Latest News

Monday, June 5, 2017

ရန်ကုန်မြို့ ရေကြီးရေလျှံမှု ဖြစ်ကြောင်းကုန်စင် စည်ပင်တာဝန်ရှိသူ ရှင်းလင်းပြောကြား

ရန်ကုန်မြို့ ရေကြီးရေလျှံမှု ဖြစ်ကြောင်းကုန်စင် စည်ပင်တာဝန်ရှိသူ ရှင်းလင်းပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဇွန်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဆိုးဝါး စွာဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ ဖြစ်ပွားရခြင်းသည် ရန်ကုန်မြို့ရှိ ရေစုကန်များပျောက်ဆုံးနေမှုသည်လည်း ပြဿနာအကြောင်းအရင်းတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာ (လမ်း/တံတား)ဌာနမှ တာဝန် ရှိ သူတဦးက ပြောသည်။

“အရင်တုန်းက ရန်ကုန်မှာ ရေစုကန်တွေဆိုတာရှိတယ်။ ဒါပေမဲ့ အခုက ရေစုကန်တွေ မရှိတော့ဘူး။ ပျောက်ဆုံးကုန်ပီ။ မြေကြီးဖို့ပြီး အ ဆောက်အဦတွေဆောက်ကြတာ မြို့နယ်တိုင်းလိုလိုပါပဲ။ ဗိုလ်တထောင် ခရစ်လမ်းမှာဆိုရင် ရေစုကန်ရှိတယ်။ အခုအဲဒီရေစုကန်နေရာမှာ အထပ်မြင့်တွေ ဖြစ်သွားတယ်။ အဲဒီအခါကျတော့ ဒီရေတက်တဲ့အချိန်မှာ မိုးရွာရင် မိုးရေကို အဲဒီရေစုကန်ထဲမှာ restore လုပ်ထားပြီး ရေကျ တဲ့အချိန်မှာ ရေပြန်ထုတ်တာပေါ့။ ရန်ကုန်မြို့ကို စတည်တုန်းက အဲလို စတည်ဆောက်ခဲ့တာ။ အဲဒါကလည်း ရန်ကုန်မြို့ ရေကြီးရေလျှံတဲ့ ပြဿနာအကြောင်းအရင်းတချက်ပါတယ်”ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့ရှိ ရေထုတ်မြောင်းများနှင့် မိုးရေချိန်ပမာဏမမျှတခဲ့ခြင်းကြောင့်လည်း ယင်းသို့ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

“အခုက မိုးရေချိန်က တနာရီတည်းနဲ့ ၄ လက်မရွာလိုက်တာ။ အဲအချိန်မှာ ဒီရေက ၁ နာရီခွဲနဲ့ ၂ နာရီ အမြင့်ဆုံးဖြစ်တဲ့အချိန်ဖြစ်တယ်။ တနေ့လုံးမှာရွာရမဲ့ ပမာဏက တနာရီတည်းနဲ့ ရွာလိုက်တယ်။ ဒါပေမဲ့ မိုးရွာပြီးတော့ ၄၅ မိ နစ်နဲ့ တနာရီကြာအတွင်းမှာ ရေအကုန်လုံး ပြန်ကျသွားတယ်။ ရွာနေတဲ့အချိန်မှာတော့ အကုန်လုံးရေတွေ လမ်းပေါ် ရောက်လာတယ်။ မြောင်းတွေက အလွန်ဆုံး မိုးရေချိန် ၂ လက်မလောက်ပဲ ထွက်နိုင်တယ်။ အခုက ၄ လက်မလောက် တနာရီအတွင်းမှာ ရွာချလိုက်တယ်။ မြစ်ဘက်မှာလည်း ဒီရေက ထောက် နေတယ်။ ဒီရေက ဒီဘက်ကို ပြန်ဝင်လာတာမဟုတ်ဘူး။ မြို့ထဲကရေထွက်ဖို့ အပြင်ဘက်က ဒီရေထောက်နေတာ။ ကျွန်တော်တို့ရဲ့ ရေထုတ်တဲ့စနစ်က ဒီရေတက်တဲ့အချိန်နဲ့ မိုးရွာတဲ့အချိန် တိုက်ဆိုင်ရင်တဲ့အခါ မိုးရေပမာဏများပြီး ရေတွေ လမ်းပေါ်ရောက်လာတယ်”ဟု ၄င်းကပြောသည်။

ရန်ကုန်မြို့၏ ဖွံ့ဖြိုးမှုသည် ဘေးတိုက်ပုံစံမဟုတ်ဘဲ အထက်သို့ ဖွံ့ဖြိုးလာပြီး လူဦးရေနှင့် အထပ်မြင့်များ စွာတိုးပွားလာကြောင်း၊ ရေမြောင်းအ တွင်း၌လည်း ဆက်သွယ်ရေးကြိုး EPC ကြိုး၊ ကန့်လန့်ဖြတ်ရေပိုက်များရှိနေသည့်အတွက် ရေစီးရေလာအတွက် အဟန့်အတားဖြစ်စေ ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

“အထပ်မြင့်တွေ လုပ်လိုက်တဲ့အခါ ၊ လမ်းတွေခင်းတဲ့အခါကျတော့ ရေစိမ့်ဝင်မှု ဧရိယာနည်းသွားတာပေါ့။ အဲဒီနေရာတွေမှာ ကွန်ကရစ်တွေ လောင်းလိုက်တယ်။ အမှန်က အဲဒီနေရာတွေက မြေသားပဲ၊ မြေထဲကို စိမ့်ဝင်နိုင်တဲ့ အနေအထားပဲ ရှိရမှာပေါ့။ အခုတော့ ရေက အောက်ထဲ ကို စိမ့်မ၀င်နိုင်တော့ မြောင်းထဲကို ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ ဒီ မြောင်းတွေကိုလည်း ချဲ့ဖို့လိုတယ်။ လက်ရှိ ရှိနေတဲ့မြောင်း တွေက ရွာချလိုက်တဲ့ မိုးရေချိန်ပမာဏနဲ့ အမျှတဘူးဖြစ်သွားတာပေါ့။ နောက်တခုက ပဲခူးမြစ်၊ ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းတွေမှာ မြစ်ကြမ်းပြင် မြင့်တက်လာတယ်။ အဲဒီလို မြင့်တက်လာတော့ သောင်တူးစက်တွေနဲ့ ပြန်တူးရတယ်။ ရန်ကုန်မြစ်က သောင်ထွန်းနေတယ်။ မိုးရွာတဲ့အချိန်မှာရေကလည်း မြင့်လာတယ်ဆိုရင် မြစ်ထွက်ပေါက်ရေက မထွက်နိုင်တော့ဘူး”ဟု ၄င်းကပြောသည်။

ရန်ကုန်မြို့တွင် ရေကြီးရေလျံ ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၄ သန်း ရယူထားပြီး ရန်ကုန်မြို့၏ ရေစီးရေလာ ကောင်းမွန် ရေးနှင့် ရေမြောင်များ ပိတ်ဆို့မှု မရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက  သတင်းမီဒီယာသို့ပြောကြားထားသည်။

လင်းလင်းအောင်
News Watch

No comments:

Post a Comment