Latest News

Wednesday, June 14, 2017

ထရမ့်ရဲ့တွစ်တာစကားကြောင့် နယူးယောက်ကို ဖျက်ဆီးပစ်မယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်

ထရမ့်ရဲ့တွစ်တာစကားကြောင့် နယူးယောက်ကို ဖျက်ဆီးပစ်မယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်

သည်နှစ်အစောပိုင်းက သမ္မတဒေါ်နယ်ထရမ့် တွစ်တာမှာရေးသားထားတဲ့မှတ်ချက်စကားတစ်ခွန်းနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဟာ ထရမ့်ရဲ့ဇာတိမြို့ နယူးယောက်ကို ဖျက်ဆီးပစ်မယ်လို့ အချိန်နောက်ကျ ပြီးမှ တုံ့ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင် ရိုဒေါင်ဆင်မွန်းသတင်းစာထဲမှာ ထရမ့်သမ္မတ မဖြစ်ခင်တွစ်တာမှာရေးသားခဲ့တဲ့ ရေးသားချက်တစ်ခုကို ညွှန်းဆိုဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။ အဲ့သည့်အချိန်က ထရမ့်က အမေရိကကိုရောက်နိုင်စွမ်းရှိတဲ့ နျူထိပ်ဖူးတပ်တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM)ကို မြောက်ကိုရီးယားတီထွင်မယ့်အစီအစဉ်က ဖြစ်လာမှမဟုတ်ဘူးဆိုပြီး ရေးသားထားတာပါ။

အဲ့သည့်အချိန်ကစပြီး ထရမ့်ဟာ မြောက်ကိုရီးယားရဲ့ ခြောက်ကြိမ်မြောက်နျူလက်နက်စမ်းသပ်မှု မလုပ်နိုင် အောင်တားမြစ်ဖို့အတွက် ဒေသတွင်းမှာ ရေတပ်လက်နက်အင်အားတွေတိုးချဲ့ချထားခဲ့ပါတယ်။ ထရမ့်ဟာ အမေရိကပြည်မကြီးထိရောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်မျိုး မြောက်ကိုရီးယား တီထွင်နေတာ နောက်ဆုံးအဆင့်ထိဘယ်တော့မှရောက်မှာမဟုတ်ဘူးဆိုပြီး သည်နှစ်ဆန်းပိုင်းက လေလုံးထွားပြောဆို ခဲ့တယ်လို့ သည်ဆောင်းပါးထဲမှာ ရေးသားဖော်ပြထားပါတယ်။ ဆောင်းပါးမှာ ဆက်ပြီးရေးသားထားတာက မြောက်ကိုရီးယားက စမ်းသပ်လုပ်ဆောင်နေတဲ့ သည်မဟာဗျူဟာမြောက်လက်နက်တွေအရ ICBM ကို စမ်းသပ်ပစ်လွှတ်မှုဟာ သိပ်ပြီးမဝေးတော့တဲ့အနေအထားကို ရောက်နေပြီဆိုတာ သက်သေပြလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ထရမ့်ရဲ့တွစ်တာမှတ်ချက်စကားက မြောက်ကိုရီးယားဟာ နျူထိပ်ဖူးသယ်ဆောင်နိုင်တဲ့ ICBM ဒုံးကျည် တစ်စင်းကို တီထွင်တာနောက်ဆုံးအဆင့်ရောက်နေပြီဆိုပြီး သည်နှစ်အစောပိုင်းက မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းရဲ့ ကြေညာချက်ကို ကိုးကားရေးသားထားတာပါ။ မြောက်ကိုရီးယားဟာ သည်လိုလက်နက်မျိုး တစ်ခါမှမစမ်းသပ်ဖူးသလို မဟာဗျူဟာလေ့လာရေးဆိုင်ရာ နိုင်ငံတကာအင်စတီကျုက မိုက်ကယ်အယ်လီမန်းလို ပညာရှင်တွေကလည်း သည်နိုင်ငံဟာ အနည်းဆုံး ၂၀၂၀ ဒါမှမဟုတ် သည့်ထက် ပိုနောက်ကျတဲ့အချိန်ထိတိုင်အောင် သည်လက်နက်မျိုးကို ပစ်ခတ်နိုင်မယ်လို့ မယူဆထားကြပါဘူး။

သည်လက်နက်မျိုးကို အနည်းဆုံးစမ်းသပ်ပစ်ခတ်မှုပေါင်းအကြိမ် ၂၀ မလုပ်ဘဲ မပစ်နိုင်ဘူးလို့ ယုံကြည်ထား ကြပါတယ်။ မြောက်ကိုရီးယားဟာ အခုထိတော့ တာလတ်ပစ်ဒုံးကျည်(IRBM) စမ်းသပ်မှုတွေကိုသာ အမှီ လုပ်ဆောင် နေသေးပေမယ့် သိသာတဲ့အခက်အခဲတွေနဲ့ဆက်ပြီးရင်ဆိုင်နေရဆဲဖြစ်တာကြောင့် ICBM ဒုံးကျည် ထုတ်လုပ်မှုကိုကူးပြောင်းဖို့ကတော့ လတ်တလောစမ်းသပ်မှုတွေအရ အောင်မြင်ဖွယ်မရှိနိုင်သေးပါဘူး။ ဒါ့အပြင် လူဦးရေ ၈ သန်းကျော်ရှိတဲ့ နယူးယောက်မြို့ဟာ ဟိုအရင် ကင်အစိုးရအဖွဲ့ဝင်ဟောင်းတွေ ခြိမ်းခြောက်ခဲ့ဖူးတဲ့ လော့စ်အိန်ဂျလိစ်လိုမျိုး အနောက်ဘက်ကမ်းရိုးတန်းကအဓိကမြို့တွေနဲ့စာရင် မြောက်ကိုရီးယားနဲ့ အလှမ်းကွာဝေးတာကြောင့် ပြုံးယမ်းအစိုးရအတွက် ပစ်မှတ်တစ်ခုဖြစ်လာနိုင်ဖွယ် မရှိပါဘူး။

ချိုလေးငယ်(Kumudra)

No comments:

Post a Comment