မူလတန်း၊ အလယ်တန်း ကျောင်းသားများ ယာဉ်စီးခ ကျပ် ၁၀၀ သတ်မှတ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း အထက်တန်းနှင့် အထက်ကျောင်းသားများမှလွဲ၍ အခြေခံပညာ ကျောင်းသားများ အားလုံး YBS တံဆိပ်တပ်ယာဉ်များ စီနင်းရာတွင် ယာဉ်စီးခ ကျပ် ၁၀၀ သာ ကောက်ခံမည် ဖြစ်ကြောင်း ဇွန်လ ၃ ရက်က ပြုလုပ်သည့် ယာဉ်လိုင်းအစည်းအဝေးတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်သည့် ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။
ကျောင်းဖွင့်ရာသီတွင် YBS တံဆိပ် တပ်ယာဉ်လိုင်းစီးနင်းကာ ကျောင်းတက်ရမည့် မူလတန်း၊ အလယ်တန်းကျောင်းသူ၊ ကျောင်းသားများ ယာဉ်စီးခ ကျပ် ၁၀၀ ကောက်ခံရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံ ညွှန်ကြားထားကြောင်း ဒေါ်နီလာကျော်၏ ပြောဆိုချက်ကို ကိုးကား၍ ၎င်းတို့က ဆက်လက်ပြောဆိုသည်။
“ကလေးငယ်တွေ ကျောင်းသွားတာ အဆင်ပြေအောင်၊ မိဘတွေ ဝန်ထုပ်ဝန်ပို မဖြစ်အောင် ရည်ရွယ်ပြီး ဝန်ကြီးက ညွှန်ကြားတာ ဖြစ်တယ်” ဟု အဆိုပါ အစည်းအဝေးသို့ တက်ရောက်သည့် Power Eleven ကုမ္ပဏီ ဥက္ကဋ္ဌ ဦးတရုတ်လေးက ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က တရားဝင် စာထုတ်ပြန်မည် ဖြစ်ကြောင်းနှင့် ရက်အတိအကျ မပြောဆိုနိုင်သေးကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။
ကျောင်းသူ၊ ကျောင်းသားများ အတွက် ယာဉ်စီးခ လျှော့ကောက်ခြင်းမှာ ကောင်းမွန်သည့် လုပ်ဆောင်ချက် ဖြစ်သော်လည်း အများလိုက်နာရန် လိုအပ်ပြီး ကုမ္ပဏီပုံစံဖြင့် YBS ယာဉ်လိုင်းများ ပြေးဆွဲနိုင်သည့် အချိန်ရောက်မှသာ သတ်မှတ်ချက်များကို ယာဉ်လုပ်သားများ အားလုံးလိုက်နာမည် ဖြစ်ကြောင်း YBS ၆၄ ယာဉ်အကူ ဦးအောင်ဇော်မင်းက ပြောကြားသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment