Latest News

Wednesday, June 28, 2017

ဗိုလ်ချုပ်ချင်းပြိုင် ဘယ်သူနိုင်

ဗိုလ်ချုပ်ချင်းပြိုင် ဘယ်သူနိုင်

ဘောလုံးကွင်းတစ်ကွင်းစာအကျယ်ရှိ ပန်းခြံတစ်ခုတွင် အဖွဲ့နှစ်ခုက ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် နေရာယူ၍ထားသည်။ ပန်းခြံ ဘယ်အစွန်အဖွဲ့က အပြာရောင် ဆိုင်းဘုတ်၊ အပြာရောင်အမိုးတို့ ဖြင့် အပြာရောင်အဖွဲ့အသွင်ယူ ထားသလို ညာအစွန်အဖွဲ့ကလည်း အနီရောင်ဆိုင်းဘုတ်၊ အမိုးတို့ဖြင့် အနီရောင်အဖွဲ့အဖြစ် အခိုင်အမာ နေရာယူထားသည်။

အပြာအဖွဲ့က ပန်းခြံဘယ်အစွန်တွင် စင်မြင့်တစ်ခုဆောက်လုပ်နေသည်။ ဘိလပ်မြေများ၊ ကျောက်စရစ်များ၊ သံတိုင်များဖြင့် အလုပ်သမားအချို့ ခပ်သွက်သွက်အလုပ်ရှုပ်နေသည်။ ညာအစွန်မှ အနီအဖွဲ့ကလည်း အလားတူ စင်မြင့်တစ်ခုဆောက်လုပ်ရန် အလုပ်သမားအနည်းငယ်နှင့် မြေတူးခြင်း၊အုတ်စီခြင်းတို့ကို ခပ်မြန်မြန်လုပ် ဆောင်နေ၏။

တစ်မြို့နယ်တည်းရှိ ထိုအဖွဲ့နှစ်ဖွဲ့က ထိပ်တိုက်အားပြိုင်မှုတစ်ခုအသည်းအသန် ပြုလုပ်နေသည်မှာ နှစ်ပေါက်နေပြီဖြစ်သည်။ လာမည့်ရှေ့လတွင်တော့ လပေါင်း များစွာကြာခဲ့သော ၎င်းတို့၏ ပြိုင်ဆိုင်မှုက အကောင်အထည်ပေါ် လာတော့မည်။

၎င်းတို့ ကာလအတော်ကြာ ယှဉ်ပြိုင်နေသည်ကတော့ အခြားမဟုတ်။ ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိနိုင်ရေးပင်ဖြစ်သည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက တောင်ဥက္ကလာပမြို့နယ်ရှိ သုမင်္ဂလာပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် တည်ဆောက်လိုသူ နှစ်ဖွဲ့ရှိပြီး ထိုနှစ်ဖွဲ့ကလည်း ပေါင်းစည်း၍မရဖြစ်ခဲ့သည်။

ပန်းခြံ၏ အပြာရောင်အဖွဲ့ကို တောင်ဥက္ကလာပပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ စောနိုင်က ဦးဆောင်၍ အနီအဖွဲ့ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ဦးဆောင်ခဲ့သည်။ နှစ်ဖွဲ့ညှိနှိုင်းမရသည့်နောက်ဆုံးတွင် သူ့ဗိုလ်ချုပ် သူလုပ်၊ ကိုယ့်ဗိုလ်ချုပ်ကိုယ်လုပ် အစီအစဉ်ဖြင့် ဗိုလ်ချုပ်နှစ်ရုပ်ဖြစ်လာခဲ့ပြီး အပြာနှင့်အနီအဖွဲ့အဖြစ် ပန်းခြံ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူကြလေတော့သည်။

နောက်ဆုံးတော့ ယှဉ်ပြိုင်မှု ၏ နောက်ဆုံးအချိန်ကို ရောက်ရှိ လာပြီဖြစ်သည်။ နှစ်ဖွဲ့စလုံး၏ ဗိုလ်ချုပ်ကြေးရုပ်များက ရုပ်လုံး ပေါ်လာပြီဖြစ်သလို ဇူလိုင် ၁၉ ရက်အာဇာနည်နေ့တွင်တော့ နှစ်ဖွဲ့စလုံး၏ ဗိုလ်ချုပ်ကြေးရုပ်နှစ်ရုပ် ကို ပန်းခြံတွင်းတွင် အပြိုင်စိုက်ထူ တော့မည်ဖြစ်သည်။


သုမင်္ဂလာပန်းခြံအတွင်း အပြိုင်တွေ့ရမည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနှစ်ခု (ဓာတ်ပုံ-နစ်ကီ)

မြို့နယ်တစ်ခုတည်း၊ ပန်းခြံတစ်ခုတည်းတွင် ဗိုလ်ချုပ်ရုပ်နှစ်ခုစိုက်ထူမည်ဆိုသည်က မည်သည့်အရပ်တွင်မျှ မရှိခဲ့သည့် ထူးခြား ဖြစ်ရပ်ဖြစ်သည်။ ထို့အတူ ထို ဗိုလ်ချုပ်နှစ်ရုပ်ဖြစ်လာရန် မည်သူက အရင်လုပ်၍ မည်သူကနောက်မှ လုပ်သည်ဆိုသည်ကလည်း တောင်ဥက္ကလာပမြို့နယ်တွင် အစပျောက်နေသော ကြက်ဥလိုဖြစ်နေ သည်။

အဖွဲ့နှစ်ဖွဲ့တွင် မည်သည့် အဖွဲ့က ဗိုလ်ချုပ်ကြေးရုပ်တည် ဆောက်ရန် အရင်စိတ်ကူးရသလဲ ဆိုသည့်မေးခွန်းအတွက် သူအရင်၊ငါအရင်ဖြင့် အငြင်းပွားစရာရှိနေကြသည်။ အပြာအဖွဲ့မှ ဒေါက်တာစောနိုင်တို့က တောင်ဥက္က လာပမြို့နယ်အတွင်း ဗိုလ်ချုပ် ကြေးရုပ်တစ်ခုထားရှိရန် ၂၀၁၆ဇွန်လကတည်းက သက်ဆိုင်ရာကို အသိပေးခဲ့ကြသည်ဟုဆိုသည်။ အနီအဖွဲ့က ၂၀၁၆ ဇူလိုင်မတိုင်မီကတည်းက လုပ်ထုံးလုပ်နည်း အတိုင်း တင်ပြခဲ့သည်ဟု ဆိုကြ သည်။ ထူးခြားသည့်ကိစ္စကတော့ နှစ်ရုပ်လုံးတည်ဆောက်ရန် သက်ဆိုင်ရာက ခွင့်ပြုချက်များ ရရှိခဲ့ ခြင်းပင်ဖြစ်သည်။ နှစ်ဖက်စလုံးမှ လည်း မြို့တော်ဝန် ဦးမောင်မောင်စိုးထံ တိုက်ရိုက်ခွင့်ပြုချက်တောင်းခံခဲ့ခြင်းဖြစ်သည်။

သို့သော် မြို့တော်ဝန်အပါ အဝင် တိုင်းအစိုးရကိုယ်တိုင်က လည်းမည်သည့် ဗိုလ်ချုပ်ရုပ်တုက အရင်ခွင့်ပြုချက် တောင်းခံခဲ့သည် ကို ပြတ်သားစွာထုတ်မပြောခဲ့ပေ။

‘‘အဓိကနှစ်ရုပ်ဖြစ်လာတာ အစိုးရပိုင်းရဲ့ စီမံခန့်ခွဲမှုအကြီးကြီး မှားတာ။ အစကတည်းက ဘယ် ဘက်ကမှန်တယ် ပြတ်ပြတ်သားသားမလုပ်ဘဲ နှစ်ခုဖြစ်လာမှ ညှိနှိုင်းပေးဖို့ပြောတော့ ညှိလို့မရတော့ဘူး’’ဟု ဦးကိုကိုကြီးပါဝင် သည့် အနီအဖွဲ့မှ ဗိုလ်ချုပ်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီအတွင်း ရေးမှူး ဦးထွန်းနေဝင်းက ပြော သည်။

ဒေါက်တာစောနိုင်တို့ အပြာ အဖွဲ့မှ တာဝန်ခံ ဦးဝင်းနိုင်က လည်း စတည်မည်ဟု ဆုံးဖြတ်က တည်းက တစ်ဖွဲ့နှင့် တစ်ဖွဲ့ညှိနှိုင်း ဖို့မဖြစ်နိုင်ခဲ့ကြောင်းပြောသည်။‘‘နှစ်ရုပ်တော့ ဘယ်ဖြစ်ချင်မလဲ။ မြို့တော်ဝန်ကိုယ်တိုင် ခေါ်ညှိပေ မယ့် ပေါင်းလုပ်ဖို့က ဘယ်လိုမှ အဆင်မပြေဘူး’’

သို့နှင့် နှစ်ဖွဲ့လုံးထိပ်တိုက် ညှိနှိုင်းဖို့ အခြေအနေများထက် ကိုယ့်ဗိုလ်ချုပ်ကို ရုပ်လုံးဖော်နိုင် ရန်သာ စီစဉ်ခဲ့ကြသည်။ ၂၀၁၆ အောက်တိုဘာတွင်တော့ အဖွဲ့နှစ်ဖွဲ့စလုံးသည် ရုပ်တုဖြစ်မြောက် ရေး ကော်မတီများ အသီးသီးဖွဲ့နှင့် ပြီးသားဖြစ်ကာ ဗိုလ်ချုပ်ရုပ်တုအ တွက် အလှူခံစတော့သည်။

အပြာအဖွဲ့က ပြည်သူ့ဗိုလ် ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဟု အမည်ပေး၍ အနီအဖွဲ့က မြို့နယ်သူ၊ မြို့နယ်သားများ၏ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဟု အမည် ပေးခဲ့သည်။

သို့နှင့် ဗိုလ်ချုပ်ရုပ်တုနှစ်ခု က တောင်ဥက္ကလာပတွင် စင်ပြိုင်ပေါ်လာတော့သည်။ အနီအဖွဲ့မှ ဗိုလ်ချုပ်ကို ၂၀၁၇ ဖေဖော်ဝါရီမတိုင်မီပြီးစီးခဲ့ပြီး အပြာအဖွဲ့က ဧပြီလမတိုင်မီ ပြီးစီးခဲ့သည်။

အပြာအဖွဲ့မှ ဗိုလ်ချုပ်ကို မန္တလေးတွင် သွန်းလုပ်ခဲ့ပြီး ဗိုလ်ချုပ်ပန်းခြံကြေးရုပ်မှ ရုပ်တုပုံစံအတိုင်း ထုလုပ်ခြင်းဖြစ်သည်။ ကြေးပိဿာချိန် ၂၇၀ ဝန်းကျင်နှင့်တန်ဖိုး ကျပ်သိန်း ၁၃၀ ခန့်ရှိပြီး အမြင့်ပေ ရှစ်ပေခွဲရှိသည်။

အနီအဖွဲ့မှ ဗိုလ်ချုပ်ကို အောင်ဆန်း-အက်တလီစာချုပ် ချုပ်စဉ်ကအတိုင်း အင်္ကျီအတွင်း လက်နှိုက်အနေအထားဖြင့် ထု လုပ်ခဲ့ခြင်းဖြစ်သည်။ ကြေးပိဿာချိန် ၃၀၀ ခန့်နှင့် အမြင့်ပေ ကိုးပေ ရှိသည်။ တန်ဖိုးက ကျပ်သိန်း ၁၃၀ပင် ဖြစ်သည်။ နှစ်ဖွဲ့ သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်သည့်အလျောက် ‘သူ့ဗိုလ်ချုပ်ရုပ်တုက မျောက်ရုပ်ပေါက် သည်၊ သူ့ရုပ်တုက ရုပ်ဆိုးသည်’ စသည်ဖြင့် ဗိုလ်ချုပ်ချင်းလည်း အယှဉ်ခံရလေတော့သည်။

‘‘သူတို့ဗိုလ်ချုပ်ရုပ်တုက တစ်နိုင်ငံလုံး အဆိုးရွားဆုံးဗိုလ်ချုပ်ပုံ တွေထဲမှာ ပါတယ်လေ’’ဟု အပြာ အဖွဲ့မှ ဦးဆောင်သူတစ်ဦးကဆိုသည်။ အနီအဖွဲ့ဝင်တစ်ဦးက လည်း ‘‘ဆေးသုတ်ထားတဲ့ ဗိုလ်ချုပ်ရုပ်ကြီး’’ဟု တစ်ဖက်ကိုတုံ့ပြန်သည်။

ထို့အပြင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမှားကိုစောင့်ကာ သက်ဆိုင်ရာ သို့ အပြန်အလှန်တိုင်တန်းမှုများ လည်း ပြုလုပ်လေ့ရှိကြ၏။ လုပ် ငန်းစတင်သည်မှ ယနေ့အထိ တိုင်တန်းစာ စာရွက်စာတမ်းဖိုးကုန်ကျငွေ ၁၀ သိန်းကျော်ရှိခဲ့သည်ဟု အနီအဖွဲ့ဖြစ်သော မြို့နယ်သူ၊ မြို့နယ်သားများ၏ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖြစ်မြောက်ရေး ကော်မ တီစာရင်းစစ် ဦးစိန်သန်းက ပြော သည်။

‘‘စကတည်းကနေအခုထိ စာ ရွက်စာတမ်းတွေ သိမ်းထားတယ်။ သူတို့အဖွဲ့ကို တိုင်ရတန်းရတာတွေ ဒီဘက်ကလျှောက်ထားရတွေ ချည်းပဲ၊ ၁၀ သိန်းကျော်သွားပြီ’’ဟု ဦးစိန်သန်းက ဆိုသည်။ သိန်း ၁၃၀တန် ရုပ်တုအတွက် စာရွက်ဖိုးက ၁၀ ပုံတစ်ပုံရှိပြီဖြစ်၏။

ထို့အပြင် ဗိုလ်ချုပ်ရုပ်တုကို အကြောင်းပြု၍ အဖွဲ့နှစ်ခုအကြား ပဋိပက္ခများလည်း ရှိခဲ့သည်။၂၀၁၆ နိုင်ဝင်ဘာ ၆ ရက်တွင် အပြာအဖွဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောနိုင်တို့၏ ဗိုလ်ချုပ်ရုပ်တုကို ရပ်ကွက်အတွင်းသို့ လှည့်လည်  ပြသစဉ် လူအချို့နှင့် ပြဿနာဖြစ်ကာ ရန်ပွဲအသွင်ဆောင်ခဲ့သည်။ အဖွဲ့မှ တာဝန်ခံဦးဝင်းနိုင်က အဆိုပါရန်ပွဲသည်  ပြိုင်ဘက်အဖွဲ့မှ လူများ၏ လက်ချက်ဟု တထစ်ချဆိုသည်။ အနီအဖွဲ့က ထိုသို့စွပ်စွဲ ချက်ကို ငြင်းဆိုခဲ့သည်။


ဓာတ်ပုံ − နစ်ကီ

‘‘လူမှုကွန်ရက်မှာ ဖြစ်တာတွေတော့ ထည့်မပြောတော့ပါ ဘူး။ ကြားထဲမှာ နှစ်ဖက်ပြဿနာ တက်တာတွေ အများကြီးပဲ’’ဟု ကိုဝင်းနိုင်က ပြောသည်။ ဤသို့ဖြင့်မြို့နယ်အတွင်း သြဇာရှိသော ပုဂ္ဂိုလ်နှစ်ဦးမှ အားပြိုင်သည့်အ လျောက် မြို့နယ်အတွင်းလည်း အုပ်စုကွဲတော့သည်။ ဗိုလ်ချုပ်ရုပ်တု တည်ဆောက်ဆဲကာလတွင် အုပ်စုနှစ်ဖွဲ့၏ အကွဲအပြဲကြီးမား ခဲ့လေသည်။

အဖွဲ့နှစ်ဖွဲ့သည် ပန်းခြံအ တွင်း ခြေလှမ်းငါးလှမ်းခန့်အကွာ မျက်စောင်းထိုးမှာပင်ရှိနေသည်။ သို့သော် စကားမပြော၊ အဆက်အ ဆံမလုပ်။ ပန်းခြံရှိ အပေါက်နှစ် ပေါက်ကိုလည်း တစ်ပေါက်စီ သီးခြားအသုံးပြုသည်။

သို့နှင့် ဗိုလ်ချုပ်ကြောင့်ဖြစ် သော အားပြိုင်မှုသည် တောင်ဥက္ကလာပတွင် ကြီးမားလာပြီး မြို့တော် ၀န် ဦးမောင်မောင်စိုးနှင့်အခါခါ ညှိနှိုင်းခဲ့သည်။ ပန်းဥယျာဉ်နှင့်ကစား ကွင်းများဌာနနှင့်လည်း ညှိနှိုင်းခဲ့ သော်လည်း အဖြေမထွက်နိုင်ခဲ့။ ဗိုလ်ချုပ်ရုပ်တုနှစ်ခုကလည်း အဖွဲ့နှစ်ဖွဲ့၏ ညှိနှိုင်းမှုကို သုံးလခန့် စောင့်ဆိုင်းခဲ့ရသည်။ သို့နှင့်မေလကုန်တွင်တော့ ရန်ကုန်မြို့တော် ၀န် ဦးမောင်မောင်စိုးက သမိုင်းဝင် မည့် ဆုံးဖြတ်ချက်ကို ချခဲ့သည်။

‘ရုပ်တုနှစ်ခုလုံးကို သုမင်္ဂလာ ပန်းခြံထဲ ဇူလိုင် ၁၉ ရက် အာဇာ နည်နေ့တွင် စိုက်ထူရန်’ ဆုံးဖြတ် ချက်ချခဲ့ပြီး သူကိုယ်တိုင် လာ ရောက်ဖွင့်လှစ်ပေးမည်ဟုလည်း နှစ်ဖွဲ့လုံးကို ကတိပေးခဲ့သည်။ ရုပ်တုဖွင့်ပွဲ ပြုလုပ်ရာတွင်လည်း မည်သည့်ရုပ်တုဘက်မှမသွားဘဲ ရုပ်တုနှစ်ခု၏ အလယ်တွင်ရပ်ကာ အခမ်းအနားဖွင့်ပေးရန် အဖွဲ့နှစ်ခုက လည်း တောင်းဆိုခဲ့သည်။

‘‘ရယ်တော့ ရယ်စရာကြီးပေါ့ ဗျာ...။ သူများပန်းခြံတွေမှာ တစ် ရုပ်တည်းဆိုတော့ ဗိုလ်ချုပ်ပျင်း နေမှာစိုးလို့ ကျုပ်တို့ဆီမှာက နှစ် ရုပ်ထားပေးတာ။ စကားပြောဖော် လေးဘာလေးရတာပေါ့’’ ဟု တောင်ဥက္ကလာပမြို့နယ် (၆)ရပ်ကွက်မှ ဦးဝေယံထွဋ်က ရယ် လျက်ပြောသည်။

ရုပ်တုနှစ်ခု ဖြစ်ခဲ့သည်မှာ လည်း သမိုင်းတွင်အမည်းစက်အ ဖြစ်၊ မညီညွတ်မှုအဖြစ် ရှိနေမည် ဖြစ်ကြောင်း မြို့နယ်သူ၊ မြို့နယ် သားများ၏ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖြစ်မြောက်ရေးကော်မ တီ တွဲဖက်အတွင်းရေးမှူးကိုလင်း ထက်က ပြောသည်။


ပန်းခြံတစ်ခုအတွင်း ထားရှိမည့် ဗိုလ်ချုပ်ရုပ်တုနှစ်ခု (ဓာတ်ပုံ-နစ်ကီ)

‘‘ကိုယ့်မြို့နယ်ထဲ အကွဲအပြဲလူသိတာပေါ့ဗျာ။ ဒါမျိုးက ကမ္ဘာမှာလည်းမရှိ၊ မြန်မာမှာလည်းမရှိ။ တောင်ဥက္ကလာသားတွေ မညီညွတ်တာကိုပြသလို အစိုးရရဲ့ စီမံခန့်ခွဲမှု အသုံးမကျလို့ ရုပ်ဆိုးရတာလည်း သိတာပေါ့’’ဟု ၎င်းကဆို သည်။ ပြည်သူ့ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ ဦးမိုးက ‘‘သူတို့လည်း ဗိုလ်ချုပ်ကိုချစ်တာ၊ တို့လည်း ဗိုလ်ချုပ်ကိုချစ်လို့ပဲထားပါတော့’’ဟု ဆိုသည်။

ဗိုလ်ချုပ်၏ နှစ် (၇၀) ပြည့် မြောက်သော ဈာပနနှစ်ပတ်လည်တွင် ဗိုလ်ချုပ်အလေးအနက် ပြောကြားခဲ့သော ညီညွတ်ခြင်းအစား ပုံစံမတူသော ဗိုလ်ချုပ်ရုပ်တုနှစ်ခုကို သူ့ဗိုလ်ချုပ်၊ ကိုယ့်ဗိုလ်ချုပ်ဟူ၍ ခွဲခြားကာ ဦးညွှတ်အလေးပြုမည့်ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။

ဗိုလ်ချုပ်ရုပ်တုနှစ်ခုကို ဖွင့် လှစ်မည့်နေ့ ဇူလိုင် ၁၉ ရက်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ သည့် အာဇာနည်နေ့ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မကွယ်လွန်မီရက်ပိုင်းအလိုက ရန်ကုန်မြို့  မြို့တော်ခန်းမရှေ့တွင် နောက်ဆုံးမိန့်ခွန်းရှည်တစ်ခု သမိုင်းဝင် ဟောပြောခဲ့သည်။

‘‘မြန်မာတွေ စိတ်ထက်သ လေးဘာလေးနဲ့ တလွဲဆံပင် ကောင်းနေကြတယ်။ မြန်မာလွတ် လပ်ရေးရအောင်လုပ်ရမယ့် တိုက် ပွဲမျိုးမှာ အသုံးမချဘူး၊ မြန်မာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံး မချဘူး။ မြန်မာအချင်းချင်းချဖို့မှာ လုပ်ချင်ကြတယ်။ ဒါမျိုးတွေလုပ် ချင်လို့ ဘယ်တော့မှ အကျိုးမရှိ ဘူး’’ (၁၃.၇.၁၉၄၇)။

ထိုမိန့်ခွန်းအပြီး နှစ် ၇၀ အ ကြာလာမည့် ဇူလိုင် ၁၉ ရက်တွင်မူ ပုံစံမတူ၊ အရောင်အဆင်းမတူ သော အဖွဲ့နှစ်ဖွဲ့မှ ဗိုလ်ချုပ်ရုပ်တု နှစ်ခုကို တောင်ဥက္ကလာပ သုမင်္ဂလာပန်းခြံတွင် ဖွင့်လှစ်တော့မည် ဖြစ်သည်။

7Day News

No comments:

Post a Comment