လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွင် အသင်းများ ရမှတ်တူနေပါက
ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို KBZ Bank Cup လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွင် အသင်းများ ရမှတ်တူနေပါက ဂိုးကွာခြားချက်ဖြင့် ဦးစားပေး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
MFF သည် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ကျင်းပလျက်ရှိသည့် ပြိုင်ပွဲစည်းမျဉ်းများအတိုင်း ကျင်းပခြင်းဖြစ်ပြီး အုပ်စုပွဲစဉ်များအပြီးတွင် အသင်းများရမှတ်တူပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြိုင်ပွဲစည်းမျဉ်းတွင် ထည့်သွင်းရေးဆွဲထားသည်။ ယခုပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အသင်းနှင့်အတူ ဟောင်ကောင် ယူ-၂၂ အသင်း၊ ကမ္ဘောဒီးယား ယူ-၂၂ အသင်း၊ ဂျပန်တက္ကသိုလ်အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပတ်လည်စနစ်ဖြင့် ကျင်းပကာ အမှတ်အများဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်သည်။ ထို့ကြောင့် အိမ်ရှင်မြန်မာအသင်းသည် ချန်ပီယံဆုရရှိရန်အတွက် နိုင်ပွဲရယူနိုင်ရန် အပြင် ဂိုးများစွာ သွင်းယူနိုင်ရန်လည်း လိုအပ်နေသည်။ ဇွန် ၂၈ ရက်က ကျင်းပခဲ့သည့် အုပ်စု ပထမနေ့တွင် မြန်မာ ယူ-၂၂ အသင်းက ကမ္ဘောဒီးယား ယူ-၂၂ အသင်းကို (၄-၁) ဂိုး၊ ဂျပန်တက္ကသိုလ်အသင်းက ဟောင်ကောင် ယူ-၂၂ အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စု ပထမနေ့အပြီးတွင် မြန်မာအသင်းက ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံး မှ ဦးဆောင်လျက်ရှိပြီး ယနေ့ ကျင်းပမည့် ဒုတိယပွဲတွင် မြန်မာနှင့် ဂျပန်တက္ကသိုလ် အသင်းတို့ နိုင်ပွဲ ထပ်မံရယူနိုင်ပါက ဇူလိုင် ၂ ရက်တွင် ကစားမည့် အုပ်စု နောက်ဆုံးပွဲမှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဇွန် ၃၀ ရက် (ယနေ့) ညနေ ၆ နာရီတွင် ဟောင်ကောင် ယူ-၂၂ အသင်း နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မြန်မာ အသင်း၏ပွဲကို ရုပ်သံလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့် ပြသမည်ဖြစ်သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment