Latest News

Monday, June 26, 2017

မန်းတောင်ခြေက ညဈေးသစ်

မန်းတောင်ခြေက ညဈေးသစ်

သုံးရက်ကြာ စမ်းသပ်ဖွင့်လှစ်ခဲ့သည့် မန္တလေး ညဈေးတန်းမှာ ဝေဖန်သံများနှင့်အတူ ဂျင်းဈေးဟု ပင် ခေါ်ဝေါ်ခံခဲ့ရသည်။

မန္တလေးမြို့တွင် လူထုအပန်းဖြေနေရာတစ်ခု ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ဒေသထွက်ကုန်များကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ညဈေးအသစ်တစ်ခု အကောင်အထည်ဖော်ရန် မန္တလေးမြို့တော်စည်ပင်နှင့် Myanmar Da Yi ကုမ္ပဏီတို့ စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ ညဈေးကို မန္တလေးတောင်ခြေ၌ ဇူလိုင်လဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသောကြောင့် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ယာယီစမ်းသပ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ဒေသခံများ၏ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်းညဈေးတန်းတွင် ရောင်းချသော စားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်ခြင်း၊ သန့်ရှင်းသပ်ရပ်မှု အားနည်းခြင်း၊ ဆိုင်ကယ်၊ ကား ယာဉ်အပ်နှံထားနိုင်မည့် နေရာအဆင်မပြေ ဖြစ်ခဲ့ရခြင်းများနှင့် ပတ်သက်၍ မန္တလေးသူ မန္တလေးသားများက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ Myanmar Da Yi ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးတည်ကြည်အောင်က ဒေသခံများ၏ ဝေဖန်မှုများနှင့် အဆင်မပြေမှုများကို ကုမ္ပဏီဘက်က နားစွင့်လျက်ရှိပြီး လာရောက်လည်ပတ်သူများ အဆင်ပြေစေရေး ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ပေးထားမည် ဖြစ်ကြောင်း ပြောကြား သည်။

“BKK Night Market ဆိုပြီး ညဈေး စမ်းဖွင့်တာမှာ ကျွန်တော်တို့ မျှော်လင့်ထားတာထက် လူတွေ အများကြီး လာကြတယ်။ အခုလို အပန်းဖြေစရာ နေရာတစ်ခု တိုးလာတာကို ကျေနပ်ရပါတယ်။ အဆင်မပြေတာကလည်း ပထမနေ့ တစ်ရက်တည်းပါ။ နောက်ရက်တွေမှာ ကား၊ ဆိုင်ကယ် အပ်တာကအစ၊  အားလုံးကို ချက်ချင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ညဈေး တကယ်ဖွင့်ပြီးချိန်မှာ အားလုံး အဆင်ပြေအောင် စီစဉ်ထားပါမယ်” ဟု ၎င်းက ပြောဆိုသည်။

ရတနာပုံညဈေးသို့ဝင်ရန် လမ်းသုံးခုရှိရာ ယင်းလမ်းများတွင် လျှပ်စစ်မီးများ တပ်ဆင်ရန် ကုမ္ပဏီဘက်မှနေ၍ မြို့တော်စည်ပင်သို့ လှူဒါန်းထားပြီး စည်ပင်နှင့် ပူးပေါင်းကာ လာရောက်လည်ပတ်သူများ လုံခြုံရေးအတွက် ဆောင်ရွက်ပေးထားမည်ဟု Myanmar Da Yi ကုမ္ပဏီ ရှယ်ယာရှင်များက ပြောဆိုသည်။

လတ်တလောတွင် လုံခြုံရေးဝန်ထမ်း ၂၀ ဦး ရှိကာ ဝင်ပေါက်တိုင်းတွင် လုံခြုံရေး ချထားပေးမည် ဖြစ်ကာ ဆိုင်ကယ်နှင့် ကားများကို လုံခြုံစိတ်ချစွာ ထားရှိနိုင်ရန် စီစဉ်ပေးမည်ဟုလည်း ၎င်းတို့က ဆိုသည်။

“လုံခြုံရေးအတွက် အရမ်းမစိုးရိမ်ပါနဲ့၊ ကျုံးပတ်လည်မှာလည်း မီးလင်းနေပါပြီ။ ကျွန်တော်တို့ဆီ လာလို့အရိုက်ခံရတယ်၊ အလုခံရတယ် မဖြစ်အောင် စနစ်တကျ လုပ်ပေးထားပါမယ်။ လုံခြုံရေးဝန်ထမ်း အင်အားထပ်ဖြည့်ဖို့လည်း ရှိပါတယ်” ဟု ရှယ်ယာရှင်တစ်ဦး ဖြစ်သည့် ဦးဖြိုးက ဖြည့်စွက်ပြောဆိုသည်။

မန္တလေးမြို့တော်တွင် ဆိုင်ကယ်လုခံရမှု၊ ပစ္စည်းခိုးမှုများ အဖြစ်များနေပြီး မလုံခြုံတော့ဟု ခံစားနေရသည့် အချိန်တွင် ရတနာပုံညဈေးသို့ သွားရောက်လည်ပတ်ရာ၌ လုံခြုံမှုပေးနိုင်မည်လားဟု ဒေသခံများ စိုးရိမ်နေကြခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

မန္တလေးသူ၊ မန္တလေးသားများအကြား ဂျင်းဈေးဟု ကင်ပွန်းတပ်ခဲ့ပြီး လုံခြုံရေးပိုင်း စိတ်ပူခဲ့ခြင်းများ ရှိခဲ့ရာ “ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို နှစ်စဉ် ရင်းလိုက်ရတာနဲ့ ရထားတဲ့ ခုနစ်နှစ် ပြန်တွက်ကြည့်မယ်ဆို မမြတ်ပါဘူး။ လူငယ်တွေ လာဖွင့်ကြပါ၊ ပါဝင်ကြပါ။ အဆန်းအပြားလေးတွေ လုပ်မယ်ဆိုရင် ကျွန်တော်တို့ဘက်က စီစဉ်ပေးပါ့မယ်” ဟု Myanmar Da Yi ကုမ္ပဏီ ရှယ်ယာရှင် ဦးဟိန်းက ဖိတ်ခေါ်သည်။

ရတနာပုံညဈေး စီမံကိန်းအတွက် မန္တလေးမြို့တော်စည်ပင်ထံမှ BOT စနစ်ဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ကိုင်ခွင့်ရခဲ့ရာ မြေငှားရမ်းခအနေနှင့် တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀၀ ဖြင့် လေလံအောင်မြင်ထားပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပြုသည့် ကာလမှာ ခုနစ်နှစ်သာ ရရှိထားပြီး ကျပ်သိန်းတစ်သောင်း တစ်ထောင်ခန့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဇူလိုင်လဆန်းပိုင်းတွင် ဖွင့်လှစ်မည့် ရတနာပုံညဈေးတွင် လာရောက်အပန်းဖြေသူများ ဆော့ကစားနိုင်မည့် ရေပန်းဥယျာဉ်ငယ်၊ မြန်မာ့ယဉ်ကျေးမှုပြပွဲများ၊ တေးဂီတကို စိတ်ဝင်စားသည့် လူငယ်များအတွင်း Unplug Show အငယ်စားများ၊ ယမကာမျိုးစုံ သောက်သုံးနိုင်သော ဘားများ၊ စားသောက်ဆိုင်များ ထည့်သွင်းဖွင့်လှစ်ရန် Myanmar Da Yi ကုမ္ပဏီက စီစဉ်ထားသည်။

ယင်းအပြင် အားကစားခန်းမ (GYM) တစ်ခု ထည့်သွင်းတည်ဆောက်ရန် စီစဉ်ထားသည့်အပြင်  လာရောက်လည်ပတ်သူများ အမှတ်တရ ဓာတ်ပုံရိုက်နိုင်မည့် နန်းမြင့်မျှော်စင်ပုံစံငယ် တစ်ခုကို ထည့်သွင်းနိုင်ရန်လည်း ရှယ်ယာရှင်များ ညှိနှိုင်းလျက်ရှိသည်။

ယင်းညဈေးတွင် Street Food (လမ်းဘေးအစားအသောက်များ)၊ အမှတ်တရပစ္စည်းဆိုင်များ၊  အဝတ်အထည်ဆိုင်များ စသည့် ဆိုင်များကို ယခင်မြင်နေကျ ပုံစံများနှင့်မတူ ဆန်းပြားသည့်အပြင် အဆင်များဖြင့် ထည့်သွင်းထားရှိမည်ဟု ၎င်းတို့က ဆိုသည်။

မန္တလေးမြို့ပေါ်၌ ကျုံးတောင်ဘက် မင်္ဂလာမန္တလေးတွင် လမ်းလျှောက်ညဈေးတစ်ခု ရှိသည်။ ကျုံးအနောက်ဘက် ဈေးချိုတော်နှင့် နာရီစင်အနီးတွင်လည်း နှစ်ပေါင်း ၆၀ ခန့် သက်တမ်းရှိပြီဖြစ်သော ညဈေးတန်းတစ်ခု ရှိသေးသည်။

မန္တလေးဘူတာကြီး အနီးရှိ ၇၇ လမ်း တစ် လျှောက်တွင်လည်း ‘တရုတ်တန်းဈေး၊ ရှမ်းဈေး’ စသည်ဖြင့် ခေါ်ဆိုသော အစားအသောက်များ ရောင်းချရာ ညဈေးတန်းတို့ရှိရာ စမ်းသပ်ဖွင့်လှစ်ခဲ့သော  ရတနာပုံညဈေးကြောင့် စမ်းသပ်ဖွင့်သည့် ရက်များတွင် ထိုညဈေးတန်းတို့ ခြောက်ကပ်သွားခဲ့သည်။

အဆိုပါ ရတနာပုံညဈေးကို ပေ ၂၀ x ပေ ၄၀ ရှိ စတီးအဆောက်အအုံဆိုင်ခန်းများ၊ ၁၀ ပေ x ပေ ၂၀ ရှိ စတီးအဆောက်အအုံ ဆိုင်ခန်းများနှင့် ရှစ်ပေပတ်လည် ဆိုင်ခန်းတို့ အပါအဝင် ဆိုင်ခန်းပေါင်း ၃၀၀  ခန့်ဖြင့် ဖွင့်လှစ်နိုင်ရန် Myanmar Da Yi ကုမ္ပဏီက စီစဉ်ထားသည်။

“မန္တလေးမြို့နဲ့ အလှမ်းဝေးတဲ့နေရာဖြစ်တဲ့အတွက် လုံခြုံရေးပိုင်းကို စနစ်တကျ လုပ်ပေးဖို့ လိုပါတယ်။ နောက်တစ်ခုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကတည်းက ရှိခဲ့တဲ့ မန္တလေးဈေးချိုရဲ့ ညဈေးကိုလည်း ထိန်းသိမ်းရမယ်။ တစ်ခေတ်က ဈေးချိုညဈေးရောက်မှ မန္တလေး ရောက်တယ်လို့ ဆိုခဲ့တယ်။  အဲ့ဒါကိုလည်း ထိန်းသိမ်းရမယ်။ ဈေးချိုတော် ညဈေးကို ပစ်ထားလိုက်တာနဲ့ တရုတ်တန်းညဈေး ပေါ်လာတယ်။ အခု ရတနာပုံညဈေးဆိုတာ လုပ်လိုက်တော့ သားသမီးတွေကိုလည်း ပြုစုပျိုးထောင်ပါ။ အဘိုးအဘွား မိဘတွေကိုလည်း အိမ်ဦးခန်းမှာ နေရာပေးပြီးတော့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ထားကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု အမျိုးသားစာပေဆုရ မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က အကြံပြု ပြောဆိုသည်။

မန္တလေးမြို့ခံ လူငယ်များအတွက် မန္တလေးမြို့၏ ညအလှအပကို ခံစားနိုင်မည့် နေရာမှာ လတ်တလောတွင် လက်ဆယ်ချောင်းပင် မပြည့်။ ဈေးကွက်ဝေစု ခွဲယူကြမည့် နေရာသစ်တို့ အားပြိုင်မှုကြောင့် မန္တလေး၏ ညအလှ ပိုခမ်းနားလာမည့် အနေအထားဟု ဆိုရမည်။

ရတနာပုံညဈေးနှင့် စပ်လျဉ်း၍ အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက “ပတ်ဝန်းကျင်ကတော့ အမြင်အမျိုးမျိုး ရှိမှာပဲလေ။ Positive (အကောင်းအမြင်) အနေနဲ့ ကြည့်ရင် ကောင်းမှာပဲ၊ အဆိုးမြင် (Negative) အနေနဲ့ ကြည့်ရင် ဆိုးမှာပဲလေ။ နောက် Long Term (အချိန်ကာလအရှည်) မှာ ဘာဆက်ဖြစ်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ။ နိုင်ငံတကာမှာတော့ ညဈေးရှိတယ်။ ဟိုးတုန်းတည်းက မန္တလေးမှာလည်း ညဈေးရှိခဲ့ပါတယ်။ ဟိုးတုန်းက ညဈေးရှိခဲ့တာက လမ်းမပေါ်မှာလည်း ခင်းကျင်းကြတာလေ။ ဟိုတုန်းကတော့ အဆင်ပြေကောင်းပြေမှာပေါ့။ အခုချိန်မှာ လူဦးရေအရ၊ လမ်းကျပ်လာတဲ့ အနေအထားအရ အဆင်မပြေလာတော့ဘူးလေ။ အဲ့ဒီအခါမှာ မြောက်ပြင်မှာ တစ်ဈေးရှိမယ်၊ တောင်ပြင်မှာ တစ်ဈေးရှိမယ်။ အဲ့လိုဈေးတွေ အများကြီး ရှိလာရင် ပိုကောင်းတာပေါ့။ အခုတော့ ဒါကို အစပြုတယ်လို့ မြင်ပါတယ်။ အများပြည်သူတွေအတွက် အနှောင့်အယှက် မဖြစ်မယ့်နေရာမှာ ဖန်တီးပေးမယ်ဆိုရင် ပိုကောင်းတာပေါ့” ဟု ၎င်းက မှတ်ချက်ပြုသည်။

ဈေးတစ်ခု ဖွင့်လှစ်မည်ဆိုက လုံခြုံမှု၊ သန့်ရှင်းမှု၊ မြေနေရာကျယ်ဝန်းမှု၊ လျှပ်စစ်မီး ရရှိမှု စသည့် အချက်များ ပြည့်စုံကောင်းမွန်ရန် လိုအပ်ကြောင်း၊ သွားလာရေး လွယ်ကူသည့် နေရာတွင် ရှိရမည်ဖြစ်ပြီး ပြည်ပခရီးသွားများအတွက် ရည်ရွယ်ဖွင့်လှစ်မည်ဆိုပါက လုံခြုံရေးကင်မရာများ တပ်ဆင်ထားသင့်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက အကြံပြုသည်။

“ဈေးဆိုတဲ့သဘောက ချက်ချင်းလုပ် ချက်ချင်းအောင်မြင်တဲ့ အနေအထားမျိုး မဟုတ်ဘူး။ တဖြည်းဖြည်းချင်းနဲ့ လူသိလာအောင် အချိန်ယူလုပ်ရတာ” ဟု ၎င်းက ပြောဆိုသည်။

ရတနာပုံညဈေး၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံခြားသား ခရီးသွားဈေးကွက်ကို ဦးတည်ထားခြင်းဖြစ်၍ အရက်၊ ဘီယာ ဘားတစ်ခု ထည့်သွင်းပေးထားသည့်အပြင် မြန်မာ့ယဉ်ကျေးမှုပြပွဲများလည်း ခင်းကျင်းပြသရန် စီစဉ်ထားသည်။

ဝါး၊ ထရံစသည်တို့ကို ဝင်္ကပါပုံစံ ဖော်ထားပြီး မြန်မာ့တူရိယာ၊ ဇာတ်၊ ရုပ်သေး စသည်တို့ကို တစ်ရက်လျှင် နှစ်ကြိမ် ပြသရန် Myanmar Da Yi ကုမ္ပဏီက စီစဉ်ထားပြီး ပြည်တွင်းဒေသခံများ အခမဲ့ ကြည့်ရှုခွင့်ရမည် ဖြစ်သော်လည်း နိုင်ငံခြားသားများကိုမူ ဝင်ကြေးကောက်ခံသွားမည် ဖြစ်သည်။

“ညဈေး (Night Market) က ရှိဖို့လိုတယ်။ ရှိသင့်တယ်။ ဝယ်လိုအား (Demand) တစ်ခု အမြဲတမ်း ရှိနေတဲ့ အတွက်ကြောင့်ပေါ့။ ညောင်ရွှေမှာလည်း ကျောက်တိုင်ဝင်းထဲမှာ ညဈေးတစ်ခု လုပ်ထားတယ်။ အဲဒီမှာလည်း ခရီးသွားရာသီအချိန်ဆို တော်တော်လေး အလုပ်ဖြစ်တယ်လို့ ကြားတယ်။ ဒီ (မန္တလေး) မှာလည်း နိုင်ငံခြားသားတွေ စိတ်ဝင်စားမှု ရှိနိုင်ပါတယ်။ မန္တလေးတောင်လည်း ရှိနေတော့ အလုပ်ဖြစ်နိုင်ပါတယ်” ဟု မန္တလေးမြို့ ဧည့်လမ်းညွှန်များအသင်း နာယက ဦးရဲမြတ်ထွန်းက မှတ်ချက်ပြုသည်။

မည်သို့ပင်ဆိုစေ မန္တလေးမြို့ခ လူငယ်ထုများအကြား ‘စားမယ်၊ သွားမယ်’ ဟု အားခဲထားသော ရတနာပုံညဈေး ဇူလိုင်လအတွင်း ပေါ်ထွက်လာတော့မည် ဖြစ်သည်။

စီးပွားရေးမုဆိုးများနှင့် သားကောင်များအကြား အားပြိုင်မှုကိုလည်း ယင်းအချိန်တွင် မြင်တွေ့ရမည် ဖြစ်သည်။ လတ်တလောတွင် စမ်းသပ်ဖွင့် လှစ်ခဲ့သော ရတနာပုံညဈေးနှင့် ပတ်သက်၍ မန္တလေးသူ၊ မန္တလေးသားများ နှုတ်ဖျားတွင် ဂျင်းဈေးဟု ရေပန်းစားလျက် ရှိနေသည်။      

ဝင်းရွှေရည်ဦး
The Voice

No comments:

Post a Comment