လာမည့်သီတင်းပတ်အတွင်း ထရမ့်နှင့်ပူတင် တွေ့ဆုံမည်ဟု
အိမ်ဖြူတော် အတည်ပြု
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ လာမည့် သီတင်းပတ်တွေ လူချင်းတွေ့ဖြစ်မည်ဟု သိရှိရသည်။
အိမ်ဖြူတော်က ထရမ့်သည် ဂျာမနီနိုင်ငံတွင် ကျင်းပမည့် G20 ညီလာခံ၏ သီးခြား အစီအစဉ် တစ်ရပ်အနေဖြင့် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အတည်ပြုခဲ့သည်။ ယင်းသည် အမေရိကန် သမ္မတ ရာထူးကို ထရမ့်ရရှိခဲ့သည့်နောက်ပိုင်း ပူတင်နှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှု အနေဖြင့် မှတ်တမ်းဝင်မည် ဖြစ်သည်။
အမေရိကန် အစိုးရ၏ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ အိတ်ခ်ျအာရ် မက်မာစတာက ထရမ့်၏ လာမည့် ဥရောပ ခရီးစဉ်တွင် ပူတင်နှင့် တွေ့ဆုံမည့်ကိစ္စ ထည့်သွင်း စီစဉ်ထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ထရမ့်သည် အဆိုပါ ခရီးစဉ်အတွင်း ပိုလန်နိုင်ငံသို့ပါ သွားရောက်မည် ဖြစ်သည်။
ထရမ့်၏ အစိုးရအဖွဲ့ဝင် အရာရှိ အချို့သည် ရုရှားနှင့် မူမှန်မဟုတ်သော ဆက်ဆံရေးမျိုး ရှိနေကြောင်း အတိုက်အခံ ဒီမိုကရက်များက စွပ်စွဲဝေဖန်နေချိန်တွင် ပူတင်နှင့်ထရမ့် လူချင်းတွေ့မည့် ကိစ္စမှာ ပိုမို စိတ်ဝင်စားစရာ ဖြစ်လာသည်။ ထို့အပြင် ရွေးကောက်ပွဲတွင် ထရမ့် အနိုင်ရစေရန်အတွက် ရုရှားဟက်ကာများက နောက်ကွယ်မှ လှုပ်ရှား ကူညီခဲ့ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်နေသည်။
ထရမ့်ကိုယ်တိုင်ကမူ ပူတင်ကို ရွေးကောက်ပွဲကြို ကာလများကတည်းက ချီးကျူးခဲ့ဖူးသော်လည်း ရုရှားဟက်ကာများ၏ အကူအညီဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည် ဆိုခြင်းမှာမူ လုံးဝ အခြေအမြစ် မရှိကြောင်း ငြင်းဆန်ထားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment