Latest News

Monday, June 26, 2017

အာဏာရှင်ကြီး ဗိုလ်နေ၀င်း၏ ဇနီးတော်များရာဇ၀င်(၂) -သန်းဝင်းလှိုင်

အာဏာရှင်ကြီး ဗိုလ်နေ၀င်း၏ ဇနီးတော်များရာဇ၀င်(၂) -သန်းဝင်းလှိုင်

တတိယဇနီးတော်

            ဒေါ်ခင်မေသန်းသည် ခွဲစိတ်ကု ဆရာဝန်ကြီးနှင့် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာဘသန်း နှင့် ဒေါ်ခင်ကြည် တို့မှ ၁၉၂၇ ခုနှစ် သြဂုတ်လ ၁၆ရက် အင်္ဂါနေ့တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။ ဒေါ်ခင်မေသန်း သည် မွေးချင်း သားသမီး သုံးဦးအနက် ဒုတိယမြောက်သမီး ဖြစ်သည်။ ဒေါ်ခင်မေသန်း၏ အစ်ကိုနှင့် ညီမများမှာ ဂျော့ဘသန်း ခေါ် ဒေါက်တာကျော်သန်း (ဆီးအိမ်နှင့် ကျောက်ကပ် အထူးကုဆရာဝန်)နှင့် ခင်မေအေး (သွားဘက်ဆိုင်ရာ ဆေးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ အောင်သန်း၏ဇနီး) တို့ဖြစ်ကြသည်။

ဒေါ်ခင်မေသန်းသည် ငယ်စဉ်က ရန်ကုန်မြို့ စိန့်ဂျွန်း ကွန်ဗင့် အမျိုးသမီး ကျောင်းတွင် ပညာသင် ကြားခဲ့ပြီး ဂျပန် ခေတ်တွင် ဖခင်စီမံအုပ်ချုပ်ခဲ့သော ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ၁၉၄၄ခုနှစ်မှစ၍ သူနာပြုဆရာမ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်ပြီးခေတ်တွင် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မြို့တော် ကက်သလစ် တက္ကသိုလ်တွင် လည်းကောင်း၊ သူနာပြု ပညာရပ်သင်ကြားရေး၊ သူနာပြုဆရာမ အတတ်သင်ပညာရပ်များကို အစိုးရ ပညာတော်သင် အဖြစ် တက်ရောက် သင်ကြားခဲ့သည်။ ၁၉၆၇မှ ၁၉၇၂အထိ  မြန်မာနိုင်ငံလုံးဆိုင်ရာ သူနာပြု အသင်းကြီး၏ နာယကအဖြစ် တာဝန် ထမ်းရွက်ခဲ့သည်။

ဦးနေ၀င်းနှင့် လက်ထပ်စဉ်က ဒေါ်ခင်မေသန်းသည် ၂၅နှစ်ရှိ၍ ဦးနေ၀င်းသည် အသက်၄၂နှစ်၊ အိမ်ထောင် နှစ်ဆက် ပျက်ခဲ့သူ ဖြစ်သည်။ ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က ဦးနေ၀င်းသည် ဒေါ်တင်တင်နှင့် တရားဝင် မကွာရှင်းရသေးပေ။

  ထို့ကြောင့် လက်ထက်ခဲ့ပြီး သုံးရက် အကြာတွင် မယားဖြစ်သူ ဒေါ်တင်တင်က ၁၉၅၂ခုနှစ် မတ်လ ၁၃ ရက်ထုတ် “ဗမာ့ခေတ်” သတင်းစာမှနေ၍  “ကျွန်မသာလျှင် ဗိုလ်ချုပ်နေ၀င်း၏ မယားကြီးပါ” ဟူသော ခေါင်းစဉ်ဖြင့် ကြေငြာ ခဲ့သည်။

ဗမာ့ခေတ် သတင်းစာပါ ကြေညာချက် အပြည့်အစုံမှ အောက်ပါ အတိုင်းဖြစ်သည်။

“ကျွန်မာသာလျှင် ဗိုလ်ချုပ်နေ၀င်း၏ မယားကြီးပါ။ ဗိုလ်ချုပ်နေ၀င်း၏ မယားကြီး ဒေါ်တင်တင်နှင့် သားနှစ်ယောက်တို့က တိုင်းပြည်သို့ ကြေညာခြင်း”

သတို့သား၊ ပြည်ထောင်စု နိုင်ငံတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေ၀င်းသည် မတ်လ၁၀ရက်က သတို့သမီး ကစ်တီဘသန်းနှင့် လက်ထပ်ထိမ်းမြှားခဲ့ပြီး ဖြစ်သဖြင့် သတို့သား၏ မယားကြီးဖြစ်သူ ဒေါ်တင်တင်က အောက်ဖော်ပြပါ ၁၉၅၂ မတ်လ၁၄ရက်နေ့စွဲ ကြေညာချက်ဖြင့် တိုင်းပြည်အား တိုင်တည်လိုက်လေသည်။

ဗိုလ်ချုပ်နေ၀င်း၏ ဇနီးအကြီး ဒေါ်တင်တင်နှင့် သားကိုငွေစိုး၊ ကိုအေးအောင်တို့၏ တိုင်ကြားချက်

နိုင်ငံတော် သမ္မတကြီး အမှူးပြု၍ နိုင်ငံတော် ၀န်ကြီးချုပ် သခင်နုနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ နိုင်ငံရေး ခေါင်းဆောင်ကြီးများ၊ ဗမာ့တပ်မတော် ရဲဘော်များ၊ ရဲဘော်ဟောင်းများနှင့်တကွ တိုင်းသူပြည်သား မြို့မိမြို့ဖ အပေါင်းတို့အား စစ်သေနာပတိချုပ်၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်နေ၀င်းသည် တပေါင်းလပြည့်နေ့က ရန်ကုန်ဆေးရုံကြီး အတွင်းရှိ ဆေးကျောင်းအုပ်ကြီး ဒေါက်တာသန်းနှင့်ဇနီး ဒေါ်ခင်ကြည်တို့၏ နေအိမ်တွင် ဒေါက်တာဘသန်း၊ ဒေါ်ခင်ကြည်တို့၏ သမီးကြီး ကစ်တီဘသန်းနှင့် လက်ထပ်ခဲ့ပါသည်။

ကျွန်မနှင့် ဗိုလ်ချုပ်နေ၀င်းတို့မှာ လွန်ခဲ့သော ၁၄နှစ်ခန့် မြန်မာသက္ကရာဇ် ၁၂၉၉ခု၊ ဒုတိယ၀ါဆို လဆန်း၁၁ရက် (၁၉၃၇ ဇူလိုင်၁၈) တနင်္ဂနွေနေ့တွင် မောင်ဂိုမာရီလမ်း၊ အိမ်နံပါတ်၁၀၆၌ ဗိုလ်ချုပ်နေ၀င်း၏ ဖခင် ဦးဖိုးခကိုယ်တိုင် နှစ်ဦးနှစ်ဖက် မိဘများရှေ့၌ အတိအလင်း လူသိရှင်ကြား ထိမ်းမြားမင်္ဂလာ လက်ထပ်ပေးခဲ့ပါသည်။ ကျွန်မသည် ကျွန်မ၏ ခင်ပွန်း ယခုကဲ့သို့ ဗိုလ်ချုပ်ဖြစ်လာလိမ့်မည်ဟုလည်း မမျှော်မှန်း မထင်မြင်မိခဲ့ပါ။ အင်္ဂလိပ်ကို ခုခံတိုက်ခိုက်သော မျိုးချစ်နိုင်ငံရေး ခေါင်းဆောင်ကြီးတစ်ဦး အဖြစ်ဖြင့် ကြည်ညိုလေးစားပြီးလျှင် ဆင်းရဲဒုက္ခ အမျိုးမျိုးကို ပျော်ရွှင်စွာ ငုံ့ခံခဲ့ပါသည်။ ထိုခံခဲ့ရသော ဒုက္ခများကို ကျွန်မမပြောလိုတော့ပါ။ အင်္ဂလိပ်လက်ထက် နိုင်ငံရေးသမားများ၏ ဇနီးတိုင်း ကောင်းစွာ ခံစားခဲ့ဖူးကြပါသည်။

ဗိုလ်နေ၀င်း ဂျပန်ပြည် သွားစဉ်အခါက ကျွန်မ၏ သားအကြီး ကိုငွေစိုးမှာ ၂နှစ်သားမျှသာ ရှိသေးပါသည်။ ထို၂နှစ်သား ကိုငွေစိုးနှင့် ကျွန်မမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခံခဲ့ရပါသည်။

ဗိုလ်နေ၀င်း ဂျပန်ပြည်က ပြန်လာပြီးနောက် တာဝါလိန်းလမ်း နေအိမ် (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ဖွင့်လှစ်ထားသော အဆောက်အအုံ)တွင် ကျွန်မတို့ မိသားစု ပျော်ရွှင်စွာ အတူနေထိုင်ကြပါသည်။ အဆိုပါအိမ်ကို နောင်တွင် ဗိုလ်ချုပ်အောင်ဆန်း မိသားစုအား ဦးနေ၀င်းက နေထိုင်ခွင့် ပေးခဲ့ပါသည်။ ဂျပန်တော်လှန်ရေးတွင် ကျွန်မနှင့်သား ငွေစိုးတို့မှာ ဂျပန်ရန်ဘေးမှ ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့် လက်မတင်ကလေး လွတ်မြောက်ခဲ့ကြရပါသည်။

မြန်မာပြည်ကြီး လွတ်လပ်ရေးရပြီးနောက် ကျွန်မ၏ ခင်ပွန်းသည် ဗိုလ်ချုပ်ကြီး ဖြစ်လာပါသည်။ ကျွန်မတို့ မိသားစု ၀င်ဒါမီယာ အိမ်အမှတ်၂၁တွင် အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြပါသည်။ ထိုအိမ်မှာပင် သက္ကရာဇ်၁၃၁၀ ပြည့်နှစ် ၀ါဆိုလပြည့်ကျော် ၈ရက် (၁၉၄၉ ဇူလိုင်လ ၁ရက်) တနင်္ဂနွေနေ့တွင် ဒုတိယမြောက် သားအငယ် ကိုအေးအောင်ကို ဖွားမြင်ခဲ့ပါသည်။

ယခုကျွန်မ ယောက်ျားသည် တပေါင်းလပြည့်နေ့ (မတ်လ၁၀ရက်) က ဒေါက်တာဘသန်း၏ သမီး ကစ်တီဘသန်းနှင့် လက်ထပ်ကြပါသည်။ ကျွန်မ၏ ယောက်ျားသည် မည်သည့် မိန်းမကို လက်ထပ်စေကာမူ ကျွန်မ ဒေါ်တင်တင်သာလျှင် မယားကြီး ဖြစ်ကြောင်းကို နိုင်ငံတော် သမ္မတကြီးနှင့်တကွ နိုင်ငံတော် ၀န်ကြီးချုပ် သခင်နု အစိုးရအဖွဲ့ ၀န်ကြီးများ၊ နိုင်ငံတော် ခေါင်းဆောင်ကြီးများ၊ ဗမာ့တပ်မတော် ရဲဘော်ကြီးများ၊ ရဲဘော်ဟောင်းများနှင့်တကွ မြို့မိမြို့ဖ၊ တိုင်းသူပြည်သားတို့အား ကျွန်မ ဒေါ်တင်တင်နှင့်တကွ သားကြီး ကိုငွေစိုး၊ သားငယ် ကိုအေးအောင်တို့က ရိုသေလေးမြတ်စွာ မေတ္တာရပ်ခံ တိုင်ကြားအပ်ပါသည်။

မြို့မိမြို့ဖများ၏ မေတ္တာရိပ်ကို ခိုလှုံလျက်ရှိသော
(ပုံ) ဒေါ်တင်တင် (ဇနီး)
(ပုံ) ငွေစိုး (သားကြီး)
(ပုံ) အေးအောင် (သားငယ်)

ဦးနေ၀င်းနှင့် လက်ထပ်ခဲ့သော ဒေါ်ခင်မေသန်းသည် အပျိုစင် မဟုတ်ပေ။ ၄င်း၏ ပထမ အိမ်ထောင်မှာ ဒေါက်တာ တောင်ကြီး (၀န်ကြီးချုပ်ဦးနု၏ သမီးကြီး ဒေါ်စန်းစန်းနု၏ ခင်ပွန်း ဗိုလ်မှူးသက်တင်၏ အစ်ကို) ဖြစ်ပြီး ၄င်း၏ ပထမအိမ်ထောင် ဒေါက်တာတောင်ကြီးနှင့် သမီး လဲ့လဲ့ဝင်း (ဆရာဝန်) နှင့် အမြွာသမီးများ ဖြစ်ကြသော သီတာဝင်း (အင်ဂျင်နီယာ)နှင့် သော်တာဝင်း (ပါရဂူဘွဲ့ရ)တို့ ထွန်းကားခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး နေ၀င်းသည် ဒေါ်ခင်မေသန်းနှင့် လက်ထပ်ခဲ့စဉ်က ဒေါ်ခင်မေသန်းသည် ပထမ အိမ်ထောင်သည် ဒေါက်တာတောင်ကြီးနှင့် တရားဝင် ကွာရှင်းပြတ်စဲခဲ့ခြင်း မရှိသောကြောင့် မယားခိုးမှု မြောက်ပေသည်။ ခရစ်၁၈၆၁ခုနှစ် မေလ၁ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ ရာဇသတ်ကြီး အခန်း (၂၀) ပုဒ်မ၄၉၄ (လင် သို့မဟုတ် မယား ရှိနေစဉ် ကာလအတွင်း ထပ်မံထိမ်းမြားခြင်း) ၌ -

“မည်သူမဆို အသက်ရှင်သော လင်ဖြစ်စေ၊ မယားဖြစ်စေရှိသည်ဖြစ်၍ နောက်ထပ် ထိမ်းမြားရာတွင်၊ ထိုလင်ဖြစ်စေ၊ ထိုမယားဖြစ်စေ၊ အသက်ရှင်လျှက် ရှိခြင်းကြောင့် ထိမ်းမြားခြင်း အတည်မဖြစ်သော ကိစ္စမျိုး၌ နောက်ထပ် ထိမ်းမြားလျှင်၊ ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် အမျိုးမျိုး ချမှတ်ရမည့်ပြင်၊ ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထိုနည်းတူစွာ ပုဒ်မ ၄၉၅၌လည်း
“မည်သူမဆို၊ နောက်ထပ် ထိမ်းမြားမည့်သူအား၊ အထက်က ထိမ်းမြားခြင်း အကြောင်းကို ထိမ်ချန်၍ တဆက်တည်းဖြစ်သော အထက်ပုဒ်မရှိ ဖော်ပြထားသည့် ပြစ်မှုကို ကျူးလွန်လျှင် ထိုသူကို ဆယ်နှစ်အထိ ထောင်ဒဏ် အမျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါသည်။

တဖန်ပုဒ်၄၉၆၌ -
“မည်သူမဆို၊ မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားလိုသော အကြံဖြင့်ဖြစ်စေ၊ တရားဝင် ထိမ်းမြားခြင်း မမြောက်သည်ကို သိလျက်နှင့် ထိမ်မြားခြင်း အခမ်းအနားကို ခံယူလျှင်၊ ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်အမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်”ဟူ၍ ဖော်ပြထားပေသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်းအား လင်ရှိမယားအား ပေါင်းသင်း လက်ထက်မှုကြောင့် ရာဇသတ်ကြီး ဥပဒေနှင့် တပ်မတော် အက်ဥပဒေဖြင့် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုက အရေးယူရန် ပြင်ဆင်နေစဉ် နိုင်ငံတော် ၀န်ကြီးချုပ်အား ၀ိဓူရ သခင်ချစ်မောင်၊ ဗိုလ်ခင်မောင်ကလေး အပါအ၀င် အခြား နိုင်ငံရေး ခေါင်းဆောင်များက ၀ိုင်းဝန်းဖျောင်းဖျ တားမြစ်ခဲ့သဖြင့် အရေးယူခြင်း မခံရသည့်အပြင် တပ်မတော်မှလည်း ထုတ်မပစ်ခဲ့ချေ။ ဒေါ်ခင်မေသန်းကိုသာ ဒေါက်တာ တောင်ကြီးနှင့် တရားဝင် ကွာရှင်းပြတ်စဲရန် ပြုလုပ်စေခဲ့သည်။

ဤသို့ဦးနု၏ မပြတ်မသတ် လုပ်ဆောင်မှုကြောင့် ဦးနေ၀င်းသည် နောင်တွင် ဦးနုကိုပင် ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် အပြင် စစ်အာဏာရှင် စနစ်ကို ထူထောင်ရန်အတွက် စစ်တပ်ကို တစ်လက်ကိုင်တပ် အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ထိုအချိန်မှစ၍ စစ်အာဏာရှင်စနစ် ပေါ်ထွန်းလာခဲ့သည်။

ဗိုလ်ချုပ်ကြီး နေ၀င်းသည် ဒေါ်ခင်မေသန်းနှင့် လက်ထပ်ပြီးနောက် သမီးစန္ဒာဝင်း၊ သားဖြိုးေ၀၀င်း၊ ကြေးမုံဝင်းတို့ ထွန်းကားခဲ့သည်။

ဗိုလ်ချုပ်ကြီး နေ၀င်းသည် ပထမ အိမ်ထောင်နှစ်ဆက်နှင့် သားသုံးယောက် ထွန်းကားခဲ့ပြီး ဒေါ်ခင်မေသန်းသည် ပထမ အိမ်ထောင်နှင့် သမီးသုံးဦး ထွန်းကားခဲ့သည်။ ၄င်းတို့နှစ်ဦးသည် သမီးနှစ်ယောက်၊ သားတစ်ယောက် ထပ်မံ ထွန်းကားခဲ့သောကြောင့် ရင်းနှီးသူများကို ဒေါ်ခင်မေသန်းက He three,Me three and We three ဟူ၍ နောက်ပြောင်ပြောဆိုခဲ့သည်။

ဦးနေ၀င်းနှင့် ဒေါ်ခင်မေသန်းတို့ သမီး ခင်စန္ဒာဝင်းသည် ငယ်စဉ် ကျောင်းနေစဉ်ကပင် အင်္ဂလိပ်စာ ညံ့သော်လည်း အ.ထ.က (၁) ဒဂုံကျောင်းမှ ဆယ်တန်း စာမေးပွဲကို တစ်နိုင်ငံလုံးတွင် ဒုတိယရရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဆေးတက္ကသိုလ် တက်ရောက်၍ ၁၉၇၆တွင် ရန်ကုန် ဆေးတက္ကသိုလ်မှ M.B.B.S ဘွဲ့ရရှိခဲ့သည်။ ဆေးပညာဘွဲ့ ရရှိခဲ့ပြီးနောက် တပ်မတော်သို့ ၀င်ရောက်၍ ဘွဲ့ရဆရာဝန်အဖြစ် ဒဂုံမြို့နယ်ရှိ အမှတ် (၂) တပ်မတော် ဆေးရုံ (BMH-2) တွင် သာသွားဖွားနှင့် မီးယပ် ဆရာဝန်အဖြစ် အမှုထမ်းပြီး ဗိုလ်မှူးအဆင့်သို့ တိုးမြင့်ခံရသည်။

ယင်းနောက် ဒေါက်တာ ခင်စန္ဒာဝင်းသည် ၁၉၇၆ ဒီဇင်ဘာလတွင် ဗြိတိသျှ တော်ဝင် ဆေးသိပ္ပံ ကောလိပ်၌ ပညာသင်ကြားရန် (MRC-OG) မဟာ ဆေးသိပ္ပံ စာမေးပွဲ ၀င်ရောက်ဖြေဆိုရာ ကျဆုံးခဲ့သည်။ သူနှင့်အတူ ဖြေဆိုသူပေါင်း ၁၄ဦးရှိရာ ၁၁ဦး အောင်မြင်ခဲ့သည်။ စန္ဒာဝင်းနှင့် အပေါင်းအပါ သုံးဦးသာ ကျရှုံးခဲ့သည်။ သမီးဖြစ်သူ အင်္ဂလိပ်စာ ညံ့ဖျင်းမှုကြောင့် ဦးနေ၀င်းသည် ပညာရေး ၀န်ကြီးဌာနအား ခေါ်ယူ၍ အစိုးရကျောင်းများ အားလုံးတွင် သူငယ်တန်းမှစ၍ အင်္ဂလိပ်စာ သင်ကြားရန် အမိန့်ပေးခဲ့သည်။

ဒေါ်ခင်မေသန်း သားဖြိုးေ၀၀င်းသည် ယခုအခါ ရုရှားနိုင်ငံ မော်စကိုမြို့၌ နေထိုင်လျက် ဆိုက်ဘေးရီးယား ဒေသ၌ ရေနံလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ သမီး ကြေးမုံဝင်းမှာ ဆရာဝန်တစ်ဦးဖြစ်ပြီး ဆယ်တန်းအောင်စဉ်က မြန်မာနိုင်ငံ တစ်ခုလုံးတွင် ပထမရရှိခဲ့သည်ဟု သိရသည်။

ထို့နောက် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း၏ ဇနီး ဒေါ်ခင်မေသန်းသည် ကျောက်ကပ် ဝေဒနာ အခြေအနေ ဆိုးရွားလာသောကြောင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဖူလ်ဟင်ဆေးရုံသို့ ၁၉၇၂ စက်တင်ဘာ ၂၉တွင် တက်ရောက်ကုသခဲ့ရသည်။ သို့သော် ရောဂါမှာ သက်သာမှုမရှိဘဲ စက်တင်ဘာ ၃၀ရက် လန်ဒန်စံတော်ချိန် ညနေ၄နာရီ ၂၄မိနစ် (မြန်မာ စံတော်ချိန် ည၁၀နာရီ ၅၄မိနစ်)တွင် ဦးနှောက်သွေးကြောပြတ် ရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒေါ်ခင်မေသန်း၏ နံဘေး၌ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးချစ်မြိုင်နှင့်ဇနီး၊ မြန်မာသံရုံးမှ ပထမ အတွင်းဝန် ဦးသာထွန်း၊ သွားဖက်ဆိုင်ရာ ပညာသင် ဒေါက်တာ အောင်သန်း၊ ဒေါ်ခင်မေအေးနှင့် ဒေါ်ခင်မေသန်းအား လိုက်ပါ စောင့်ရှောက်ကြသည့် ဒေါက်တာ သိန်းသန်းဝင်း၊ ဗိုလ်ကြီး ဒေါ်ရင်မြတို့ ရှိနေကြသည်။

ကြွင်းကျန်သော ရုပ်ကလာပ်ကို ဗိုလ်ချုပ်ကြီးနေ၀င်းသည် မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူလာခဲ့ရာ အောက်တိုဘာ ၄ရက်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။ ကွယ်လွန်ချိန်၌ ပထမ အိမ်ထောင်မှ သမီးများ ဖြစ်ကြသော ဒေါက်တာ မလဲ့လဲ့ဝင်း၊ မသီတာဝင်း (ကိုထွန်းဦး)၊ မသော်တာဝင်း (ကိုစိုးလူကျော်)၊ ခင်စန္ဒာဝင်း (အေးဇော်ဝင်း)၊ မောင်ဖြိုးေ၀၀င်း (ဒေါက်တာ ရင်ရင်နွယ်၊ ယခုကွာရှင်း)၊ မကြေးမုံဝင်း (ဦးအေးသွယ်)တို့ ကျန်ရစ်ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို ၁၉၇၂ အောက်တိုဘာ ၆ရက် သောကြာနေ့ မွန်းလွဲ၁နာရီတွင် မရမ်းကုန်းမြို့နယ် ၇ရပ်ကွက် အေဒီလမ်း (ယခု မေခလမ်း) အမှတ်၂၆ နေအိမ်မှ ကြန်တော သုဿာန်သို့ ပို့ဆောင်၍ ကွယ်လွန်သူ ဖခင်ကြီး ဒေါက်တာ ဘသန်းနှင့် မိခင်ကြီး ဒေါ်ခင်ကြည်တို့၏ ဂူခြေရင်းတွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့လေသည်။

(ဆက်လက်ဖော်ပြပါမည်)

Tomorrow

No comments:

Post a Comment