ်ခဲ့ကြရပြီး လက်ကားအရောင်းဆိုင်များ၊ လက်လီအရောင်းဆိုင်များနှင့် ရှယ်ယာအစုရှင်များအပေါ် အကျိုးသက်ရောက်မှု ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားကြသည်။
ဆင်ဟွာ။
The Mirror Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment