Latest News

Thursday, June 8, 2017

ချစ်သူနဲ့အတူ ခရီးသွားပါ

ချစ်သူနဲ့အတူ ခရီးသွားပါ


ချစ်သူနဲ့အတူတူ ခရီးသွားပါလို့ ဆိုရင် အဲဒီသဘောတရားကို နားလည်နိုင်တဲ့ သူတွေ ဘယ်နှစ်ဦးလောက်များ ရှိပါ့မလဲ။အိမ်ရှင်မတွေကတော့ ကလေးတွေကို ထားခဲ့ပြီး သွားရမှာလား…ဆိုတဲ့ မေးခွန်းကို ကျွန်မကို ပြန်မေးကြမယ်ထင်ပါရဲ့။

အိမ်ထောင်သက် ၁၀ နှစ်ကျော်လာပြီဆိုရင် သွားဖို့ လိုလာပြီ၊ ကိုယ့်ခင်ပွန်းကိုယ့်ချစ်သူကို အရင်တုန်းကလို သာယာကြည်နှူးမှုတွေနဲ့ အချစ်တွေကို လန်းဆန်းအောင် ကြိုးစားဖို့ လိုနေပါပြီ။

ဘာကြောင့်လဲ ဆိုတော့ သူရောကိုယ်ပါ စိတ်ပျော်ရွှင်ကျေနပ်မှုတွေကို သာယာကြည်နှူးမှုတွေထက် ကိုယ့်ရဲ့အလုပ် စီးပွားရေး၊ သားရေး သမီးရေး စတဲ့ အရေးအရာတွေထဲမှာ နေ့စဉ်ရှင်သန်ကြရပါတယ်။

အဆင်မပြေတဲ့ အချိန်တွေဆိုရင် ပိုဆိုးကြတယ်။ စိတ်ဖိစီးမှုတွေနဲ့အချိန်တိုင်းမှာ သက်ပြင်းတချချနဲ့ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းကြရတယ်။ရုံးအလုပ်တွေကို တက်ကြွ ရွှင်လန်းစွာ လုပ်နိုင်ဖို့လည်း ကိုယ့်ကိုယ်ကို အားတင်းရတယ်။

သားသမီးတွေ တစ်ယောက်ချင်းဆီရဲ့ အရေးကိစ္စတွေနဲ့ မိဘဆွေမျိုးအရေးကိစ္စတွေကိုလည်း မျက်စိမှိတ် နားပိတ်ထားလို့မရဘူး၊ အားလုံးအတွက် ဦးနှောက်ထဲမှာရော နှလုံးသားထဲမှာပါ ထည့်ထားပြီး  အဆင်ပြေအောင် ကြိုးစားနေထိုင်ကြရတယ်။

ဒီအကြောင်းအရာနဲ့ဒီဘ၀ကိုပဲ နေ့စဉ်မပတ်ဖြတ်သန်းနေရတော့ စိတ်ငြီးငွေ့ခြင်း ဖြစ်လာတယ်၊ ဒါကိုပဲ  စိတ်ကို အနားမပေးနိုင်ဘဲ ထပ်ခါထပ်ခါ ကြိုးစားနေရတော့တစ်ခါတစ်ရံမှာဆို ဘယ်သူ့မျက်နှာကိုမှ မမြင်ဘူး၊ စကားတစ်ခွန်းမှ မပြောချင်တော့ဘူးဆိုတဲ့ အခြေအနေမျိုးလည်း ဖြစ်လာတယ်။

သူရော ကိုယ်ပါ နေ့စဉ်အလုပ်တွေထဲမှာ မိသားစု အရေးကိစ္စတွေသားသမီးကိစ္စတွေ ထဲမှာ ပိတ်မိပြီး  စိတ်အညောင်းမိနေတတ်ပါတယ်။ အိမ်ထောင်သက် ရင့်လာလေ၊ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်အညောင်းမိလေ လို့ဆိုရင် နားလည်ပါ့မလား မသိဘူး။

ဒါကလည်း မိသားစု စားဝတ်နေရေး၊ လူမှုရေး စတဲ့ အရေးအရေးတွေနဲ့လောကဓံဆိုးတွေကြောင့် ကျွန်မတို့ရဲ့ အိမ်ထောင်ရေးဟာ ၁၈ နှစ်ကျော်လာတော့ အရင်တုန်းကလို သိပ်ပျော်စရာကောင်းတာ ကြည်နှူးရတာတွေကို ပြန်အမှတ်ရမိတယ်။

ကျွန်မစိတ်ထဲမှာ သူနဲ့ချစ်သူ ဘ၀တုန်းကလို သာယာကြည်နှူးဖွယ်ကောင်းတာလေးတွေကို ပြန်သတိရလာတယ်။ အဲဒီလို နေချင်လိုက်တာလို့လည်း တမ်းတမိပါတယ်။

အဲဒီလိုနဲ့ ကျွန်မရဲ့ အလုပ်ကိစ္စတစ်ခု အတွက်သွားရတဲ့ ခရီးတစ်ခုမှာ သူ့ကို အဖော်အဖြစ်ခေါ်မယ်လို့စဉ်းစားမိပါတယ်။ အဲ…ငယ်တုန်းက သူနဲ့ ချိန်းတွေ့သလိုမျိုးပေါ့။ဒါပေမဲ့ သူကလည်း အလုပ်များတော့သူအားတဲ့အချိန်ကို ကျွန်မက စောင့်ပေးရပါတယ်။

တကယ်တော့ကျွန်မက အလုပ်ကိစ္စနဲ့ခရီးသွားတိုင်း အခြေအနေပေးရင် ပေးသလို သားတို့သမီးတို့ကိုပါ ခေါ်ပြီး သွားတတ်တယ်။ ကျွန်မက လုပ်စရာရှိတဲ့ အလုပ်တွေ လုပ်နေချိန်မှာ သူတို့က ဟိုတယ်မှာ နားနေပေါ့။ အဲဒီလိုပဲ ကလေးတွေကို ဒေသန္တရဗဟုသုတရအောင်  ခေါ်ခေါ်သွားလေ့ရှိတယ်။

ဒီတစ်ခါကျတော့သူတစ်ယောက်တည်းကိုပဲ ရွေးခေါ်ဖို့ ဆုံးဖြတ်လိုက်မိတယ်။ ကလေးတွေ ပါတယ်ဆိုရင် ကလေးတွေကို အာရုံစိုက်ရတယ်၊ ကလေးတွေ အဆင်ပြေဖို့က ပထမဦးစားပေး စဉ်းစားရတော့ သူနဲ့ကျွန်မရဲ့လွတ်လပ်ပျော်ရွင်မှုဆိုတာကို အာရုံမစိုက်နိုင်ဘူးပေါ့။

ခုတော့သားကြီးက သူ့ညီမလေးတွေက ကျွန်မတို့နဲ့ မလိုက်အောင် သူက ပြောဆိုပြီး ကို မထိန်းပေးပါတယ်။ သားတို့သမီးတို့ရဲ့ကျေးဇူးနဲ့သူနဲ့ ကျွန်မ ခရီးထွက်ခွင့်ရလိုက်တယ်။

ပျော်စရာကောင်းတယ်လို့ ဆိုရမှာထက် တစ်ယောက်ကို တစ်ယောက် ဂရုတစိုက် ဦးစားပေးရင်းနဲ့ စိတ်ထဲမှာ ကြည်နှူး ကျေနပ်စရာကောင်းတဲ့ ခံစားချက်ကို ပြန်တွေ့လိုက်ရတယ်။

ဒ့ါတောင် သူက ကျွန်မဘေးမှာ လူသာရှိနေတာ တစ်ချိန်လုံး သူ့ရုံးနဲ့အဆက်အသွယ်မပြတ်ဖုန်းပြောပြီး ပါလာခဲ့တာ။ ကျွန်မကလည်း ဖုန်းကိုင်လျက်နဲ့ ဖုန်းပြောလိုက်တဲ့သူ့လက်ကို ချိန်ထားရတာ။ ဘာပဲပြောပြော ကိုယ့်ဘေးမှာ သူရှိနေတယ်ဆိုတဲ့ အသိနဲ့တင် ကြည်နှူးစရာကောင်းနေပါပြီ။

 ခုလို နှစ်ယောက်တည်း ခရီးသွားခွင့်ရတာကတော့ ချစ်သူဘ၀တုန်းကလိုပဲ သူ့စိတ်ချမ်းသာဖို့သူ စိတ်ကျေနပ်ဖို့ကိုပဲဦးစားပေး စဉ်းစားကြနဲ့ သိပ်ကို ကြည်နှူးကျေနပ်ဖို့ ကောင်းပါတယ်။

အဲဒီနေ့မှာ သူကလည်း လွတ်လပ်ပေါ့ပါးစွာ ၀တ်ဆင်ပြီး  တစ်နေကုန် ကျွန်မနားကနေ
ချစ်သူတုန်းကလို နှစ်ယောက်အတူတူ ပျော်ရွှင်ကြည်နှူးအောင် နေထိုင်ကြတယ်။

တကယ်ပဲ စိတ်ထဲမှာလည်း လွတ်လပ်ပေါ့ပါးတယ်။ တစ်လလုံး အလုပ်တွေပိ စိတ်တွေအညောင်းမိပြီးး ပင်ပန်းနွမ်းနယ်ခဲ့တာတွေလည်း ပြေပျောက်ပါတယ်။ ဒါကပဲ ကျွန်မကို စိတ်အေးချမ်းသာယာမှုကို ဖြစ်စေသလား။

ဒါကြောင့်အိမ်ရှင်မတွေကို အကြံပြုချင်ပါတယ်။ ခင်ပွန်းသည်နဲ့ ချိန်းတွေ့ပါ။ အခြေအနေပေးရင် ခင်ပွန်းနဲ့နှစ်ယောက်တည်း ခရီးထွက်ပါလို့နော်။

ရုပ်ပိုင်းဆိုင်ရာအားဖြင့်ကိုယ့်ကို လှနေအောင် တင့်တယ်ပြီး ကျက်သရေ ရှိနေအောင် ကြိုပြင်ထားပါ။ အဲဒီနေ့မှာ ၀တ်မဲ့အင်္ကျီာကစ ရွေးချယ်ထားပါ၊ အကြည့်ခံနိုင်မဲ့အလှမျိုးဖြစ်အောင် ပြင်ဆင်ပါနော်။

တကယ်တော့ သားတွေသမီးတွေရဲ့အနာဂတ်မှာ ချစ်ခြင်းမေတ္တာကို နားလည်စေဖို့မိဘတွေရဲ့ချစ်ခြင်းမေတ္တာကနေ သင်ယူကြတာပါ ၊ဒါကြောင့်သားသမီးတွေရဲ့အနာဂတ် စိတ်ဒဏ်ရာကင်းကင်းနဲ့ ကြီးပြင်းစေဖို့။ သူတို့ဘ၀လေးတွေ လှပစေဖို့ မိဘတွေအနေနဲ့ မိသားစုဘ၀ဆိုတာ သာယာအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းဖို့ မိဘတွေက ကြိုးစားအားထုတ်ကြရတာပါ။

ဘာကြောင့်ပဲဖြစ်ဖြစ်ပါ၊ အိမ်ထောင်ရေးမှာတော့တကယ့်ချစ်ခြင်းမေတ္တာက အရေးကြီးတယ်ဆိုတာကတော့အမှန်ပါပဲ။

ဒါကြောင့်ချစ်ခြင်းမေတ္တာတွေကို မကြာခဏနှိုးဆွပေးရာရောက်တဲ့  ကိုယ့်ခင်ပွန်းနဲ့တစ်လကို တစ်ကြိမ်ဖြစ်ဖြစ်၊ နှစ်ကြိမ်ဖြစ်ဖြစ် ချိန်းတွေ့ပါ၊ တစ်နှစ်မှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် နှစ်ယောက်တည်း ခရီးထွက်ပါလို့ တိုက်တွန်းပါရစေ၊

အလုပ်ခရီးပဲဖြစ်ဖြစ် သူနဲ့အတူတူ ခရီးသွားပေးလိုက်ပါနော်။ဒါဟာ ကိုယ်နဲ့ သူရဲ့ စိတ်ပိုင်းဆိုင်ရာ အတွက်ရော မိသားစုအတွက်ပါ သိပ်ကောင်းသွားပါလိမ့်မယ်။

မတူတဲ့အမြင်များကိုလည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment