ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းဖို့ အဖွဲ့ ၂၂ ဖွဲ့ တောင်းဆို
ဆက်သွယ်ရေး ဥပဒေကို ပြန်လည်သုံးသပ်ပေးဖို့ နဲ့ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ သတင်းမီဒီယာအဖွဲ့အစည်း ၂၂ ဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ပုဒ်မ ၆၆ (ဃ) က ဖျက်ကိုဖျက်သိမ်းရမယ့် ပုဒ်မဖြစ်တယ်လို့ မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီဝင် ကိုသာလွန်ဇောင်းထက် က ပြောပါတယ်။
"၆၆ ဃ က ဖျက်ကိုဖျက်ရမယ် ဘာကြောင့်လဲဆိုတော့ အာမခံမရတာတွေ နစ်နာသူမဟုတ်ပဲ တတိယလူက တရားစွဲလို့ရတာတွေ အဲဒီပုဒ်မမှာပါတဲ့စကားလုံးတွေက ရှင်းလင်းမှုမရှိတာတွေ အဲ့ဒါတွေကြောင့်ပေါ့၊ တစ်ခြားလည်း အသရေဖျက်မှု ပုဒ်မတွေရှိနေရက်နဲ့ ၆၆ ဃ နဲ့ စွဲတာတော့ အဆင်မပြေဘူးပေါ့၊ အဲဒါကြောင့် သူတို့က ဖျက်သိမ်းရေး တောင်းဆိုတဲ့ ကြေညာချက်ကို ကျနော်တို့က ထောက်ခံတဲ့အတွက် ပါဝင်တာပါ"
ဆက်သွယ်ရေးဥပဒေဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသားခွင့်အပါအဝင် လူ့ရပိုင်ခွင့်တွေကို ထိခိုက်နေတာ၊ ဥပဒေကို အလွဲသုံးစားလုပ်လာတဲ့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူဘဝလုံခြုံရေးတွေကိုပါ ထိခိုက်လာတဲ့အတွက် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ ပုဒ်မ ၆၆ ဃ ကိုဖျက်သိမ်းပေးဖို့ အစိုးရနဲ့ လွှတ်တော်ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုတာဖြစ်ပါတယ်။
လက်ရှိမှာ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့အမှုပေါင်း ၇ဝ ရှိပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနထံ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခွင့် ကြိုတင်ခွင့်ပြုမိန့် တင်ထားတဲ့ အမှုပေါင်း ၁၆၆ မှုရှိတယ်လို့ ပါရှိပါတယ်။
အဲဒီတောင်းဆိုချက်ကို မြန်မာသတင်းသမားများကွန်ရက်(MJN)၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)၊ မြန်မာစာနယ်ဇင်းသမဂ္ဂ(MJU)၊ မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ၂၁ ဦးကော်မတီအဖွဲ့၊ PEN Myanmar၊ ညီမျှခြင်းမြန်မာ၊ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုသေတနအဖွဲ့၊ Generation Wave (GW) စတဲ့အဖွဲ့ ၂၂ ဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီအဖွဲ့တွေဟာ ဆက်သွယ်ရေးဥပဒေပြင်ဆင်ဖို့နဲ့ ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းပေးဖို့အတွက် ကြေညာချက် ထုတ်ပြန်တောင်းဆိုတာတွေအပြင် လက်မှတ်ကောက်ခံမှုတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။
Photo: Htet Arkar/RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment