တရုတ်အစိုးရက ယခုနှစ်အတွင်း ပထမဆုံး မိုးမုန်တိုင်းသတိပေးချက် ထုတ်ပြန်
တရုတ်အစိုးရဟာ ဒီနှစ်အတွင်း ပထမဆုံးအနေနဲ့ ဒုတိယအပြင်းထန်ဆုံး မိုးမုန်တိုင်း သတိပေးချက်ကို ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီသတိပေးချက်ဟာ အခုနှစ်အတွက် ပထမဆုံး လိမ္မော်ရောင်အဆင့် မိုးမုန်တိုင်း ဖြစ်ပါတယ်။
သတိပေးချက် ထုတ်ပြန်လိုက်တဲ့ နေရာတွေဟာ နိုင်ငံအရှေ့ဘက်ကနေ တောင်ဘက်တလျှောက်နဲ့ အနောက်တောင်ဘက်ထိ ဖြစ်ပြီး နောက်ထပ် ၃ ရက်ကြာ မိုးမုန်တိုင်းဒဏ် ခံရဖွယ်ရှိတယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ရာသီဥတု သတိပေးချက်တွေကို အရောင်လေးရောင်နဲ့ ခွဲခြားသတ်မှတ်ထားပါတယ်။
အနီရောင်က အပြင်းထန်ဆုံးဖြစ်ပြီး နောက်ကနေ လိမ္မော်ရောင်၊ အဝါရောင်နဲ့ အပြာရောင်တို့က အစဉ်လိုက် ပြင်းထန်မှုကို ဖော်ပြပါတယ်။
လိမ္မော်ရောင်အဆင့် မိုးမုန်တိုင်းကြောင့် ၃ နာရီအတွင်း မိုးရေချိန် ၅၀ မီလီမီတာ အထိ မိုးကြီးနိုင်ပါတယ်။
တရုတ်နိုင်ငံ အရှေ့ဘက်က ကျန်းရှီး၊ အန်းဟွေနဲ့ ကျဲ့ကျန်းပြည်နယ်တွေမှာ ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုကို ကြုံရနိုင်တယ်၊ တောင်ပိုင်းပြည်နယ်တွေမှာလည်း မိုးကြီးမှုနဲ့ ကြုံရနိုင်တယ်လို့ မိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စုစုပေါင်းမိုးရေချိန် ၃၀၀ မီလီမီတာလောက်အထိ ရှိနိုင်ပြီး ရေကြီးမြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက ကြေညာထားပါတယ်။
အန်းဟွေနဲ့ ကျဲ့ကျန်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့အပတ်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအနှံ့အပြား ရေကြီးရေလျှံခဲ့ပြီး ဒေသခံအာဏာပိုင်တွေက ကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ သိရပါတယ်။
DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment