Latest News

Wednesday, June 14, 2017

လုပ်ကြံခံလိုက်ရတဲ့ ကင်ဂျုံနမ်း ဒေါ်လာ တစ်သိန်းနှစ်သောင်းသယ်ဆောင်လာဟု ဆို

လုပ်ကြံခံလိုက်ရတဲ့ ကင်ဂျုံနမ်း ဒေါ်လာ တစ်သိန်းနှစ်သောင်းသယ်ဆောင်လာဟု ဆို

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့ အဖေတူအစ်ကိုဖြစ်ပြီး ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံခံလိုက်ရတဲ့ ကင်ဂျုံနမ်းဟာ တိုက်ခိုက်ခံလိုက်ရချိန်မှာ ငွေတွေထည့်ထားတဲ့အမည်းရောင်အိတ် တစ်အိတ် သယ်ဆောင်လာတယ်လို့ သိရပါတယ်။ ဂျပန်သတင်းစာ အာဆာဟိရှင်ဘွန်းမှာ ကင်ဂျုံနမ်း (၄၅ နှစ်)ဟာ ဖေဖော်ဝါရီလ ၁၃ ရက်က ကွာလာလမ်ပူ လေဆိပ်မှာ အမျိုးသမီးနှစ်ဦးတိုက်ခိုက်မခံရခင် သူနဲ့အတူငွေသား ဒေါ်လာတစ်သိန်းနှစ်သောင်း လျှို့ဝှက် သယ်ဆောင်လာတယ်လို့ တနင်္ဂနွေနေ့ကရေးသားထားပါတယ်။

မလေးရှားနိုင်ငံတွင်းက မြောက်ကိုရီးယားစုံထောက်တွေဟာ ကင်ရဲ့လှုပ်ရှားမှုတွေကို ခြေရာခံလိုက်နေကြပုံ ပေါ်ပြီး အခင်းဖြစ်တဲ့နေရာမှာ လုပ်ကြံမှုအောင်မြင်တာကိုအာမခံဖို့ အခင်းဖြစ်တဲ့နေရာမှာ ရှိနေကြပုံရတယ်လို့ မလေးရှားအာဏာပိုင်တွေကပြောကြောင်း သည်သတင်းစာအရ သိရပါတယ်။ ကင်ဟာ မကာအိုက သူ့အိမ်ကိုမပြန်ခင် သည်နိုင်ငံကို ဖေဖော်ဝါရီ ၆ ရက်ကနေ ၁၃ ရက်အထိ လာရောက် လည်ပတ်နေချိန်အတွင်း သည်ငွေတွေကို ရယူခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ကင်ဟာ ကွာလာလမ်ပူကနေ မြောက်ဘက် မိုင် ၂၅၀ကျော်ဝေးတဲ့ လန်ကာဝီအပန်းဖြေကျွန်းမှာ နေထိုင်ခဲ့ပြီး အမေရိကန်အမျိုးသားတစ်ယောက်နဲ့ နှစ်နာရီခန့်တွေ့ဆုံခဲ့ပါတယ်။ သည်တွေ့ဆုံမှုဟာ ဖေဖော်ဝါရီလ ၉ ရက်မှာပြုလုပ်ခဲ့တာဖြစ်ပြီး သည်အမျိုးသားဟာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့နဲ့ပတ်သက်မှုရှိတယ်လို့ မလေးရှားအာဏာပိုင်တွေအဆိုအရသိရပါတယ်။

‘ ရထားတဲ့သတင်းအချက်အလက်တွေအရ ကင်ဂျုံနမ်းဟာ ငွေတွေရရှိခဲ့ပုံပဲ’ လို့ မလေးရှားအရာရှိတစ်ဦးက အာဆာဟိကိုပြောပါတယ်။ သည်သတင်းအဆိုအရတော့ မလေးရှားဘဏ်တွေကနေ ငွေထုတ်သွားတဲ့မှတ်တမ်းတွေမရှိဘူးလို့လည်း သိရပါတယ်။ ကင်ဟာ မြောက်ကိုရီးယားသံတမန်ပတ်စ်ပို့နဲ့ ခရီးသွားလာနေသူဖြစ်တာကြောင့် လေဆိပ်အကောက်ခွန်ရုံးမှာ သည်ငွေတွေပါကြောင်း ဖွင့်ဟကြေညာစရာမလိုပါဘူး။

ချိုလေးငယ်(Kumudra)

No comments:

Post a Comment