ဗုံးခွဲမှုကြောင့် သေဆုံးသူ ၁၅၀ အထိ မြင့်တက်လာချိန်တွင် အာဖဂန်သမ္မတက တာလီဘန်အဖွဲ့ကို ရာဇသံပေး
ပြီးခဲ့သောသီတင်းပတ်တွင် အာဖဂန်မြို့တော် ကဘူး၌ ထရပ်ကားဗုံးခွဲမှုကြောင့် သေဆုံးသူအရေအတွက်သည် ၁၅၀ အထိ မြင့်တက်လာခဲ့ချိန်တွင် အာဖဂန်သမ္မတ အက်ရှရက်ဂါနီက တာလီဘန်အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လက်ခံရန်နှင့် မဟုတ်ပါက နောက်ဆက်တွဲဆိုးကျိုးများ ခံစားရမည်ဖြစ်ကြောင်း ဇွန် ၆ ရက်တွင် ရာဇသံပေးခဲ့သည်။ ၂၀၀၁ ခုနှစ်နောက်ပိုင်း ကဘူးတွင် လူသေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် ယင်းဗုံးခွဲမှုအတွက် ဂါနီသည် ဝေဖန်ပြစ်တင်ခံနေရသည်။ ထို့ပြင် မလုံခြုံမှုများ ဆိုးရွားလာခြင်းအား စိတ်ပျက်နေသူများက အစိုးရအဖွဲ့နုတ်ထွက်ပေးရန် တောင်းဆိုနေချိန်တွင် မြို့တော်၌ ဆန္ဒပြမှုများနှင့် လမ်းပေါ် ပဋိပက္ခများလည်း ဖြစ်ပွားနေခဲ့သည်။
သံချပ်ကာယာဉ်များက လမ်းပေါ်တွင် ကင်းလှည့်နေပြီး တိုက်လေယာဉ်များက ဝေဟင်တွင် ပျံသန်းနေသည့် လုံခြုံရေးထူထပ်စွာဖြင့် ကဘူးတွင် ကျင်းပခဲ့သော နိုင်ငံပေါင်း နှစ်ဒါဇင်ခန့် တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာညီလာခံ၌ ဂါနီက ငြိမ်းချမ်းရေးအတွက် ခိုင်မာသောမေတ္တာရပ်ခံမှု ပြုလုပ်ခဲ့သည်။ “ငြိမ်းချမ်းရေးအတွက် ကျုပ်တို့ ကမ်းလှမ်းတယ်။ ဒါပေမဲ့ ဒါက ကြိုတင်သတ်မှတ်ချက်မရှိတဲ့ ကမ်းလှမ်းမှုမျိုးတော့ မဟုတ်ဘူး” ဟု ဂါနီက ပြောကြားခဲ့သည်။ “အချိန်မရှိတော့ဘူး။ ဒါ နောက်ဆုံး အခွင့်အရေးပဲ။ အဲဒီအခွင့်အရေးကိုယူရင်ယူ ဒါမှမဟုတ် နောက်ဆက်တွဲတွေကို ရင်ဆိုင်ဖို့ ပြင်ထားပါ” ဟု ၎င်းက သတိပေးခဲ့သည်။
တာလီဘန်အဖွဲ့၏ ကိုယ်စားလှယ်ရုံး ဖွင့်ခွင့်ပေးရန်လည်း ဂါနီကကမ်းလှမ်းခဲ့ပြီး အနာဂတ်ဆွေးနွေးပွဲများ ကျင်းပမည့်နေရာအတွက် ၎င်းအနေဖြင့် ပြောင်းလွယ်၊ ပြင်လွယ် ရှိကြောင်း ပြောကြားခဲ့သည်။ Kabul Process ဟုလည်း ခေါ်သည့် ယင်းညီလာခံအား တုံ့ပြန်သည့်အနေဖြင့် တာလီဘန်များက နေတိုးဌာနချုပ်ဟု ၎င်းတို့ဆိုသည့်နေရာသို့ ရော့ကတ်တစ်စင်း ပစ်လွှတ်ခဲ့သည်။ ယင်း ရော့ကတ်သည် အိန္ဒိယသံအမတ်၏ နေအိမ်ဝင်းထဲ ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သူ မရှိဟု သိရသည်။
သမ္မတနန်းတော်နှင့် ပြည်ပသံရုံးများ တည်ရှိသော လုံခြုံရေး အလွန်အမင်းထူထပ်သည့် ကဘူးရှိ သံတမန်ရပ်ကွက်တွင် မေ ၃၁ ရက်က ကြီးမားသော ထရပ်ကားဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၉၀ ရှိသည်ဟု တာဝန်ရှိသူများက ယခင်က ထုတ်ပြန်ခဲ့သည်။
သို့သော် သေဆုံးသူအရေအတွက်သည် ၁၅၀ အထိ မြင့်တက်လာခဲ့သည်ဟု ဂါနီက ကြေညာခဲ့ပြီး ယင်းကဲ့သို့ တစ်ရှိန်ထိုး မြင့်တက်ခဲ့ရသည့် အကြောင်းအရင်းကိုမူ မရှင်းပြခဲ့ပေ။
အာဖဂန်တာဝန်ရှိသူများသည် ယခင်ကလည်း သေဆုံးထိခိုက်သူအရေအတွက်ကို ကနဦး၌ လျှော့ချထုတ်ပြန်လေ့ရှိသည့် အစဉ်အလာရှိခဲ့သည်။
ယင်း ဗုံးခွဲတိုက်ခိုက်မှုအား ဒေါသထွက်နေသည့် ရာနှင့်ချီသော ဆန္ဒပြသူများနှင့် ရဲများအကြား ဇွန် ၂ ရက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူလေးဦး ထပ်မံသေဆုံးခဲ့ရကြောင်း သိရသည်။
ယင်းဗုံးခွဲမှုဖြစ်ပွားခဲ့သည့် နေရာတွင် ဆန္ဒပြသူများက ဇွန် ၆ ရက်တွင် ငါးရက်မြောက် ထိုင်သပိတ်ဆင်နွှဲခဲ့ပြီး အမျိုးသားလုံခြုံရေးအကြံပေး Hamif Atmar အပါအ၀င် လုံခြုံရေးထိပ်တန်း တာဝန်ရှိသူများအား ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ပြိုင်ဘက်လူမျိုးစုအဖွဲ့များအကြား တင်းမာမှုဆိုးရွားစေခဲ့သော ယင်းဗုံးခွဲတိုက်ခိုက်မှုအား တာလီဘန်မဟာမိတ် ဟက်ကာနီ ကွန်ရက်က လုပ်ဆောင်ခဲ့သည်ဟု အာဖဂန်အစိုးရက စွပ်စွဲထားသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment